Monday, April 9, 2012

ကွန်ဟိန်း မြို့နယ်က ပညာရေး ဘာကြောင့် ဆုတ်ယုတ် ရသလဲ

မွေခေါဝ်

နိုင်ငံရေး ပြဿနာ၊ မူးယစ် ဆေးဝါး ပြဿနာ တွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်း ရမယ်လို့ အများက ဆိုသလို ပညာရေး ပြဿနာ ကိုလည်း နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်း ရမယ်လို့ မဟာ ဝိဇ္ဇာဘွဲ့(MA) ရ နန်းဇွမ်အေး ရဲ့ “ကွန်ဟိန်း မြို့နယ်က ပညာရေး ဆုတ်ယုတ် ရသည့် အကြောင်းရင်း” ဆိုတဲ့ သုတေသန စာတမ်းမှာ ရေးသား ထားပါတယ်။

သျှမ်းပြည်မှာ မြို့နယ်ပေါင်း ၅၅ မြို့နယ် ရှိတဲ့ ထဲက အနည်း ဆုံး ၃၃ မြို့ နယ်ဟာ စစ်မက် ဖြစ်ပွားပြီး တည် ငြိမ်အေး ချမ်းမှု မရှိသေးတဲ့ အခြေ အနေမှာ ရှိပါတယ်။ အဲဒီ ဒေသ တွေရဲ့ ပညာရေး ဟာ ဆုတ် ယုတ်လှပါ တယ်။ နန်းဇွမ်အေး ဟာတည်ငြိမ်အေးချမ်းမှုမရှိသေးတဲ့ ဒေသ တွေရဲ့ ပညာရေး အခြေ အနေကို သျှမ်း ပြည်တောင်ပိုင်း ကွန်ဟိန်း မြို့နယ်က ပညာရေး အခြေ အနေကို နမူနာ ထားပြီး နှိုင်း ယှဉ် ရေးသား ထားပါ တယ်။

ကွန်ဟိန်းမြို့နယ်မှာ လူဦးရေ ၅၆,၄၁၅ ဦးရှိပြီး ၁၈ နှစ်နဲ့အထက်က ၂၂,၅၆၆ ဦး၊ ၁၈ နှစ်အောက်က ၃၃,၈၄၉ ဦးရှိတယ်လို့အစိုးရကဆို ပါတယ်။ ၁၈ နှစ်အောက် ကလေးတွေထဲမှာ ကျောင်းတက် ပညာ သင်နေတာ အယောက် ၇,၅၀၀ ကျော်ဘဲ ရှိပါတယ်။ ကျန်တဲ့ကလေး တွေထဲမှာ ကျောင်းနေဖို့ အရွယ်မ ရောက်သေးတဲ့ ကလေးတွေ ၁၀,၀၀၀ လောက်ကို နှုတ်လိုက်ရင် ကျောင်းနေအ ရွယ်ရောက် ပါလျက် ကျောင်းမတက်ရတဲ့ ကလေးတွေ ၁၅,၀၀၀ ကျော်လောက် ရှိနေတာကို တွေ့ရပါလိမ့်မယ်။

ကွန်ဟိန်းမြို့နယ်မှာ အစိုးရ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်းနဲ့ မူလ တန်းကျောင်း ၂၅ ကျောင်း ရှိ ပါတယ်။ ကျောင်းပေါင်း ၃၀ မှာ ကျောင်းသူ၊ ကျောင်းသား ၃,၇၈၁ ဦး ရှိပါ တယ်။

ကာလိပြည်သူ့ စစ်အဖွဲ့ကနေ ဖွင့်လှစ် ပေးထားတဲ့ ကျောင်းပေါင်း ၈၄ ကျောင်း (အများ အားဖြင့် မူလတန်း ကျောင်း) ရှိပြီး စုစုပေါင်း ကျောင်းသူ ၊ကျောင်းသား ၃,၇၈၈ ဦး ရှိပါတယ်။ ဖွင့်လှစ်ထား တဲ့ ကျောင်း များလှ ပေမဲ့ ကျောင်းသား ဦးရေ နည်းလှ ပါတယ်။ စစ်မက်ဖြစ်ပွား နေတဲ့ ဒေသ တွေလဲ ကွန်ဟိန်း လိုပါ ဘဲလို့ နန်းဇွမ်အေး က ဆိုပါတယ်။

ဒီလိုကျောင်းသူ၊ ကျောင်းသားဦးရေနည်းပြီး ပညာရေးဆုတ်ယုတ်ရတဲ့အကြောင်းရင်းတွေက-

- ကျောင်းတွေဟာ နေရပ်နဲ့ အရမ်း ဝေးနေ လို့ပါဘဲ။ ကျောင်းက ဝေးတော့ သယ်ယူ ပို့ဆောင်ရေး စရိတ် ကုန် ကျတယ်။ဒီကုန်ကျစရိတ် ကို မိဘ တွေက မတတ် နိုင်ကြဘူး။

- ပြည်သူ တွေဟာ စစ်မှု မထမ်း ချင်ကြ ပါဘူး။ အစိုးရ ကျောင်းမှာ ပညာ သင်ရင် အစိုးရက စစ်မှုထမ်းခိုင်းနိုင် သလို ပြည်သူ့ စစ်ကျောင်း တွေမှာ ပညာသင် ရင်လဲ ပြည်သူ့ စစ်တွေက စစ်မှုထမ်း ခိုင်းနိုင် တယ်လို့ ပြည်သူ တွေက ထင်မှတ်ကြ ပါတယ်။ ဒါကြောင့်ပညာသင်စ ရိတ် မကုန် ရတဲ့ ကျေးရွာ ဘုန်းကြီး ကျောင်းမှာဘဲ ပညာ သင်ကြ ပါတယ်။

- ဘာသာစကားဟာလဲ အခက်အခဲတစ်ခုပါဘဲ။ ကျေးလက်ရွာသူရွာသားတွေဟာ ဗမာစကားကို မပြောနိုင် သလို နားမလည် သဘော မပေါက်ကြဘူး။ ဒါကြောင့် အစိုးရကျောင်းတွေကို မတက်ချင်ကြဘူး။

- မိဘတွေဟာ အစိုးရစစ်တပ်က ရွာကနေနှင်ထုတ်တာ၊ ရွာတွေကိုမီးရှို့ဖျက်ဆီးတာ ခံခဲ့ရတဲ့အတွက်ကြောင့် အစိုးရကျောင်းကနေ သင်ပေးလိုက်တဲ့ သမိုင်းကြောင်းတွေကို သိပ်သဘောမကျလှပါဘူး။

- တဖက်ကလဲ ပညာသင်တဲ့ အကျိုးကျေးဇူးတွေကို မြန်မြန် မခံစားရတဲ့အတွက် မိဘတွေက ဘဝင်မကျလှ ပါဘူး။ စိုက်ပျိုးရေးလုပ်ရင် စိုက်လိုက်တဲ့သီးနှံရဲ့ အကျိုးကို လပိုင်းအတွင်း ခံစားရတယ်။ အကျိုး ကျေးဇူး မြန်မြန် ခံစားရတာကို မိဘတွေက သဘောကျတယ်။ ဒီ အတွေးအခေါ်ဟာ ဘိုးဘေးဘီဘင်ကတည်းက ရှိခဲ့ပြီး ပညာရေးကို စိတ်မဝင်စားကြဘူး။

- နောက်ဆုံးတချက်က အစိုးရရဲ့ ပညာရေး အသုံးစရိတ်က အလွန်နည်းပါတယ်။ ပညာရေးအတွက် နိုင်ငံ တော် အသုံးစရိတ်တွေအနက် ၁.၄ % သာ အသုံးပြုတယ်။ ဒါကြောင့် အရည်အချင်းပြည့်မှီတဲ့ ဆ ရာ၊ ဆရာမတွေ မရှိလှပါဘူး။ ခေတ်စနစ်နဲ့ ညီလျော်တဲ့ အတွေးအ ခေါ်လဲ သိပ်မရှိကြပါဘူး။

ဒါကြောင့်
- အစိုးရဟာ သင်ရိုးညွှန်းတမ်းတွေကို ပြုပြင်ပြောင်းလဲရမယ်။ သင်ကြားရေးစနစ်ဟာ ငြိမ်းချမ်းရေး အတွက် ဖြစ်ရမယ်။ စစ်ဖြစ်ပွားအောင် ရည်ရွယ်တဲ့စနစ် မဖြစ်သင့်ဘူး။

- သီးသန့်ဖွင့်ထားတဲ့ ကျောင်းတွေကလဲ အမျိုးသားပညာရေးစနစ်ထဲ ပါဝင်လာအောင် ပြုပြင်ပြောင်းလဲ ရမယ်။

- ဘာသာစကားပေါင်းစုံ (multi-lingual) သင်ကြားတဲ့ ပညာရေးစနစ် ကျင့်သုံးသင့်တယ်။

- အစိုးရက ပညာရေးအတွက် ဘတ်ဂျက်လဲ တိုးမြှင့်ပေးရမယ်။ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကိုလဲ မြှင့်တင်ပေးရမယ် လို့ သူမက အကြုံပြု ရေးသားထားပါတယ်။

နောက်ဆုံး မှာတော့ နန်းဇွမ်အေးက ပညာရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်း ရမယ်။ သျှမ်းပြည် တွင်းမှာ စစ်ဖြစ်ပွား နေတဲ့ ဒေသက အများ စုဖြစ်တယ်။ စစ်ဖြစ်ပွား နေရင် လူ့အခွင့် အရေး ချိုး ဖောက်တာ၊ ရွာတွေရွှေ့ ပြောင်းခိုင်းတာ၊ ဆင်းရဲ ဒုက္ခရောက်တာ တွေ ကြုံနေ ရအုံး မှာဘဲ။ အစိုးရက ကျောင်းဆောက်ဖို့ ဘတ်ဂျက် ရှိတယ် ဘဲထားဦး စစ်ဖြစ်ပွား နေတဲ့ အတွက် ဆောက်နိုင်မှာ မဟုတ် ဘူး။ ဒါကြောင့် ပညာရေး ပြဿနာကို ဖြေရှင်းချင်ရင် နိုင်ငံရေး ပြဿနာကို အရင်ဆုံး ဖြေရှင်းရမယ်။ အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းမှု ရ အောင် နိုင်ငံရေး သဘောတူညီချက်တွေရအောင် အရင်ဆုံး လုပ်ရမယ်။ ဒါမှ ပြည်သူတွေလဲ အေးချမ်း မယ်။ ဝမ်းစာအတွက် ရှာဖွေစား သောက်နိုင်ပြီး ကလေးတွေလဲ ပညာသင်ယူနိုင်မယ်လို့ ရေးသားထားပါ တယ်။

No comments: