နှင်းပန်းအိမ် | အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁
‘‘စိတ်ရောင်စုံ’’
တွယ်မှီကာ ခင်းချုံထက်မှာလ
နွယ်ကြီးအာကင်းပုံယှက်တဲ့ပြင်
ဟင်းဂုံရွက်ပေါလိုက်လေ။
ဘူးခရမ်းတွေကလည်း
အထူးတန်းပမာ အသီးအညှာပြွတ်တဲ့အပြင်
ကူးသန်းကာ ခရီးလာဆွတ်ကြရော့ထင်
ကိုင်းညွှတ်လို့နေ။
တမျိုးနော် မိုးမျှော်ငရုတ်သာပ
အခြေစုံရွှေဖရုံကလဲ ပေါပါဘိသနဲ့
ငရုတ်သခွား သလဲလုံးရေ
ရုံးပတီတို့က လွန်စွာသီး
သန်သန်ငယ်လွင်နံနံပင် ကြက်သွန်မြိတ်တွေနှင့်
စမြိတ်စီပါလို့ နှောတဲ့အပြင်
ကန်စွန်းနွယ် ကျွန်းပင်လယ်ကြောမှာဖြင့်
မလပ်မကွာ၊ ပဒပ်စာတို့လဲ ပေါပါဘိသနဲ့
တောတလျှောက် တောတလျှောက်မှာလ
ဟောတခေါက် ဟောတခေါက်ရယ်နှင့်
(ရော့ယူတော့လို့)
ဆန်ကော ဆန်ကောလောက်ရှိပါတဲ့
မုန်လာထုပ်ကြီး …။
(အမည်မသိ ရှေးစာဆို)
ဒီလိုကဗျာထဲက အလင်္ကာ စကားလုံးတွေကို ဖြန့်ခင်းချပြထားတဲ့ လာ-ဟူး-ကြာ ဈေးနေ့လေးကို အမှီပြုပြီး၊ ကျမတို့ ဒုက္ခသည်တွေ ဝမ်းမီးပြဿနာကို ဖြေရှင်းနေရပါတယ်။
အခုလို မိုးဦးမှာ မျှစ်၊ ဇရစ်ရိုး၊ ကညွှတ်၊ ကြက်ဟင်းခါးညွန့်၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ဒညင်းသီး အစရှိတဲ့ ရာသီစာ အသီးအရွက်တွေလည်း အစုံရှိတယ်။ မျှစ်ဆိုရင် အစိမ်း၊ အကျက်၊ အပြုတ် အကုန်ရတယ်။ လှီးချွတ်ထားတဲ့ မျှစ်အစိမ်းပေါ်မှာ ပင်စိမ်းရွက်လေးပုံပြီး၊ ကရင့်အစားအစာ တာလပေါဟင်းချက်ဖို့ အသင့်ပုံထားတာကို မြင်ပြီး စားချင့်စဖွယ် ထမင်းဝိုင်းကို မြင်ယောင်မိတဲ့အထိပါ။ ရာသီစာ ဒီဟင်းက ထမင်းမြိန်တယ်လေ။
သားငါးကတော့ ထိုင်းလူမျိုး ဈေးသည်တွေ မဲဆောက်ကနေ လာရောင်းကြတယ်။ ရေခဲပုံးနဲ့ တင်ဆောင်လာတဲ့
ရေခဲရိုက် သားငါးတွေပဲ ရှိတယ်။ ရေချိုငါး၊ ပင်လယ်ငါး ဘယ်ငါးစားစား ငါးအရသာ အချိုဓာတ် မရှိတော့ဘူး။ ကြာကြာခံအောင် ရေခဲရိုက်ထားတဲ့ ငါးက ဖွယ်ဖွယ်ကြီးနဲ့ ဘယ်လိုမှ စားလို့မကောင်းတာပါ။
အခုလို အချိန်ဆို လယ်ငါးခူ၊ ငါးကျည်း၊ ငါးသစ်တုံး၊ ပုဇွန်ကို ငါးလေးအိုးကပ်ချက်ရင် ခွင်ပေါ်က ချခါနီးမှ ပင်စိမ်းလေးအုပ်ပြီး စားလို့ကတော့ အို … ဘာပြောကောင်းမလဲ၊ ထမင်းဝိုင်းမှာ ခေါင်းတောင် ဖော်နိုင်မှာ မဟုတ်ဘူး။ အဲဒီ ငါးလေးအိုးကပ်ရဲ့ ဟင်းအရသာကို ကျမ လွမ်းနေတော့တာ။
အခုတော့ ထိုင်းနိုင်ငံထွက် ကြက်သားပျော့၊ ကြက်မာသား၊ ကြက်အသည်းအမြစ်ကိုသာ အားထားစားရတော့ မစားချင်တော့ဘူး။ ရောက်ခါစ ဈေးဝယ်တော့ ကျမတို့မှာ အတွက်အချက်တွေ မှားရတဲ့အထိ။ ချိန်ခွင်၊ ပိဿာ၊ ကျပ်သားကိုသာ အသုံးပြုခဲ့တဲ့ ကျမတို့အတွက် ကီလိုချိန်နဲ့ ဝယ်ရတဲ့အခါ အိမ်ရှင်မတွေအတွက် မီးဖိုချောင် စာရင်းဇယား အင်မတန် ခေါင်းစားရတာပါ။
အလုပ်အကိုင် ငွေကြေးရှားပါးတဲ့ ဒုက္ခသည် အိမ်ရှင်မပီပီ ဘာကိုပဲ ဝယ်ဝယ်သင့်တင့်တဲ့ ဈေးနှုန်းနဲ့ရတဲ့ ကုန်ပစ္စည်းကိုပဲ ဝယ်ချင်ကြတာပါ။ ကြက်သွန်နီ တကီလို ထိုင်းဘတ်ငွေဆို ဘတ် ၃ဝ ပေးရတယ်။ မြန်မာငွေဈေး ၃ဝ.၇ဝ ဆိုတော့ ကြက်သွန်နီ တကီလို ၆၅ ကျပ်သားက အိမ်ရှင်မကို နှလုံးတုန်စေပါတယ်။
ဈေးဆိုတာ မြို့နယ်၊ ကျေးရွာရဲ့ နှလုံးခုန်သံပါပဲ။ ဒေသထွက် ကုန်ပစ္စည်းကို ကြည့်ပြီး၊ ဈေးရဲ့ အခြေအနေကို ကြည့်ပြီး လူထုရဲ့ စီးပွားရေးကို ခန့်မှန်းနိုင်ပါတယ်။ သတင်းအချက်အလက်တွေ စုံတဲ့ နေရာကလည်း ဈေးပါပဲ။ ဈေးကြီး
ဈေးသေးသာ ကွာမယ်၊ အနှစ်သာရကတော့ ကွာမယ် မထင်ပါဘူး။
ကျမတို့ ဒုက္ခသည်ဈေးလေးကို တောင်ကုန်းပေါ်ကနေ ကြည့်ရင် ထိုင်းဈေးသည်တွေရဲ့ အမိုးရောင်စုံ ထီးတွေကို မြင်ရတယ်။ တရွရွလှုပ်ရှားနေတဲ့ ဈေးဝယ်တွေရဲ့ ဘဝ အနိမ့်အမြင့်ကလည်း ဈေးခြင်းတောင်းကို ကြည့်ရင် သိနိုင်တယ်လေ။ တောတောင်တွေထဲက ရှာဖွေလာတဲ့ ရာသီစာ အသီးအနှံလေးတွေကို ပုံချရောင်းနေတဲ့ ကရင့်လူမျိုး ကျား/မ၊ လူကြီးလူငယ်တွေကိုလည်း ဝတ်စားဆင်ယင်မှု မျိုးစုံနဲ့ တွေ့နိုင်ပါတယ်။ ထိုင်းလို၊ ကရင်လို ငွေဂဏန်းကို အသုံးပြုပြီး ဈေးခေါ်ကြတယ်။
ဆေးတံကို တွင်တွင်ဖွာပြီး နာနတ်သီး၊ ဒညင်းသီး၊ ဒူးရင်းသီး ရောင်းချနေတဲ့ ကရင့်အမျိုးသမီး ဈေးသည်ကို
မြင်ရတော့ ပန်းချီဆရာ ဦးဝင်းဖေမြင့်ကို သတိရမိတယ်။ ဆရာသာဆို အရောင်မျိုးစုံ သုံးပြီး ဈေးကား
ရေးပါလိမ့်မယ်။ သူ့ပန်းချီကားမှာ အရောင်အပြင် ဈေးသည်တွေရဲ့ အသံတွေပါ ကြားအောင် ရေးမှာပဲ။
ဈေးရက် ၃ ရက်မှာ အစည်ကားဆုံးကတော့ တနင်္လာ-သောကြာပါပဲ။ ပိတ်ရက်ခံတဲ့အတွက် အဲဒီရက်ဆို ဈေးမှာ လူများတယ်။ နောက်ပြီး ကျမတို့ ဒုက္ခသည်စခန်းထဲမှာ ဒုက္ခသည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထူးရင်လည်း လူများတတ်တယ်လေ။
၂ဝဝ၆ ခုနှစ်ထဲက ဒုက္ခသည် လက်ခံတဲ့ အစီအစဉ်ကို ထိုင်းအစိုးရက ရပ်နားထားတာကို မကြာခင် စတင်မယ်။ ၂ဝ၁၁ ဇွန်လအပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း ၉ ခုလုံးရဲ့ ဒုက္ခသည် စာရင်းကို အတည်ပြု စစ်ဆေးမယ်လို့ တာဝန်ရှိသူတွေကို အစည်းအဝေး ခေါ်ပါတယ်။
ကျမတို့ ဒုက္ခသည်တွေကို ပြန်လည်ရှင်းပြတဲ့ အစည်းအဝေးလည်း ဇွန် ၁ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ပါတယ်။ ဇွန် ၂ ရက်နေ့ကစပြီး ဒုက္ခသည်တွေကို အိမ်နံပါတ်အလိုက် မိသားစုဓာတ်ပုံ ရိုက်မယ်၊ အဆင်သင့် လူစုထားဖို့
နှိုးဆော်ပါတယ်။
တတိယနိုင်ငံ ထွက်ခွါမယ့်သူရဲ့ အိမ်မှာ ဒုက္ခသည် လူသစ်စာရင်း ပေါက်ရင် နေခွင့်ရှိမယ်၊ လူသစ်စာရင်း မပေါက်ရင် အဲဒီအိမ်ကို ဖျက်ပစ်ရမယ်။ မြေကွက်မှာ သစ်ပင်စိုက်ထားရမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့ပါတယ်။
ဒီလို သတင်းက ပျားအုံကို တုတ်နဲ့ ထိုးလိုက်သလိုပါပဲ။ ဒုက္ခသည်စခန်း တခုလုံးပျား ပန်းခတ်သွားတော့တယ်။
ဈေးလေးကလည်း အရင်ထက် ပိုစည်ကားလာတယ်။ ထိုင်းဈေးသည်တွေရဲ့ အမိုးရောင်စုံ ထီးလေးတွေက ပိုပြီး အရောင်စုံလာတယ်။ ကျမတို့ ဒုက္ခသည်တွေရဲ့ စိတ်ကူးတွေလိုပဲ။
ဈေးဆိုတဲ့အတိုင်း သတင်းစုံတယ်။ ဒီဈေးနေ့မှာပဲ တွေ့ချင်မြင်ချင်သူကို စောင့်တယ်။ သတင်းဖလှယ်တယ်။ မိတ်ဆွေဖွဲ့တယ်။ ကိုယ်ပြောချင်တာ သူပြောချင်တာတွေကို သတင်းလုပ်ပြောတာလည်း ရှိတယ်။ ခံစားမှု ထည့်ပြောတာလည်း ရှိတယ်။ ဘယ်လိုပဲပြောပြော သတင်းကိုတော့ စိစစ်ကြတယ်။ ဝါရင့်ဒုက္ခသည်တွေ
ဖြစ်နေကြပြီကိုး။ ဒါပေမဲ့ ဒုက္ခသည်တွေက ဘာနဲ့တူသလဲဆိုတော့ ချဲအတိတ်စိမ်း ပေးသလိုပဲ။ မပေါက်ရင်နေ
ပြောသာပြော စိတ်မဆိုးဘူး။ အဓိကက ဂဏန်းပေးဖို့ပဲ။ ဂဏန်းမငြိမ်ခင် အလျော်အစား လုပ်နေရတာ ဒုက္ခသည်ပါ။
ငွေနဲ့ အလျော်အစား လုပ်ရတာ မဟုတ်ဘူး။ စိတ်ခံစားမှုနဲ့ လုပ်ရတာ။
အခု လူစစ်တဲ့ အချိန်မှာ သတင်းတွေ ထွက်ပေါ်နေတာကတော့ ဒုက္ခသည်တွေကို သုံးမျိုးသုံးစား ခွဲမယ်တဲ့။
မြန်မာပြည် ပြန်ချင်သူက ပြန်၊ ဒီမှာ နေသူကို ထိုင်းတောင်ပေါ်သားကဒ် ပေးမယ်။ နေခွင့်ရသူက ထိုင်းမှာနေ။ တတိယနိုင်ငံကို သွားခွင့်ရသူက သွားရမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။
ခြားနားတဲ့ ဓလေ့ထုံးစံတွေ၊ ခြားနားတဲ့ ပတ်ဝန်းကျင်၊ ခြားနားတဲ့ အတိတ် အသီးသီးတွေ ရှိတဲ့ ဒုက္ခသည်တွေကတော့ စိတ်ရောင်စုံနဲ့ ရှေ့ခရီးအတွက် မျှော်လင့်နေကြလေရဲ့ …။
No comments:
Post a Comment