ခင်မမမျိုး
ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ကောင်းမွန်သော ပြောင်းလဲမှုလို့ ပညာရှင် ချိန်ဘာစ် ဆိုသူက အဓိပ္ပာယ် ဖွင့်ဆိုခဲ့ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာတာ၊ ကျန်းမာရေး တိုးတက် ကောင်းမွန်လာတာ၊ ပညာရေး တိုးတက်မြင့်မားလာတာ၊ လူ့အဖွဲ့အစည်းတခုလုံးအတွက် အကျိုးရှိမယ့် အောင်မြင်မှုတွေ ရရှိလာတာ စတာတွေအားလုံးကို ဖွံ့ဖြိုး တိုးတက်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။
ဒီလို ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ပညာရှင်တွေက အပိုင်းနှစ်ပိုင်း ထပ်ခွဲပြီး ပြောလေ့ရှိပါတယ်။ ခေတ်မီဖွံ့ဖြိုးလာတာက တပိုင်း ဖြစ်ပါတယ်။ လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုဆိုတာက တပိုင်း ဖြစ်ပါတယ်။
ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှု ဆိုတာက နိုင်ငံတော်ရဲ့ ထုတ်လုပ်မှု နည်းပညာကဏ္ဍတွေမှာ သမားရိုးကျ နည်းပညာတွေကနေ သိပ္ပံနည်းကျ နည်းပညာတွေကို အသုံးပြုလာတာမျိုး ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ဘိုးဘွားအစဉ်အလာအတိုင်း စိုက်ပျိုးမှုတွေကနေ ဈေးကွက်ရှိတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ပြောင်းလဲ စိုက်ပျိုးလာတာမျိုး ဖြစ်ပါတယ်။ လူနဲ့တိရစ္ဆာန်ကို အသုံးပြုထုတ်လုပ်မှုတွေကနေ စက်မှုနည်းပညာကို ပြောင်းလဲအသုံးပြုလာတာမျိုး ဖြစ်ပါတယ်။ တောင်ယာနဲ့ ကျေးရွာတွေကနေ မြို့ပြလူနေမှုအဆောက်အအုံကို ရွှေ့ပြောင်းလာတာမျိုးကို ခေါ်ဆိုတာဖြစ်ပါတယ်။
လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုဆိုတာကတော့ ဒီလိုထုတ်လုပ်မှုဖြစ်စဉ်ကနေ အစပျိုးစဉ်းစားတာ မဟုတ်ဘဲ လူတွေနဲ့ လူတွေရဲ့ လိုအပ်ချက်တွေကို စတင်စဉ်းစားတာ ဖြစ်ပါတယ်။
လူသားလိုအပ်ချက်ကို အခြေပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရှင်တွေက ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို ဒီလို တင်ပြထားကြပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ထုတ်လုပ်မှုတိုးတက်တာ၊ နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှုရာခိုင်နှုန်း မြင့်မားလာတာတွေလောက်နဲ့ တိုင်းတာလို့မရဘူးလို့ သူတို့က ပြောပါတယ်။ လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ လူသားအားလုံးကို ကိုယ်စားပြုသင့်တယ်ဆိုတာကို ထောက်ပြပြောဆိုခဲ့ကြပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုက လူ့အဖွဲ့တွေမှာ ပစ္စည်းချို့တဲ့တာ သိပ်မရှိရဘူး။ လူတိုင်း၊ လူတိုင်းဟာ ကိုယ့်ရဲ့ စားသောက်နေထိုင်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ စွမ်းအားတွေ ရှိနေရမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနေရမယ်။ အလုပ်လက်မဲ့ ရာခိုင်နှုန်းတွေ နည်းနိုင်သမျှ နည်းရပါမယ်။ လူသားတိုင်းမှာ တန်းတူညီမျှမှု ရှိနေရမယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးဆိုတာကလည်း စစ်မှန်တဲ့ လွတ်လပ်ရေးဖြစ်ရပါတယ်။ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ကိုယ့်ကြမ္မာ၊ ကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်ရေးကို ပြောတာဖြစ်ပါတယ်။ ပညာရေးအဆင့်အတန်းတွေကလည်း တိုးတက်မြင့်မားရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေရဲ့ ဘေးဒဏ်ကနေလည်း ကင်းဝေးရမှာဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေအထဲမှာ အရေးကြီးတဲ့ အခြေအနေတရပ်အဖြစ် ပညာရှင်များ ထောက်ပြပြောဆို တာကတော့ အမျိုးသမီးများရဲ့ တန်းတူညီမျှခွင့်ပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ တဝက်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးတွေမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရင်၊ တန်းတူရည်တူအခွင့်အရေးတွေ မရရှိဘူးဆိုရင် ဒါကို လူ့အဖွဲ့အစည်းတခုလုံး တိုးတက်မြင့်မားနေပါပြီလို့ မဆိုလိုနိုင်ပါဘူး။
၂၀ ရာစုနှောင်းပိုင်းကာလတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ စကားလုံးဟာ ကမ္ဘာတဝှမ်းဟာ အရှိန်အဟုန်နဲ့ ထိုးဖောက်နေရာယူလာတာနဲ့အမျှ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုတာကလည်း အရေးပါသော ကဏ္ဍတခု ဖြစ်လာခဲ့ပါတယ်။
ပညာရှင်များက အမျိုးသမီးများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ လိုအပ်ချက်များနဲ့ လက်တွေ့လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်စည်းပေးနိုင်မယ့် စီမံချက်တွေကို ရေးဆွဲတင်ပြလာကြ ပါတယ်။ မဟာဗျူဟာလိုအပ်ချက်ဆိုတာက အစဉ်အလာ၊ ဓလေ့ထုံးစံတွေအရ အမျိုးသားများရဲ့ နောက်လိုက်တွေအဖြစ်သာ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အနေအထားကို ပြုပြင်ပြောင်းလဲရမယ့် လိုအပ်ချက်တွေပါ။ ဒီလိုအပ်ချက်တွေထဲမှာ အဓိကကတော့ အစဉ်အလာ၊ ဓလေ့ထုံးစံတွေက သတ်မှတ်ထားခဲ့တဲ့ အမျိုးသမီးများရဲ့ နောက်လိုက် အခန်းကဏ္ဍကို ဖယ်ရှားပြီး အမျိုးသမီးများနဲ့ အမျိုးသားများ တန်းတူရည်တူ အခွင့်အရေး ရရှိဖို့ ဖြစ်ပါတယ်။
အမျိုးသမီးတွေကို အိမ်တွင်းရေးရာတွေမှာ အဓိက တာဝန်ရှိသူတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အမျိုးသားများက ဝင်ငွေရှာရမယ်၊ အမျိုးသမီးများကတော့ အိမ်မှုကိစ္စတွေ၊ ကလေးသူငယ်ပြုစု ပျိုးထောင်မှုကိစ္စတွေ၊ မိသားစု ကျန်းမာရေး ကိစ္စတွေ၊ ချက်ပြုတ်ရေးကိစ္စတွေ ပြုလုပ်ရမယ်လို့ ဆိုတတ်ကြပါတယ်။ ဒါကြောင့် လက်တွေ့ လိုအပ်ချက်များဖြစ်တဲ့ အစားအစာ၊ သောက်သုံးရေ၊ အမိုးအကာ၊ အသေးစားငွေချေးစနစ်၊ ရပ်ရွာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု စတာတွေကို ဖြည့်ဆည်းပေးဖို့ စီမံချက်တွေလည်း ချမှတ်ဖို့ လိုတယ်ဆိုတာကို ပညာရှင်များက ထောက်ပြခဲ့ကြပါတယ်။
၂၀ ရာစုနှောင်းပိုင်းကာလတွေမှာ စီးပွားရေးအခြေအနေကြောင့် အမျိုးသမီးများလည်း အလုပ်ထွက်လုပ်လာကြပါတယ်။ ဒီအခါမှာ အလုပ်ခွဲဝေမှုပုံစံဟာ ပြောင်းလဲသွားပြီး အမျိုးသားအလုပ်၊ အမျိုးသမီးအလုပ်ဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့်၊ ဓလေ့ထုံးစံ၊ အဆိုအမိန့်တွေရဲ့ အကာအကွယ်ကို ယူပြီး ရေသာခိုအချောင်လိုက်ချင်တဲ့ လူဖျင်းလူညံ့တွေလည်း တချို့သော လူ့အဖွဲ့အစည်းတွေမှာ ကျန်ရစ်နေဆဲပဲ ဖြစ်ပါတယ်။
ဒီလိုလူ့အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးတွေဟာ တာဝန်နှစ်ရပ်လုံးကို ထမ်းဆောင်ရပါလိမ့်မယ်။ ဒါကြောင့် အိမ်တွင်းမှု ထမ်းဆောင်ရာတွေမှာ လွယ်ကူဖို့ လိုအပ်လာပါတယ်။ မြန်မြန်ချက်ပြုတ်နိုင်မယ့် နည်းပညာသစ်တွေ အသုံးပြုနိုင်ခွင့်ရရှိရပါမယ်။ သောက်သုံးရေ အလွယ်တကူ ရရှိရပါမယ်။ သားဆက်ခြားမှု အသိပညာများ ရရှိရပါမယ်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့် ရှိရပါမယ်။
မြန်မာပြည်မှာတော့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်တဲ့ စီမံချက်တွေ ချမှတ်ထားခြင်း မရှိသေးပါဘူး။ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့များကလည်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား မဆောင်ရွက်ဘဲ စစ်အုပ်စုရဲ့ အာဏာတည်မြဲရေး ဝါဒဖြန့်ချိမှုတွေမှာပဲ လက်ကိုင်တုတ်တွေအဖြစ် ပါဝင်ဆောင်ရွက်နေကြပါတယ်။
အခြေခံကျန်းမာရေး စောင့်ရှောက်မှုဆိုတာ မရှိသေးပါဘူး။ သောက်ရေ၊ သုံးရေကိုလည်း အလွယ်တကူမရနိုင်သေးပါဘူး။ ချက်ပြုတ်ရေးမှာ လျှပ်စစ်မီးတောင် ပုံမှန်မရလို့ ညသန်းခေါင် မီးလာချိန်မှ ထမင်းထချက်နေရတဲ့ အဖြစ်ပါ။
မဟာဗျူဟာလိုအပ်ချက်များကို ပြည့်မီဖို့လည်း ဝေးလွန်းလှပါတယ်။ စစ်အုပ်စုကိုယ်တိုင်ကိုက ဓလေ့ထုံးစံ၊ အဆိုအမိန့်တွေကို အသုံးပြုပြီး၊ လူသားတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ တွေးတောခွင့်၊ ရေးသားဖော်ထုတ်ခွင့်စတာတွေကို ဖိနှိပ်နေတာဖြစ်တဲ့အတွက်၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို မဖော်ဆောင်နေသေးပါဘူး။
ယနေ့ခေတ်ကာလမှာ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ နအဖစစ်ခေါင်းဆောင်များ ပြောကြသလို မဟုတ်တော့ပါဘူး။ လမ်း၊ တံတား ဘယ်နှခု ဆောက်လုပ်ပြီးတာ၊ စီးပွားရေး တိုးတက်မှုရာခိုင်နှုန်း ဘယ်လောက်တိုးတက်လာတာ ဆိုတာတွေနဲ့ပဲ တိုင်းတာလို့ မရတော့ပါဘူး။ လူသားတွေရဲ့ လိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာမှ လူ့အဖွဲ့အစည်းရဲ့ တဝက်ကျော် ရှိနေတဲ့ အမျိုးသမီးတွေရဲ့ မဟာဗျူဟာလိုအပ်ချက်တွေ၊ လက်တွေ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်း မဖြစ်မနေ အရေးကြီးလှပါတယ်။
No comments:
Post a Comment