နော်နိုရင်း
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ကို အစိုးရက ထိုးစစ်ဆင်တိုက်ခိုက်နေသလို ကရင်ပြည်နယ် မြိုင်ကြီးငူဒေသမှာလည်း အစိုးရ တပ်မ ၆၆ ဟာ မနေ့ကစပြီး စစ်ကြောင်းတွေပို့ပြီး တပ်အင်အား တိုးချဲ့နေတဲ့အတွက် မကြာမီ တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ ကေအန်ယူ တပ်မဟာ ၇ တပ်ရင်း ၁၀၁ မှူး ဗိုလ်မှူးကြီး ဖောဒိုက ပြောပါတယ်။
“တပ်မ ၆၆ က မြိုင်ကြီးငူ ရှင်းလင်းဖို့ သူတို့ တာဝန်ယူရတယ်။ အခု တပ်မ ၆၆ က ဘားအံ တောင်ကလေးကနေပြီးတော့ သခွပ်ကုန်းအထိကို ရောက်နေပြီ။ သတင်းရတာက မနက်ဖြန်ကို တပ်မ ၆၆ က အလုပ်စမယ်လို့ ကြားတယ်။ မြိုင်ကြီးငူက ဒီကေဘီအေ သိမ်းထားတဲ့ ဒီကေဘီအေ ဌာနချုပ်က ပြောရမယ်ဆိုရင်တော့ဒါ သူတို့ ပုံကန်တော်လှန်တာပေါ့နော်။ ဒါပေမယ့် သူတို့ အသိအမှတ်ပြုထားတဲ့ ဘီဒီအက်ဖ် တံဆိပ်ကို ဖြုတ်ပြီးတော့ ဒီကေဘီအေ ပြန်တပ်တယ်။ သူတို့ လက်မခံဘူးပေါ့နော်။”
မြိုင်ကြီးငူဒေသသအတွင်း ဒီလို တပ်ရင်းတွေ တိုးမြှင့်နေတာဟာ ကရင်အမျိုးသား အစည်းအရုံးကို ထိုးစစ်ဆင်ဖို့လား ဒါမှမဟုတ် နယ်ခြားစောင့်တပ် အသွင်ပြောင်းထားတဲ့ ကရင်တပ်တွေအကြား ဖြစ်တဲ့ ပြဿနာကို ဝင်ရောက် နှိမ်နင်းဖြေရှင်းဖို့လားဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
အစိုးရတပ်ဘက်က စစ်ကြောင်းထိုးနေတယ်ဆိုတဲ့အကြောင်း ဘားအံမြို့ ခံတဦး ကလည်း ခုလိုပြောပါတယ်။
“စစ်တပ်တော့ချထားတယ်။ သူတို့လည်း နည်းနည်း ရှုပ်နေတာပဲ၊ ဘာလဲတော့ အသေချာမသိဘူး။ ဟိုတနေ့ကတော့ အဲဒီလိုမျိုး တပ်မထဲမှာ စည်းဝေးတယ်တော့ ပြောတယ်။ ဒါပေမယ့် သေသေချာချာတော့ မသိဘူး။ အခြေအနေ ရှုပ်တာတော့ သိတယ်။ တခြားဥစ္စာတွေတော့ အသေချာ မသိဘူး။”
ပြီးခဲ့တဲ့ မေလကုန်က မြိုင်ကြီးငူအခြေစိုက် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၂ တပ်က ဗိုလ်မှူးကြီး ပိုဘိ ဦးဆောင်တဲ့ အဖွဲ့ဟာ သူတို့တပ်တွင်း စားနပ်ရိက္ခာ လုံလုံလောက်လောက် မရမှု၊ အထက်နဲ့အောက် အခွင့်အရေး ကွာခြားမှုတွေ ရှိနေတာကြောင့် အထက်လူကြီးကို ပုန်ကန်တဲ့အနေနဲ့ မြိုင်ကြီးငူဒေသကို တပ်အင် အားနဲ့ဝိုင်းခဲ့ပါတယ်။
မြိုင်ကြီးငူကနေပြီး မယ်သဝေါအထိ ဒု-ဗိုလ်မှူးကြီးပိုဘီက သူ့ရဲ့တပ်တွေကို ချထားပြီး နယ်ခြားစောင့်တပ်တံဆိပ်အစား ဒီကေဘီအေတံဆိပ်ကို ပြန်လည်တပ်ဆင်ခဲ့ပါတယ်။
ဒီလို အချင်းချင်းကြား မပြေလည်မှုတွေဖြစ်ခဲ့ပြီး မြိုင်ကြီးငူဆရာတော်ကိုယ်တိုင် အချင်းချင်း မတိုက်ခိုက်ဖို့ သစွာရေ တိုက်ပြီး ဖြေရှင်းပေးခဲ့တယ်လို့ မြိုင်ကြီးငူဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
နယ်ခြားစောင့် တပ်ရင်း ၁၀၁၁ ကလည်း ဒု-ဗိုလ်မှူးကြီးပိုဘိတို့နဲ့ ပူးပေါင်းခဲ့ပြီး နယ်ခြားစောင့်တပ် အသွင် မပြောင်းတဲ့ ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်တဲ့ DKBA တပ်မဟာ ၅ က အင်အား ၁၀၀ လောက်ကလည်း သွားရောက်ပူးပေါင်းခဲ့ပါတယ်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ဒီကေဘီအေတံဆိပ် ပြန်တပ်တာကို ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် မောင်မောင်အောင်က လက်မခံဘဲ နယ်ခြားစောင့်တပ်တံဆိပ် ပြန်လည်တပ်ဆင် ခိုင်းခဲ့ပါတယ်။
ဗိုလ်မှူးကြီးပိုဘီအဖွဲကတော့ နယ်ခြားစောင့်တပ်တံဆိပ် ပြန်မတပ်တော့ဘဲ နယ်ခြားစောင့်တပ်ခွဲထွက်လို့ သုံးနှုန်းလိုက်တဲ့အပြင် ဒီကေဘီအေ ဗိုလ်မှုးချုပ်နှုတ်ခမ်းမွေးအဖွဲ့နဲ့ ပူးပေါင်းမှုတွေလည်း ရှိနေပါတယ်။
No comments:
Post a Comment