ဇော်ကြီး(ပေါက်တော)
(၂၀၁၀)ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့(World Teachers’ Day) ဖြစ်ပါသည်။ ထိုနေ့ကို ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ပညာသင်ကျောင်းများနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု စင်တာ များတွင် ဆရာများ၏ မြင့်မြတ်လှသော ဂုဏ်ကျေးဇူးကို အထူး ဖေါ်ထုတ်သည့် အခမ်းအနားများကျင်းပလေ့ ရှိကြပေသည်။ သို့အတွက်ကြောင့် စာရေးသူ ကိုယ်တိုင်ကလည်း ဤသို့မြင့်မြတ်လှသော အာစရိယ ဆရာတွေရဲ့ဂုဏ်ကျေးဇူးကိုဖေါ်ကျူးပြလိုအံ့။
“အာစရိယဂုနံ အဟံဝန္တမိ†ဆိုသည့်စကားဖြင့်အစချီပြီး မိမိအား ပြုစု ပျိုးထောင် မြေတောင် မြှောက်ပေးခဲ့သော ကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာများ အားလုံးကို ယခုနှစ် အောက်တိုဘာလ(၅)တွင်ကျရောက်သော ကမ္ဘာ့ ဆရာများ နေ့တွင် မဖြစ်စလောက်သော ဤကျောက်ဆစ်ပမာ ထုဆစ်ပါမှ စာမူဖြင့် လက်စုံမိုး ကန်တော့လိုက်ရခြင်းသည် လူအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်မှုတွင် အခရာကျလှသော ထိုသူတို့၏ တာဝန်သိစိတ်များကို လေးစားခြင်းများဖြစ်ပေသည်။ ယနေ့ ကမ္ဘာကြီးသည် စက်မှုဖွံ့ဖြိုးတိုးတက်သောအဆင့်မှ အိုင်တီနည်း ပညာ အဆင့်သို့ တခေတ်ဆန်းသစ် လာခြင်းသည် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှူ အပေါ်တွင် အခြေခံကျသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ဟု ဆိုလျှင်ကား မှားမည်မထင်ပေ။ သို့အတွက် ထိရောက်သော ပညာရေး စနစ်ကို အကောင်အထည်ဖေါ်ရာတွင် လူငယ် လူကြီးတိုင်း အားလုံးတို့သည် လူ့အဖွဲ့အစည်းတွင် တာဝန်သိစိတ်ဖြင့် ပူးပေါင်းပါဝင်ကြရန်လိုအပ်ပေသည်။ သို့မှသာ ခေတ်မီ ဖွံ့ဖြိုးသော ပညာရေး စနစ်မှသည် အနာဂတ် မျိုးဆက်များ၏ ပညာရေးအသီးအပွင့်များ ဝေဆာ လာပေမည် ဖြစ်သောကြောင့် နိုင်ငံတကာ လူအဖွဲ့အစည်းများ အတွင်းရှိ အသိပညာရှင် အတတ်ပညာရှင်များပူးပေါင်းကာ (၁၉၆၆) ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် လက်မှတ်ရေးထိုးမှု တစ်ခု ပြုလုပ်ခဲ့ကြလေသည်။ အကြောင်းမှာ “ဆရာများ၏ အရည်အသွေးနှင့် သင်ကြားရေးတို့ကိုမြင့်တင်ပေးရန်အတွက် စံချိန်စံညွန်းများ သတ်မှတ်ရန်†သဘောတူ စာချုပ်ဖြစ်လေသည်။
ထိုအထဲတွင်အရေးကြီးသောအချက်များမှာ သင့်လျှော်သော လုပ်ငန်းခွင်အကြို (သို့မဟုတ်) လုပ်ငန်းခွင် အတွင်း ဆရာ အတတ်သင် သင်တန်းများ၊ ကြံ့ခိုင်သော ခေါင်းဆောင်မှု၊ ကျေနပ်ဖွယ် လုပ်ငန်း အခြေအနေများနှင့် ဆီလျှော်သော သင်ကြားမှု၊ အထောက်အကူ ပစ္စည်းများနှင့် ဘက်ပေါင်းစုံ ပေါင်းစည်းထားသော ချဉ်းကပ်နည်း တစ်ရပ် အကောင်အထည် ဖေါ်နိုင်မည့်မူဝါဒများ လိုအပ်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ အထက်ပါ အကြောင်းအရာများကို အခြေခံ၍ အောက်တိုဘာလ(၅)ရက်နေ့ ရောက်တိုင်း ကမ္ဘာ့ဆရာများနေ့ အဖြစ် သတ်မှတ်နိုင်ခြင်းမှာ ယခုကျရောက်သော ထိုနေ့သည် အကြိမ်(၄၄)နှစ်မြောက် ဖြစ်ပေသည်။ သို့သော်လည်း ထိုသင်ကြားမူ ပိုင်းဆိုင်ရာများတွင် အခရာကျလှသော ဆရာတစ်ဆူသည် ဤလူ့လောကတွင် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်ကပင် ပေါ်ထွန်းခဲ့ပြီးလေပြီ ထိုဆရာ သခင်သည် သင်ယူမှု/သင်ကြားမှုပိုင်းဆိုင်ရာနည်းစနှစ်များ လိုက်နာရမည့် ကျင့်ဝတ်များနှင့် စဉ်းစားဝေဖန်ပိုင်းခြားခြင်းဖြင့် အရာရာကိုအောင်မြင်နိုင်သည့် သင်ရိုးညွန်းတန်းကြီးကို လူသားများအတွက် ရေးဆွဲ ပေးခဲ့သည်မှာ ယခုအခါ သမယတွင် ကျရောက်သော အကြိမ်(၄၄)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့တွင် သတ်မှတ်ထားသည့် စံချိန်စံညွန်းများထက် သာလွန် နေပေသည်။
သို့အတွက်ကြောင်း စာရေးသူနှင့်အတူ စာရှုသူ ပရိတ်သတ်များ၊ ဘ၀တူဆရာများအားလုံး အောက်တွင် ဖေါ်ပြထားသော ဗုဒ္ဓ၀င်တစ်ခုကို သင်ရိုးညွှန်းတမ်းတစ်ခု အဖြစ် အခြေခံကာ နှိုင်းယှဉ်စဉ်းစား ကြည့်ကြပါစို့။ “ သုံးလူ့ထွဋ်ထား ဂေါဓမမြတ်စွာဘုရားသည် သာဝတ္တိပြည် ဇေတ၀န် ကျောင်းတော် အတွင်း သီတင်းသုံး နေထိုင်စဉ် အခါက ဝေသာလီပြည်တွင် ဗြဟ္မဏအနွယ်ဝင် ပုဏားတို့နေထိုင်လျှက်ရှိကြ၏။ ထိုအနွယ်ဝင်တို့သည် လာဒ်လာဘများ အပေါ်တွင် အလွန်နစ်လိုဖွယ်ကောင်းသော တရားများကို ဟောပြော စည်းရုံး နေကြသည့်အတွက် ထိုဒေသ အတွင်းတွင် ဗြဟ္မဏအယူဝါဒသည် ကြီးစိုး လျှက်ရှိနေစဉ်။ ဘုရားရှင်သည် ထိုအယူဝါဒအောက်မှ လူသားတို့ လွတ်မြောက်နိုင်ရေး အတွက် နိဗ္ဗာန်ရောက်ကြောင်းတရား ရေအေး အမြစ်ဆေးများဖြင့် လမ်းပြတော်မှုရန်အတွက်ရောက်ရှိလာခဲ့စဉ်ဝယ်။ မြတ်ဘုရားအား ဗြဟ္မန အနွယ်ဝင် မာဂ္ဂဋီယအမည်ရှိသော
ပုဏားသည် နည်းမျိုးစုံဖြင့် ဆေးရဲတိုင်းထွာမှုကို ပြုလေသည်မှာ- “ရှင်ကြီး ဂေါဓမ သင်သည်ငါ့တို့၏ အကျိုးစီးပွားကို ဖျက်စီးသောသူ ငါ့တို့ထံသို့ လာသော လာဒ်လဘများကို တာဆီး ပိတ်ပင်သူ မာယာကြွယ်သူ သင်လို သစ်ခေါက် ဆိုးဆေး ဆို့ထားသော သင်္ကန်းဖြင့် နယ်တကာဖြန့် တောင်းစားနေသော သူတောင်းစားများမဟုတ် သင်သာ ငရဲဘုံအတွင်း ကျရောက် နေသူ†စသည်ဖြင့် မျိုးစုံ ဆေးရဲတိုင်းထွာ ပြီးနောက် “အာရောဂျ ပရမလာဘ†ဟုဆိုကာ ရင်ကိုဖွင့်ပြ၍ ဤသို့ သော ချမ်းသာခြင်းသည် ချမ်းသာမှုအစစ်ဖြစ်သည် နေစဉ်နေ့တိုင်း ငါတို့သည် ဆန်းသစ်သော ကာမဂုဏ်များကို ခံစားမြဲ ခံစား နေရသည်။ သည်ထက်ကောင်းသည် ကာမဂုဏ်သည် တခြားမည်သည့် အရပ် ဒေသတွင်မှမရနိုင် လူ့လောကတွင် သာရရှိနိုင်သည်။ ဤသို့သော ချမ်းသာမူ သည်သာ ချမ်းသာခြင်း အစစ်ဖြစ်၍ ယခုရရှိနေသော စည်းစိမ်ကာမ ဂုဏ်တို့သည် စစ်မှန်သော နိဗ္ဗာန်ဖြစ်၏ ဟုဆိုလေသော်……..
ရှင်တော်မြတ်ဗုဒ္ဓက ဟယ်…မာဂ္ဂဋီယ ငါဘုရားသည် အလောင်းတော်ဘ၀တွင် နန်းပြဿဒ် ဘုံသုံးဆင့်တွင် ရာပေါင်း ထောင်ပေါင်း များစွာသော ရံချွေတော်များဖြင့် ကာမဂုဏ်ကို နှစ်ပေါင်း(၁၃)နှစ်ကြာကြာ ခံစားခဲ့ပြီးပြီး။ ထိုကာမဂုဏ်၏ ညစ်ညမ်းခြင်း ပူလောင်းခြင်း အကြောင်းအရင်းတို့ကို သင့်ထက် ငါပိုသိပြီး ဖြစ်သည်။ သည်အတွက်ကြောင်း ဤမျှလောက် ညစ်ညမ်း ပူလောင်သော ကာမဂုဏ်ကို ငါစွန့် နိုင်ခဲ့သည်။ သင်ခံစားနေရသော စဉ်းစိမ် ကာမဂုဏ်တို့သည် စစ်မှန်သော နိဗ္ဗာန် မဟုတ်သလို အလွန်ညစ်ညမ်းလှသည့် အပူလုံးကြီး ပေတည်း။ ထိုအကြောင်း အရာနှင့် ပတ်သက်၍ ငါ့ဥပမာ ပြရ မည် ဆိုလျှင် သင်သည် နူနာ ရောဂါ စွဲကပ်နေသူနှင့် တူ၏။ နူနာရောသည်တို့သည် အနာယားယံ ကိုက်ခဲ လာသည် ရှိသော် ထိုအနာအား တခဏတာသက်သာစေရန် မီးကင်ခြင်း သံဆူးများဖြင့် မွှေနှောင့်ခြင်းကို ပြုတတ်၏။ ထိုသို့ ပြုမူ ဖန်များ သောကြောင့် နူနာရောဂါသည်ပိုပြီးကျယ်ပြန့်လာကာ ယခင်ကထက်အဆပေါင်းများစွာ ကိုက်ခဲခြင်းကို ဖြစ်ပေါ် လာတတ် သည်။ ယခု သင်လည်း ထိုအတိုင်း ပေတည်းဟု မိန့်မြွက်လေသော် မာဂ္ဂဋီယမှာ လွန်စွာ တုန်လူုပ် ရလေ တော့သည်။ အကြောင်းမှာ သူ၏ ပေါင်းကြားတွင်းဖြစ်ပွားနေသော နူနာရောကို ဇနီးသည် မှလွဲ၍ မည်သူမှ မသိနိုင်ဟု ထင်ထားသော်လည်း ဤရှင်ကြီး ဂေါဓမသည် အရာအားလုံးကို သိလွယ် မြင်လွယ် သည်ဟု အများပြောစကားက မှန်ပေစွ။ သူဟောကြားသည့် တရား ဒေသနာတော်တို့သည် စစ်မှန်ပေစွဟု ဆင်ခြင်သုံးသပ်မိပြီး။ မြတ်ဘုရား ခြေတော် ရင်းတွင် ၀ပ်ချလိုက်ကာ အရှင်ဘုရား တပည့်တော်အား ခွင့်လွတ် တော်မူပါ။ အရှင်ဘုရားရဲ့ နိဗ္ဗာန် ရောက်ကြောင်း တရားကို ဘုရား တပည့်တော် အား ဟောကြား ပေးပါဟု လျှောက်ထားလေသော် ချစ်သား သင်သည် မွေးရာပါ အကန်းနှင့်တူ၏။ ထိုကြောင့် သင့်ဆရာများက သင်ကို ညစ်ညမ်းသော အ၀တ်အထည်များကို ပေး၍ အဖြူထည် ဖြစ်ကြောင်း ပြောလေ၏။ ထိုအခါသင်သည် ထိုအ၀တ်အား ဆင်မြန်းပြီး လူပုံ အလယ်တွင် ၀င့်ကြွားနေစဉ် ဆေးသမား တစ်ဦးက သင်၏ မျက်စိကို လာရောက် ကုသ လိုက်လေသော် သင်၏ မျက်လုံးများသည် အရာ အားလုံးကို ခွဲခြား မြင်နိုင်လာသည့် အတွက် ရှေးယခင်က သင့်အား ညစ်ညမ်း အ၀တ် အထည်များ ပေးခဲ့သော သင်၏ ဆရာဟောင်းများ အပေါ်တွင် ငြိုးမာန်ဖွဲ့ အမျက်ဒေသထားမည် ယခင်က သင်အား မှီခို အားကိုးပြီး အသက်ရှင် နေကြသော သူများအား သင်ပေးကမ်း စွန့်ကြဲမှုကို ပြုတော့မည်မဟုတ်။ သင်၏ နှလုံးသားထဲတွင် အမြဲနာကျင်စွာ ခံစား နေရလိမ့်မည်ဖြစ်သည်။ ထိုအခါ သင့်အား ငါဟောကြား လမ်းညွှန်မည့် နိဗ္ဗာန်ရောက် ကြောင်းတရားသည် အချဉ်းနီးသာ ဖြစ်ပေတော့မည်။ သို့အတွက်ကြောင့် ထိုတရားကို ငါမဟောလိုဟု မြတ်ဘုရားက ဆိုပြန်သော်…..အရှင်ဘုရား တပည့်တော်သည် ထိုသူတို့အား အမျက်ဒေါသလည်း မထား ယခင်က ပေးကမ်းစွန့်ကြဲခဲ့သော အလုပ်ကိုလည်း ဆက်လက် ဆောင်ရွက် ပေးပါမည်ဟု ရှင်တော်မြတ်ဘုရား အား လျှောက်သော်မှ မာဂ္ဂဋီယအား နိဗ္ဗာန်ရောက်ကြောင်းတရား၏ ကျင့်ကြံမူ အဆင့်ဆင့်ကို ပြသပြီးမှ အရဟတ္တဖိုလ် သို့ ဆိုက်ရောက် လေတော့သည်။
အထက်ပါ ဗုဒ္ဓ၀င်တွင် မြတ်ဘုရားသည် အတုမရှိသည့် ဆရာတစ်ဆူအဖြစ်ဖြင့် စာရိတ္တ ပိုင်းဆိုင်ရာ၊ လူမှုရေး ပိုင်းဆိုင်ရာ ဖောက်ပြန်နေပြီး လမ်းမှားကို လျှောက်နေသော မွေးရာပါ အကန်းနှင့်တူသော မာဂ္ဂဋီယ ပုဏားအပေါ်တွင် သတ္တ၀ါများ အပေါ်တွင် ထားရှိသင့်သည့် ဆုံးမသွန်သင်မှု နည်းလမ်း စံညွန်းများသည် ကြံ့ခိုင်သော ခေါင်းဆောင်မှု၊ ကျေနပ်ဖွယ် လုပ်ငန်း အခြေအနေများနှင့် ဆီလျှော်သော သင်ကြားမှု၊ အထောက်အကူ ပစ္စည်းများနှင့် ဘက်ပေါင်းစုံ ပေါင်းစည်းထားသော ချဉ်းကပ်နည်း တစ်ရပ် ဖြင့် အကောင်အထည် ဖေါ်နိုင်မည့် မူဝါဒများမှာ အခရာကျလွန်းလှသည် အပြော မဟုတ် အလုပ်ဖြင့် သက်သေ ပြနိုင်ခဲ့သည်ဟုဆိုနိုင်ပေသည်။
အချုပ်အားဖြင့် ဆိုရလျှင် စာရေးသူနှင့် စာရှုများ အားလုံးတို့သည် နိုင်ငံ တစ်နိုင်ငံ၏ ဆိုးဝါးလှသော စနစ်ဆိုးများ အောက်တွင် သမိုင်းတု သမိုင်းလိမ် များဖြင့် စိတ်ပိုင်းဆိုင်ရာ အနာတရ ဖြစ်စေသည့် ပညာရေး စနစ်ဆိုး အောက်တွင် နာခံမှု(Darkness) ကျင့်ဝတ်ကို လိုက်နာ၍ ကြီးပြင်း လာခဲ့ရပေသည်။ သို့အတွက်ကြောင့် ကျွန်တော်တို့အားလုံးသည် အရာရာတိုင်းတွင် ခေတ်နောက်ကျခြင်း၊ လူ့အသိုင်းအ၀ိုင်း အတွင်း ၀င်ရောက် ဟောပြော ရန်ကို ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ဆုံးဖြတ်ချက် တစ်ခု ပေါ်တွင် အစိုးရိမ် ကြီးခြင်း၊ ယုံကြည်ချက်ကို အကောင်အထည် မဖေါ်နိုင်ခြင်းများ ဖြစ်ခဲ့ရလေသည်။ သို့သော်လည်း အသက်အရွယ်ပိုင်းဆိုင်ရာ အတွေ့အကြုံ ပိုင်းဆိုင်ရာတို့က လူသား တိုင်း အတွက်စဉ်စား တွေးခေါ်မှုများကို မြင့်တင်လာခဲ့ကြသည့်အတွက် လက်ရှိသင်ကြားမူ နယ်ပယ် တိုင်းတွင် ရှိနေ ကြကုန်သော ကျွန်တော်တို့၏ လုပ်ဖေါ်ကိုင်ဖက် ဆရာ/မ များအားလုံးတိုင်း လိုလိုသည် ကလေးများ အပေါ်တွင် အာရုံ စိုက်၍ ပတ်ဝန်းကျင်နှင့်ယှဉ်ထိုး စဉ်းစား တွေးခေါ် တတ်မူကို အခြေခံနိုင်ခဲ့ကြလေပြီ။ အနာဂတ် ရင်သွေးငယ်များ အတွက်လည်း စိန်စီသောလမ်းသို့ လျှောက်လှမ်း နိုင်စေရန် ပေါင်းကူး တံတားများ ထိုးပေးနေကြပေပြီ။ နူနာရောဂါနှင့် တူသော စနစ်ဆိုးများ ကြားမှ နာခံမူဟူသော ကာမဂုဏ်ကို သက်သာစေရန် မီးကင်ခြင်းမှ ကင်းဝေးကြပြီ။ ညစ်ညမ်း ပုဝါအား ဖြူစင်ထည် အဖြစ်လိမ်လေ ပေးကမ်းခြင်းခံခဲ့ရသော ပညာရေး စနစ်ဆိုးမှလည်း ရုန်းထွက်နိုင်ကြပြီ ဝေဖန် ပိုင်းခြား စဉ်းစားမှု အပေါ်တွင် အခြေခံသည့် အတွေးအခေါ် ပိုင်းဆိုင်ရာ ဗဟုသုတနှင့်ပြည့်စုံသော ဥာဏ်ပညာ လက်နက် ကို လက်ကိုင် ထားရှိကြပြီးဖြစ်သည့် အတွက် ထိုလက်နက်ဖြင့် ကျောက်တုံးနှင့် တူသော ရင်သွေးငယ်များ၏ မကောင်း သော အကျင့် အပြုအမူ အနေအထိုင် ဓလေ့စရိုက် တည်းဟူသော ကျောက်စ ကျောက်န လေးများကို ခုတ်ထိုက်ပြီး ကောင်းသော အကြံ မြင့်သောအကျင့် ဓလေ့စရိုက် လက္ခဏာများဖြင့် ပုံဖေါ်ထားသည့် ရုပ်လုံးရုပ်ကြွလေးများ ဖြစ်လာ နိုင်စေရန် တာဝန်သိစိတ်ဖြင့် ပူးပေါင်း၍ စေတနာ၊ ၀ါသနာ၊ အနစ်နာ ဟု ဆိုအပ်သော နာသုံးနာ ကိုအရင်းခံ၍ ကျောက်ပမာ ထုဆစ်နိုင်ကြပါစေ။
No comments:
Post a Comment