Wednesday, April 11, 2012

ရွေးကောက်ပွဲ နောက်ဆက်တွဲ ဒက္ခိဏသီရိ ရေခက်ခဲ

မျိုးသန့်

အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒက္ခိဏသီရိမြို့နယ် ကူနှစ်လုံး ဆည်စု ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားများကို သူပိုင်ဆိုင် သည့် ရေတွင်းမှ ရေကို ခပ်ယူသုံးစွဲခွင့် မပြုတော့၍ ရွာသားတို့ သောက်သုံးရေ အခက်ကြုံနေရကြောင်း ဦးနိုင်ငံလင်း က မဇ္ဈိမကို ပြောသည်။

“အုပ်ချုပ်ရေးမှူးအိမ်က အရင်တုန်းက တရွာလုံးကို ပေးတယ်။ အခုတော့ ကျနော်တို့ကို မဲပေးလိုက်လို့ဆိုပြီးတော့ ရေ ပေးမခပ်တော့ဘူး။ အခုက ရေ အရမ်း နည်းနေတယ်။ နွေရောက်လာလေလေ ရေက ပိုပြီးတော့ နည်းလာ လေလေ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းတွင်းက ရေကလည်း အဝါရောင်တွေ ဖြစ်နေတယ်။ အခုကတော့ အဲဒီရေနဲ့ပဲ လောလောဆယ် သုံးနေရတယ်” ဟု ဦးနိုင်ငံလင်းက ပြောသည်။

ကူနှစ်လုံးဆည်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းတင်မှာ ကြံ့ခိုင်ရေးပါတီဝင်တဦး ဖြစ်ကာ ရွာသားများက ကြံ့ခိုင်ရေး ပါတီကို မဲမပေးကြ၍ အဝိစီတွင်းတွင် တပ်ဆင်ထားသည့် ပိုက်များကို ဖြုတ်ပစ် လိုက် သည်ဟု အဆိုပါရွာခံ ဦးဌေးတင် က ပြောသည်။

“သူ့ရေတွင်းက ပိုက်တွေကိုလည်း ဖြုတ်ပစ်တယ်။ ပြည်ခိုင်ဖြိုးကို မဲမပေးလို့ ဖြုတ်တာ။ မဲပေးပြီးတဲ့နေ့ နောက်တရက် ဆို ဖြုတ်ပစ်တာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်၏ ခြံဝင်းအတွင်း သူပိုင်ဆိုင်သည့် ရေတွင်း နှစ်တွင်းရှိနေပြီး တတွင်းတွင် ကြံ့ခိုင်ရေးပါတီသို့ မဲပေးသည်ဟု ယူဆရသူများကို အိမ်ခြေ ၇ဝ ခန့်ကို သောက်သုံးရေး ခပ်ယူသုံးစွဲခွင့်ပြုထားပြီး NLD သို့ မဲပေးခဲ့သူ အိမ်ခြေ ၁ဝဝ ခန့်ကိုမူ ရေခပ်ခွင့် မပေးတော့ကြောင်း ဦးနိုင်ငံလင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါရွာတွင် အုတ်ဖြင့်လုပ်သည့် ရေတွင်း ၂ဝ ခန့် ရှိနေပြီး နွေရာသီဖြစ်သဖြင့် ရေတွင်းများ ရေခမ်းခြင်း၊ ရေဝါခြင်း များ ဖြစ်ပေါ်နေကာ အုပ်ချုပ်ရေးမှူးက သူပိုင် အဝီစိတွင်းမှ ရေကို ခပ်ယူသောက်သုံးခွင့် မပြုခြင်းကြောင့် အခက်အခဲ များ ဖြစ်ပေါ်နေရခြင်းဟုလည်း ဦးနိုင်ငံလင်းက ပြောသည်။

ထိုဖြစ်ရပ်များကြောင့် ရန်ကုန် နာရေးကူညီမှုအသင်းသို့ အကူအညီတောင်းခံ၍ ထိုကျေးရွာတွင် အဝီစိရေတွင်း တူးပေးနိုင်ရန် ပြင်ဆင်လျက်ရှိနေသည်ဟုလည်း ဦးနိုင်ငံလင်း က ပြောသည်။ နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူ ကလည်း ရေတွင်း တူးနိုင်ရေး ကူညီ သွားမည်ဟု မဇ္ဈိမကို ပြောသည်။

အထက်ပါ ဖြစ်ရပ်အပြင် ဒက္ခိဏသီရိမြို့နယ် ချိုင်ရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်မိုးကလည်း သူ၏ ခြံဝင်းအတွင်းရှိ ရေတွင်းကို ရွေးကောက်ပွဲအပြီး ဧပြီ ၂ ရက်နေ့တွင် ပိတ်ပစ်ခဲ့ပြီး အိမ်ထောင်စု ၆ စု ရေခပ်ယူ သုံးစွဲခွင့် မရတော့ဟု ချိုင်ရွာသား ကိုအောင်ဇော်ဦးက ပြောသည်။

“သူ့အိမ်ဘေးနားမှာ ဝိုင်းတဝိုင်းရှိတယ်။ အဲဒီဝိုင်းမှာ အများပြည်သူက သွားသုံးခွင့် ရှိတယ်။ ရွေးကောက်ပွဲပြီး နောက်တနေ့မှာပဲ တွင်းခြံခတ်ပါတယ်။ အကြောင်းပြချက်ကတော့ ဘာမှ မပေးပါဘူး။ ဘယ်သူမှ လည်း မပြောရဲကြဘူးလေ။ မသွားရဲကြတော့ဘူးပေါ့။ ခြံစည်းရိုးကို အပြီးပိတ်လိုက်တဲ့အခါကျတော့လေ” ဟု မဇ္ဈိမကို ပြောသည်။

ချိုင်ရွာ ကြံ့ခိုင်ရေးပါတီ အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သည့် ဒေါ်နန်းကျင် ကလည်း ယခင်က သူပိုင် ရေတွင်းမှ ရေများကို အနီးပတ်ဝန်းကျင်ရှိ ရွာသားများအား ရေခပ်ယူသုံးစွဲခွင့် ပြုခဲ့သော်လည်း ရွေး ကောက်ပွဲရလဒ် ထွက်လာ အပြီးတွင် ရေခပ်ခွင့် ပိတ်ပင်လိုက်ကြောင်း ထိုရေတွင်းတွင် ရေခပ်ယူ သုံးစွဲနေသူ ဦးစိုးအောင်က မဇ္ဈိမကို ပြောသည်။

“အရင်တုန်းကတော့ ဒီတွင်းက ကြိုက်တဲ့လူ လာခပ်ပေါ့ဗျာ။ အများသုံးနေကြတဲ့ တွင်းပဲပေါ့။ အဲဒီတွင်းကို ရွေးကောက်ပွဲပြီး မဲအောင်နိုင်ပြီးတော့ နောက်တနေ့မှာ ‘ဘယ်ကောင်ဖြစ်ဖြစ်၊ ဘယ်ကောင်မ ဖြစ် ဖြစ် လာမခပ်နဲ့’လို့ ပြောပါတယ်။ ‘ဝိုင်းထဲဝင်လာတာနဲ့ ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲမယ်’ဆိုပြီးတော့ လုပ်ပါတယ်ခင်ဗျာ့။ ခြံစည်းရိုးတွေ လည်း ပြန်ကာလိုက်ပါတယ်” ဟု ဦးအောင်စိုးက ပြောသည်။

အဆိုပါ ဖြစ်ရပ်များ ဧပြီ ၂ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့၍ ဦးနိုင်ငံလင်းက ရန်ကုန် နာရေးကူညီမှုအသင်းသို့ အကူအညီ တောင်းခံကာ အဝီစိရေတွင်း တူးပေးခဲ့ရသေးသည်။

NLD သည် ကြားဖြတ်ရွေးကောက်ပွဲအတွင်း အစိုးရဝန်ထမ်း အများစုနေထိုင်သည့် နေပြည်တော်ခရိုင်မြို့နယ် လေးမြို့နယ်ရှိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ပုပ္ဗသီရိ လေးမြို့လုံးတွင်း အနိုင်ရရှိခဲ့သည်။

ရန်ကုန်တိုင်းရှိ ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း ကမူ သောက်သုံးရေ ရှိရေး အပါအဝင် လမ်းပြင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကူညီမှု၊ လူမှုဘဝနှင့် စီးပွားရေး အစီ အစဉ် များ ကို ပါတီအနေဖြင့် ဆက်လက် လုပ်သွားမည်ဟု ဧပြီလ ၆ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုသွား ခဲ့သည်။

No comments: