Friday, June 10, 2011

ဂန္တဝင်ကို အသက်သွင်းတဲ့ ဆူးငှက်

ဖနိဒါ

(စာရေးဆရာ ဆူးငှက်နှင့် အင်တာဗျူး)

အစိုးရသစ် လက်ထက်တွင် စာရေးဆရာ ဆူးငှက်စီစဉ်သည့် “ ဗုံလေးလုံး သံစဉ် ဂန္တဝင် အကပဒေသာ” ဗီစီဒီ ထုတ်ဝေဖြန့်ချိမှုကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ရုပ်ရှင်ဆင်ဆာ ဘုတ်အဖွဲ့မှ ဖြတ်တောက်မှုများ ရှိခဲ့သည်ဟု ဆရာဆူးငှက်က ပြောသည်။

၂ဝ၁ဝ နှစ်ဆန်းပိုင်းအတွင်း ပြန်ကြားရေး လက်အောက်ရှိ မြန်မာ့ယဉ်ကျေးမှု ဆင်ဆာဘုတ်အဖွဲ့ထံ တင်ပြခဲ့ရာ ဆင်ဆာဘုတ်အဖွဲ့မှ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့မှုကို စာရေးဆရာ ဆူးငှက် ကိုယ်တိုင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ဆင်ဆာအဖွဲ့အား ၃ ကြိမ် ပြန်လည် ရှင်းပြခဲ့ပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ခွင့်ပြုခဲ့ရာ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် စတင် ဖြန့်ချိခဲ့သည်။

ဆူးငှက်သည် ၂ဝဝ၇ ခုနှစ် အတွက် “တိမ်ယံ အိပ်မက် မိုးထက်နရီ” ဝတ္ထုဖြင့် အမျိုးသား စာပေဆု ဝတ္ထုရှည်ဆုကို ရရှိခဲ့သူ ဖြစ်သည်။

ဝဏ္ဏကျော်ထင်ဘွဲ့ရသူ အငြိမ့်မင်းသမီး သြဘာသောင်း တရားဝင် သုံးစွဲခဲ့သည့် အကအဆင့် ၅ ဆင့်ရှိ၊ ကကွက် ၁၂၅ ကွက်မှ အကွက်တိုင်းတွင် “ကဗျာလွတ်” ဆိုသည့် စာသားကို ဆင်ဆာဘုတ် အဖွဲ့က ဖြတ်တောက်ခဲ့မှုများကို သိရှိရန်နှင့် ဗွီစီဒီ တွင်ပါရှိသည့် အကြောင်းအရာများ ထိုဗွီစီဒီ ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်များကို သိရှိနိုင်ရန် စီစဉ်သူ စာရေးဆရာ ဆူးငှက်အား မဇ္စျိမက ဆက်သွယ် မေးမြန်းခဲ့သည်။

ဆင်ဆာဘုတ်အဖွဲ့က ယဉ်ကျေးမှု အငြိမ့်သဘင် ဗီစီဒီခွေကို စိစစ်ခဲ့တဲ့အချိန် ဘယ်လို ခက်ခဲမှုတွေ ကြုံခဲ့ရလဲ။

“ဒီလို လျှောလျှောရှုရှု ဖြန့်ချိနိုင်ဖို့ တနှစ်ကျော်အတွင်းမှာ ပြောရဆိုရင် တင်ပြရင်းညှိနှိုင်းရတဲ့ ကိစ္စတွေ အတွက်တော့ ပင်ပန်းတာပေါ့။ ဖြစ်စေချင်တာက တကယ်တမ်းလုပ်ပိုင်ခွင့် ရှိတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်တွေဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်ကြရင် ပိုကောင်းမယ်၊ ဆင်ဆာရဖို့အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းလိုက်ရတာပေါ့နော်”

“၁၉၂၅ ခုနှစ်ကတည်းက ထောင်ခဲ့တဲ့ အသင်းက တီးလာခဲ့တဲ့ တီးလုံးတွေကို ၁၉၆၁ ခုနှစ်လောက်ကတည်းက တီးခဲ့တဲ့ သီးလုံးတွေကို မှတ်သားထားတဲ့ International Note တွေကို လက်မှတ်ထိုးထားတာတွေ၊ ရက်စွဲတွေကို ကော်ပီယူပြီး ရွာစားကြီး စိန်ဗေဒါ တီးခဲ့တဲ့ Note တွေကို ပြန်တီးတာပါလို့ ပြောတော့မှ လက်ခံတာပေါ့လေ။ အစက မကြားဘူတော့ ထောက်တာပေါ့”
ဒီခွေထဲက ရုပ်၊ သံတွေနဲ့ စာသားတွေကို ဘယ်လိုဖြတ်တောက်ခဲ့လဲ။

“ကကွက်တွေ ၅ ဆင့် တဆင့်ကို ၂၅ကွက်ဆိုတော့၊ ၁၂၅ ကွက် ကပြီးရင် အဲဒီကကွက်နဲ့ ပတ်သက်တဲ့ ယိမ်းတွေ၊ တပင်တိုင်အကတွေပါ၊ ၅ ကွက်ကို နောက်ထပ် ပြန်သရုပ်ဖော်တာနဲ့ဆိုရင် ၁ဝ ကြိမ်ပေါ့။ အဲဒီအခန်း ၁ဝ ခန်းကို ထိုးတဲ့ ခေါင်းစဉ်မှာတော့ အရင်က ဒေါ်သြဘာသောင်း ကဗျာလွတ် ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် စာတန်းထိုးတယ်။ အဆင့်တိုင်း အခန်း ၁ဝ ခုက ခေါင်းစဉ်မှာ “ကဗျာလွတ်” ဆိုတဲ့ စာသားကို ဆင်ဆာဘုတ်အဖွဲ့က ဖြုတ်ခိုင်းတယ်။ ၁ဝ နေရာလောက်တော့ ပါမှာပေါ့။ ဒေါ်သြဘာသောင်းရဲ့ အခြေခံအမျိုးသမီးအက ပထမဆင့် ဒီကဗျာလွတ်ဆိုတဲ့ စာသားမှာ ဆရာမကြီး ဒေါ်သြဘာသောင်းက တရားဝင် သုံးစွဲခဲ့တဲ့ စာသားပါ၊ အဲဒီ ကဗျာလွတ်ဆိုတဲ့ နေရာမှာ “ဒေါ်သြဘာသောင်း၏ အခြေခံ အမျိုးသမီးအက”လို့ ပြောင်းသုံးခိုင်းတယ်”

ဘာကြောင့် ဖြုတ်ခိုင်းတယ်လို့ ယူဆလဲ။

"ဆင်ဆာဘုတ်မှာ ၁၇ ယောက်ကနေ ၁ ယောက်က ကန့်ကွက်တာ၊ နောက်တော့ သူတို့အဲဒီလို ထောက်တော့ ညွှန်ချုပ်တွေက သဘောပေါက်တယ်။ ဒါက တိုင်းပြည်အတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ထောက်နေတဲ့အတွက် ပညာရှင်တွေကို ပင့်ဖိတ်ပြီးတော့ အဆုံးအဖြတ် ခံယူတဲ့အခါမှာ လက်ရှိရှိနေတဲ့ ပညာရှင် တချို့ကန့်ကွက်တယ်။ ပုဂ္ဂိုလ်ရေးဆိုတော့ တလျှောက်လုံးက သူတို့ကို ပညာရှင်လို့ အသိအမှတ်ပြုထားတဲ့အတွက် ဒီအခွေ ထွက်လာရင် တော်တဲ့ပညာရှင်တွေ ပေါ်လာကောင်းရဲ့ဆိုပြီး ကန့်ကွက်တာပေါ့"

“ရုပ်ရှင်ဆင်ဆာအဖွဲ့မှာ နားလည်မှု လွဲသွားလို့ပါ။ တီးလုံးတွေ၊ မြန်မာ့ရိုးရာ ရှေးရိုးတပင်တိုင်အက တီးလုံးတွေကို မန္တလေးမှာ မြို့မတူရိယအသင်း ၁၉၂၅ ခုနှစ်ကနေ ထူထောင်ခဲ့တာ အခုဆိုရင် ၈၆ နှစ်ရှိပြီ။ အဲဒီထူထောင်ခဲ့တာက ဆရာကြီး မြို့မငြိမ်း တို့ ခေတ်ကတည်းက တီးခဲ့တဲ့ တီးလုံးတွေပေါ့။ ဘုရင်ခေတ်ကတည်းက ဆိုင်းဆရာကြီးတွေ ရွာစားကြီး စိန်ဗေဒါတို့တီးခဲ့တဲ့ တီးလုံးတွေကို မြို့မငြိမ်းတို့ တလျှောက်လုံး တီးခဲ့တဲ့ တီးလုံးနဲ့ ကတဲ့အကပါတယ်။ အဲဒီတီးလုံးကိုလည်း မကြားဘူးတော့ တချို့တီးလုံးတွေ ထောက်တာပေါ့လေ၊ ဒါရှေ့ရိုး မဟုတ်ဘူး။ ဒီဘက်ခေတ်က ထွင်ထားတာ ဖြစ်တယ်ဆိုပြီး ထောက်ပြတာပေါ့”
ဗီစီဒီခွေကို ဘယ်လို တင်ဆက်ထားတာလဲရှင့်။

“ကဗျာလွတ်ကကွက် ၅ ဆင့် ၁၂၅ ကွက်ကို အခြေခံပြီးတော့ ဗမာဂန္တဝင်ကကွက်တွေ ကလို့ ရတယ်ဆိုတဲ့ဟာကို ယိမ်းတွေ၊ အငြိမ့်ခန်းတွေတို့ ရိုက်ပြတာပါ”

ဘယ်လို ရည်ရွယ်ချက်ကြောင့် ဒီအငြိမ့်အက ဖြန်ချိဖို့ ရိုက်ကူးဖြစ်တာလဲ။

"သမိုင်းတလျှောက် ဖျောက်ဖျက်ခံထားရပြီးတော့ အခုခေတ် လူငယ်တွေအနေနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ပတ်သက်လာရင် စိတ်ဝင်စားမှု များလာစေချင်တယ်။ အဓိက ကပြတဲ့ ဒေါ်ခင်ဝင်းနွယ်က စာရေးဆရာ ဆူးငှက်ရဲ့ အစ်မအရင်းဖြစ်ပါတယ်။ သူရဲ့ အမျိုးသားကလည်း စာရေးဆရာ ဇော်ပုလဲပါ။ သူကလည်း ဒီအငြိမ်အကကွက်တွေကို ပန်းချီတွေနဲ့ မှတ်တမ်းတင်ထားတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုအက စာအုပ်ထုတ်ဖို့ အခွင့်အရေးမရခဲ့ဘူး။ အဲတော့ ၁၉၈ဝ ခုနှစ်မှာ မန္တလေး ဟံသာဝတီ သတင်းစာတိုက်ရဲ့ စာပေဝိုင်းမှာ စာတမ်းဖတ်ခဲ့တယ်။ သူက ၁၉၈၄ ဆရာဇော်ပုလဲ ကွယ်လွန်ခဲ့တယ်။ ၂ဝဝ၃ ခုနှစ်တွင် ရှေးရိုးသဘင်တိုင်း အကအကြောင်း ကျနော်က စာတမ်းဖတ်ခဲ့တယ်"

အခု ဖြန့်ချိတာ ၁ဝ ရက် ကျော်ပြီဆိုတော့ ဘယ်လောက် အတိုင်းအတာထိ ဒီခွေအပေါ် စိတ်ဝင်စားမှု ရှိကြလဲ။

"စိတ်ဝင်စားမှု နည်းပါတယ်။ ဒါပွင့်ပွင့်လင်းလင်းပြောတာပါ။ မြန်မာ့ရိုးရာ မြန်မာသံ၊ မြန်မာမူတို့ကို စိတ်ဝင်စားမှု နည်းတယ်။ ဘာကြောင့်လည်းဆိုတော့ နောက်ပိုင်း လူငယ်တွေမှာ ရုပ် ဝတ္ထုနောက်ကို တအားလိုက်တယ်။ ခေတ်ပေါ် နည်းပညာဘက်ကို လိုက်တယ်။ သူတို့အဖို့က ရိုးရာယဉ်ကျေးမှုကို အဟောင်းလို့ဘဲ သတ်မှတ်ပြီးတော့ အဟောင်းတွေက သူတို့နဲ့ မဆိုင်သလိုဖြစ်သွားတယ်။ အဲဒါကို ချစ်မြတ်နိုးရမှန်း မသိတော့ဘူး။ လူငယ်တွေ ပိုစိတ်ဝင်စားလာအောင် မြန်မာ့ယဉ်ကျေးမှုကို အခုလို ဖော်ထုတ်မှတ်တမ်းတင်တဲ့အခါမှာ အဆင့်မြင့်မြင့် ဖော်ထုတ်ပြင်ဆင်ဖို့လိုတယ်။ နောက်တခုက သက်ဆိုင်ရာ စာပေစိစစ်ရေးတို့ ဆင်ဆာအဖွဲ့ကလည်း ဒီအပေါ် နားလည် သဘောပေါက်ပြီးတော့ မြန်မြန်ဆန်ဆန် ထွက်လို့ရအောင် ကူညီပေးဖို့လိုတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ဒီလိုလုပ်ငန်းလုပ်ကိုင်သူတွေကို အားပေးချီးမြောက်ဖို့ လိုတယ်။ နိုင်ငံခြားမှာနေတဲ့ အနုပညာရှင် မိသားစုတွေက ပိုစိတ်ဝင်စားမယ်လို့ထင်ပါတယ်။ အင်္ဂလိပ်လိုလည်း ထည့်သွင်းထားပါတယ်"

ကဗျာလွတ် ကကွက်ဆိုတာ ဘယ်လို ဘယ်လိုကကွက်မျိုး ပါလဲ။ ဘာလို့ ကဗျာလွတ် ကကွက်လို့ နာမည်ပေးခဲ့တာလဲ။

“ဗမာအမျိုးသမီးတွေ အခြေခံ ကကွက်တွေကို ဗုံနဲ့ပဲကတယ်။ ဗမာလိုတော့ ဒိုးစစ်နဲ့ ကတယ်။ ဗုံ ၄ လုံးနဲ့ပဲ ကတယ်။ ဘာ မေလိုဒီ၊ စာသားမှ မပါဘူး။ အဲဒီကနေမှ တီးလုံး၊ တီးကွက်တွေ ပြောင်းလာတယ်။ ၁၉၅၃ မှာ ပန်တျာကျောင်း စဖွင့်တယ်။ သူက အကသင်တန်း နည်းပြဆရာမလုပ်တော့ သင်တန်းသာဖွင့်တယ်။ ဘာသင်လို့ သင်ရမှန်းမသိလို့ သူကနေ စိတ်ကူးပေါက်သွားပြီးတော့ ဗုံ ၄ လုံးနဲ့ ဒိုးစစ်တွေ တီးခိုင်းပြီးတော့ ကကြိုးတွေ ထွင်တာ၊ ၃ နှစ်သင်တန်းဆိုတော့ ပထမနှစ် ပထမဆင့်၊ ဒုတိယနှစ်အတွက် ဒုတိယအဆင့်၊ တတိယနှစ်မှာ ၃ အဆင့်ဆိုပြီး ထွင်တာ။ နာမည် မပေးထားသေးဘူး။ ဦးနုအစိုးရ လက်ထက် ၁၉၆ဝ ခုနှစ်ဝန်းကျင်မှာ ရန်ကုန်ရွှေတိဂုံ အနောက်မုတ်မှာ စက်မှုလက်မှု အနုပညာပြပွဲလုပ်ပြီး မန္တလေးသား ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောလေးက ဗုံ ၄ လုံးနဲ့ ကပြခဲ့တဲ့ အကအမည်ကို သီချင်း၊ ကဗျာ၊ စာသားများ မပါဝင်တဲ့အတွက် ကဗျာလွတ် ဆိုပြီး နာမည်ပေးခဲ့တာပါ”

No comments: