Friday, April 13, 2012

အခြေအနေအရ ရွေးကောက်ပွဲ

ဗညားရံ

အခုတလော အွန်လိုင်းမှာ ဖြစ်ပျက်နေတာကို ကြည့်ပြီး သံဝေဂ နည်းနည်းရတယ်။ အခြေအနေကို နားလည်ဖို့ ခက်နေတယ်။ ဖြစ်ပုံက နောက်လိုက်နောက်ပါတွေက သူတို့ခေါင်းဆောင် ဘာတွေလုပ်နေလဲ သိကြပုံ မပေါ်ဘူး။ မထိနဲ့ မီးပွင့်သွားမယ် ဆိုတဲ့သဘောပဲ။

စာရေးသူတို့က မြန်မာပြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ အမေရိကန် လက်ရှိရွေးကောက်ပွဲကို စိတ်ဝင်တစားနဲ့ နားထောင်တယ်၊ လေ့ လာတယ်။ မြန်မာပြည်က ကိုယ်စားလှယ်တွေနဲ့ အမေရိကန်နိုင်ငံက ကိုယ်စားလှယ်တို့ရဲ့ သွားလာလှုပ်ရှားမှုများမှလည်း အစွဲ ကင်းကင်းနဲ့ လေ့လာ သင်ယူတယ်။

အမေရိကန်က မဲဆွယ်ပွဲတွေမှာ အခြေအနေအရ ဆိုတဲ့စကားကို သုံးလို့ မရဘူး။ မြန်မာနိုင်ငံမှာ သုံးလို့ ရပါတယ်။ ဥပမာ Republican Party သမ္မတလောင်း မစ်တ် ရွမ္မနီက သမ္မတအိုဘားမားက အကွက် ရ မှာ စိုးလို့ သူ့အခွန်လွှာ tax return ကို မကျေညာချင်ဘူး။ သူက မကျေညာလို့ သူ့ပြိုင်ဘက်တွေက အချက်ကျကျ ဖိအားပေးပြီး ထုတ်ပြန်ခိုင်းတယ်။ အကျိုးဆက်က တောင်ကာရိုးလိုင်းပြည်နယ်မှာ မစ်တ် ရွမ္မနီ ရှုံးသွားတာပဲ။

ရှုံးတော့ သူက ပြုပြင်တယ်။ သူ ဘယ်လောက်ချမ်းသာတယ်၊ ပြည်သူကို အခွန်ဘယ်လောက် ဆောင်ခဲ့တယ် ကျေညာရတယ်။ ကျေညာ တော့လည်း အတိုက်အခိုက်က မလွတ်ဘူး။ အမေရိကန် ဥပဒေကို သူက လိုက်နာပြီး အခွန်ဆောင်ခဲ့ပေမဲ့ ဥပဒေအရ သူက အခွန်ကို နည်းနည်းပဲ ဆောင်ရတယ်။ သူ ပေးရတဲ့ အခွန်ဟာ သာမန်လူလတ်တန်းစား ပေးရတဲ့ အခွန်လောက်နဲ့ပဲ ညီမျှနေတယ်။ ဒီတော့ သူက ဆင်းရဲသားတွေဆီက မဲသိပ်မရဘူး။ ဒါကိုလည်း သူက ပြင်ရတယ်။

အမေရိကန်နိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ရှိတယ်။ အမှန်တကယ်လည်း ရှိတာပါပဲ။ ဒါပေမဲ့ ခရစ်ယာန်တိုင်းပြည် ဖြစ်တယ်။ မဲဆန္ဒ ရှင်တွေက သူတို့ စိတ်ချတဲ့ ကိုယ်စားလှယ်လောင်း ကိုပဲ မဲပေးကြမှာ ဖြစ် တယ်။ သူတို့နဲ့ သဟဇာတ မဖြစ်တဲ့ ကိုယ်စားလှယ် လောင်း တွေကို မဲပေးလေ့ မရှိဘူး။ မစ်တ် ရွမ္မနီက ခရစ်ယာန်ဘာသာကနေ မာမွန်ဘာသာကို ကူးပြောင်းလာသူ ဖြစ်တယ်။ ဒီဘာသာက အစ္စလာမ် ဘာ သာလိုပဲ Polygamy ကို ယုံကြည်လက်ခံတယ်။ ဒီပါတီဌာနချုပ်ရှိရာ Utah ပြည်နယ်က Monogamy ကို လက်ခံပါ့မယ်လို့ ဝန်ခံကတိပေးပြီးမှ အမေရိကန် ပြည်ထောင်စုဝင် ပြည်နယ်တခု ဖြစ်ခွင့်ရခဲ့တာပါ။

ဒီတော့ မစ်တ် ရွမ္မနီက Liberal Christians တွေက မဲကိုပဲ မျှော်လင့်လို့ရတယ်။ Conservative Christians တွေ Catholics တွေဆီက ရဖို့ မလွယ်ဘူး။ သူ ကိုယ်စားပြုတဲ့ပါတီက Conservative ပါတီ ဖြစ်နေ တယ်။ သူက ဒါတွေကို ညှိရတယ်။ Conservatives တွေ အားကောင်း တဲ့ ပြည်နယ်တွေမှာ သူက သိပ်မကြိုးစားဘူး။

နောက်တော့ Pueto Rico က ပြည်နယ် မဟုတ်သေးဘူး။ စပိန်ဆီက အမေရိကန် ရလိုက်တာပါ။ စပိန်စကားကို ပိုသုံးတယ်။ ပူတိုရီကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လွတ်လပ်ရေးကိုလည်း ကျေညာလို့ ရတယ်၊ ပြည်နယ်အဖြစ်လည်း လျှောက်ထားလို့ ရတယ်။ ဒီနှစ်မှာ ပြည်ထောင်စု အဖွဲ့ဝင်အဖြစ် လျှောက်ထားဖို့ ရှိတယ်။ ဒါကို မစ်တ် ရမ္မနီ အနီးကပ်ပြိုင်ဘက် ရစ်ခ် ဆင်တိုရမ်း က "အမေရိကန် ပြည် ထောင်စုထဲ ဝင်ချင်ယင် ပူတိုရီကိုက အင်္ဂလိပ်ဘာသာစကားကို ပြည်နယ်ရုံးသုံးအဖြစ် အရင်လုပ်ရမယ်" လို့ သွားပြောမိတယ်။ အမှန်မှာ ပူတိုရီကိုမှာ အင်္ဂလိပ်နဲ့ စပိန်ကို ရုံးသုံးအဖြစ် သတ်မှတ်ပြီသား ဖြစ် တယ်။ ဒီလို သွားမှားလို့ အဲဒီဒေသမှာ သူက ဝက်ဝက်ကွဲ ရှုံးရတာပဲ။

နောက်ပြီး ကျန်းမာရေး ဝန်ဆောင်မှုပါ။ မစ်တ် ရွမ္မနီက အပြာရောင် ပြည်နယ်လို့ ခေါ်တဲ့ ဒီမိုကရက်တွေ ကြီးစိုးတဲ့ မက်ဆာချူးဆက် ပြည်နယ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူး လုပ်ခဲ့တယ်။ လက်ရှိသမ္မတ အို ဘား မား ရဲ့ Universal Healthcare ကို အရင်ဆုံး တီထွင်ခဲ့သူ ဖြစ်တယ်။ ဒါကိုလည်း သူက အများကြီး ချေပခဲ့ရပါတယ်။ အိုဘာမားနဲ့ တူနေသူက အိုဘားမားနဲ့ ပြိုင်နေစရာ မလိုဘူးလို့ သူ့ပြိုင်ဘက် တွေ က လက်ညှိုးထိုး ဝေဖန်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲကို လေ့လာကြည့်တော့ အားလုံး အကွက်စေ့နေတာကို တွေ့ရတယ်။ သမ္မတလောင်းတွေက အမေရိကန်မှာ ဖြစ်သမျှ၊ နိုင်ငံတကာမှာ ဖြစ်ပျက်နေသမျှ အကုန်ဖြေနိုင်ရတယ်။ သာ မန်ပြည်သူတယောက်ရဲ့ အမေးကို ဖြေပေးရတယ်။ သူက တိုင်း ပြည်ကို ဦးဆောင်နိုင်သူ ဖြစ်ကြောင်း သက်သေပြရတယ်။ စကားတခွန်း ကျွံသွားတာနဲ့ ပွဲက ပြီးပြီ။

ဒီတော့ သမ္မတလောင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ တန်ဖိုး၊ အလုပ်အကိုင်၊ အခွင့်အလမ်း စသည်တို့နဲ့ ပတ်သက်ပြီး လစ်ကွက်ဟာကွက် မရှိ၊ အားလုံး စီမံထားရှိကြောင်း ဟောပြောရ တယ်။ ချပြရတယ်။ သူ့မူကို ကြည့်ပြီး သူတို့အတွက် ကောင်းကျိုး ဖြစ် မဖြစ် ပြည်သူတွေက ရွေးကြတယ်။

နောက်ပြီး အမေရိကန်မှာ ပါတီခေါင်းဆောင်က နယ်တွေကို ဆင်းပြီး သူ့ကိုယ်စားလှယ်အတွက် မဲဆွယ်ပေးစရာ မလိုဘူး။ တကယ်လို့ ပါတီခေါင်းဆောင်က သူ့ကိုယ်စားလှယ်တွေကို လွှမ်းမိုးမှု များယင် ပြည်သူတွေက အဲဒီကိုယ်စားလှယ်တွေကို မဲပေးတော့မှာ မဟုတ်ဘူး။ ပါတီကိုယ်စားလှယ်တွေက မိမိမဲဆန္ဒနယ်တွေကို နိုင်နိုင်နင်းနင်း မဲဆွယ်နိုင်ရတယ်။ ဒါမှပဲ သူ့မှာ ဦးဆောင်နိုင်တဲ့ အရည်အချင်း ရှိ တယ်လို့ ပြည်သူတွေက သိကြမှာ ဖြစ်ပြီး သူ့ကို သူတို့ ကိုယ်စားလှယ် ဖြစ်ကြောင်း မဲပေးကြမှာပါ။

မြန်မာနိုင်ငံမှာတော့ အဲဒီလို မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ မပါယင် ခွက်ခွက်လန် ရှုံးရမလို ဖြစ်နေတယ်။ ဒေါ်အောင်ဆန်း စုကြည်က သူ့ကိုယ်စားလှယ်လောင်း အရွေးခံရဖို့ သူပဲ မဲဆွယ်ခရီး ထွက် ရရှာတယ်။ တနိုင်လုံး အနှံ့ပါပဲ။ တခါတလေ ဥပမာ လာရှိုးကို သွားမယ်။ လာရှိုး ကိုယ်စားလှယ်က ဘယ်သူမှန်းကို သတိမထားမိလောက်အောင် ဖြစ်သွားတယ်။ ဒီလို အမေကိုပဲ အား ကိုးတဲ့ အမတ် ဆိုယင် အမေရိကန်မှာ မဲရဖို့ မလွယ်တော့ဘူး။ မြန်မာပြည်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ပါတီ ဆိုယင် ကိုယ်စား လှယ်က ဘယ်သူပဲ ဖြစ်နေဖြစ်နေ မဲပေးမယ်ဆိုတဲ့သဘော ဖြစ်နေတယ်။

နောက်ပြီး ပြည်နယ်တွေကို သွားတဲ့အခါမှာ ပြည်နယ်တွေရဲ့ ကောင်းကျိုးကို ဘာလုပ်ပေးမလဲ ပြောတာ မရှိပါ။ ဥပမာ ကချင်ပြည်နယ်ကို ရောက်ခဲ့ယင် ကချင်ပြည်နယ်က ကိုယ်ပိုင်ပြဌာန်းခွင့် ရစေရမယ်၊ အနည်းဆုံး မြန်မာ့တပ်တွေ ကချင်နယ်ကနေ ဆုတ်ခွာအောင် လုပ်ပေး မယ်လို့ ပြောသင့်တယ်။ ဒီလိုပြောလို့ မသန့်ရှင်းတာမျိုး မဟုတ်ပါဘူး။ မိမိက ဘာလုပ်ပေးမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး မဲဆန္ဒ ရှင် က မဲပေး ရမှာကိုး။

နောက်ပြီး မြန်မာပြည်ရဲ့ ရွေးကောက်ပွဲမှာ အာဏာရအစိုးရက သူတို့ရထားတဲ့အာဏာကို အလွဲသုံးစားပြုပြီး မဲကို ဆွယ်တယ်။ ဒီလိုနည်း ကို မြန်မာပြည် ဒီမိုကရေစီ ထွန်းကားစေရမယ်လို့ အားပေးနေတဲ့ ထိုင်းတို့၊ မလေးရှားတို့၊ စင်ကာပူ တို့မှာလည်း ကျင့်သုံး နေတာပဲ။ အတိုက် အခံ တွေက အာဏာ ရဖို့ မလွယ်ဘူး။

အတိုက်အခံတို့ကလည်း မိမိတို့ ဘာလုပ်ပေးနိုင်မလဲ မပြောဘူး။ ပြောဖို့ ဆွယ်ယင် နိမ့်သလို ပြောတယ်။ ဒါလည်း Condition အခြေအ နေ အရ စကားကို သုံးတာပဲ။ condition ထားတယ်ဆိုတာ ကိုယ့်ကိုယ် ကို ကာကွယ်ဖို့သာ ဖြစ်တယ်။ ဘာဖြစ်မယ် မသိဘူးလို့ ပြောတဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးရမှာ ခက်တယ်။ ဖြစ်အောင် ဘာလုပ်ပေးမလဲ မပြောတဲ့ ကိုယ်စားလှယ်က သူ့မှာ ယုံကြည်မှု ခိုင်မြဲမယ်လို့ မဲ ဆန္ဒရှင်က ထင်မြင်ဖို့ ခက်တယ်။

သေချာတာက အာဏာရ အစိုးရရော အတိုက်အခံတွေကပါ အခြေအနေအရ စကားကို အကြိုက်တွေ့ကြတယ်။ အမှန်မတော့ အခြေအ နေအရ ဖြစ်အောင် အခြေအနေတခုကို နှစ်ဖက်စလုံးက စီမံထား တယ်။ မဲဆွယ်တဲ့နေရာမှာ ရုပ်မြင်သံကြားမှာ မိနစ်အနည်းသာ ပေးပြီး ဆွယ်ခိုင်းတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေက သူတို့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကို ဘယ်လိုသိနိုင်မလဲ။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူတို့နယ်ကို ဘယ်နှစ်ခါ စည်းရုံးခွင့် ရနိုင်မလဲ၊ ဘယ်နှစ်ခါ သွားနိုင်မလဲ။ သူ့ကိုယ်စားလှယ် လောင်းတွေ ကလည်း အခြား ကိုယ်စားလှယ် လောင်းတွေနဲ့ အချေ အ တင် ယှဉ်ပြိုင်ခွင့် မရှိဘူး။ ဒီတော့ ဘာရွေးကောက် ပွဲလည်း တွေးကြည့် ပါတော့။ ကြံ့ဖွံ့ (ပြည်ခိုင်ဖြိုး) ကလည်း ကြံ့ဖွံ့ ကိုယ်စားလှယ်၊ N.L.D ကလည်း N.L.D ကိုယ်စား လှယ်တွေကို ကိုယ့်ဟာကိုယ် ရွေး ချယ် ပြီး လူထု ရှေ့မှာ ဒါ မင်းတို့ ကိုယ်စား လှယ်ပဲလို့ မျက်နှာသွား ပြခိုင်း ရုံပဲ မဟုတ်လား။

နောက်ပြီး လာရောက်နားထောင်တဲ့ ပရိသတ်တွေပါ။ ပရိသတ်များအောင် အနုပညာရှင်တွေကို ဖိတ်ခေါ်တယ်။ နိုင်ငံရေးသမားတွေက အနုပညာရှင်တွေရဲ့ အားကို ရယူကြတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးသမား၊ ပြည်သူချစ်တဲ့ နိုင်ငံရေး သမားအတွက်တော့ အနုပညာရှင်တွေရဲ့ အင်အား ယူစရာမလို၊ ဒါပေမဲ့ ကြံ့ဖွံ့ တို့လို ပြည်သူထောက်ခံမှု အားနည်းတဲ့ ပါတီများ ကတော့ အနုပ ညာ ရှင်များကို စည်းရုံး ရတယ်။ လာဘ်ပေး လာဘ်ယူ မှုတွေ ဖြစ်ကုန်တယ်။

အားလုံးကို အမေရိကန်လို ဖြစ်နေစေချင်လို့ မဟုတ်ပါ။ ဒါပေမဲ့ နိုင်ငံရေး ဟောပြောပွဲ လာရောက် နားထောင်သူတွေနဲ့ ဘုန်းကြီးတရားပွဲ နာကြားသူတို့ သိပ်ကွာမယ် မထင်ဘူး။ ဘုန်းကြီးတရားပွဲမှာဆို ဘုန်း ကြီးက ဘာပဲဟောဟော၊ သာဓုပဲ ခေါ်ကြသလိုပဲ။ လက်ရှိ နိုင်ငံရေး တရားပွဲတွေမှာလည်း အမေရိကန်ရှိ နပမ်းပွဲလိုပဲ အားပေးကြပါတယ်။ ဒါပေမဲ့ ဟိုက ဘာပြောသွားသလဲ သွားမေးကြည့်ယင် အတော် များများက ပြောပြတတ်မှာ မဟုတ်ဘူး။ ဒါတွေဟာ မြန်မာပြည်မှာ ပြန်ကြားရေးကို တင်းကျပ်ထားလို့လည်း ဖြစ်နိုင်တာပဲ။

ကြံ့ဖွံ့တွေက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေယင် ဒါက နိုင်ငံရေး လုပ်နေတယ်လို့ ထင်ကြတယ်။ N.L.D ဘက်ကလည်း သမ္မတ ဦးသိန်းစိန်နဲ့ အပေါင်းအပါများကို တိုက်ခိုက် အပုပ်ချနေယင် ဒါက မဲဆွယ်နေတယ်လို့ ထင်နေကြတယ်။ အဓိက နိုင်ငံရေးပါတီ နှစ်ခု ဖြစ်တဲ့ ဒီကြံ့ဖွံ့နဲ့ N.L.D တို့ဟာ ပါတီမူဝါဒ၊ လမ်းစဉ်၊ ဆောင်ရွက်ချက်များကို ယေဘုယျအားဖြင့်သာ ပြောဟောနိုင်ကြတယ်။ အသေးစိတ် ကိုမူ အဆွေးနွေး မခံကြပါ။ မေးယင်လည်း ပြဿနာတက်ဖို့ပဲ ရှိတော့တယ်။

ဥပမာ တခုပေါ့ဗျား...တကယ့် အပြောင်းအလဲကို လိုချင်ယင် ဥပမာ ကြံ့ဖွံ့ ဖြစ်ဖြစ်၊ N.L.D ဖြစ်ဖြစ် ရခိုင်ကို ရောက်ခဲ့မယ် ဆိုပါတော့။ လော လောဆယ် ရခိုင်မှာ ဖြစ်ပျက်နေတာက ရှင်မဖြူကျွန်း အရေးနဲ့ တရုတ် ရေနံပိုက်လိုင်းပါပဲ။ ဒီကိစ္စကို ရခိုင်သားတွေက အနှောင်အဖွဲ့ကင်းကင်း အကြောက်တရားကင်းကင်းနဲ့ မေးလို့ ရသင့်တယ်။ နောက်ပြီး ရခိုင်ဘာသာစကားကို သူတို့ ဘယ်လိုသဘောထားလဲ မေးခွင့် ရ သင့်တယ်။ ရခိုင်ပြည်နယ်အတွက် သူတို့ ဘာတွေ လုပ်ပေးနိုင်မလဲ။ ဒါလေးတွေ လိုအပ်တယ်။ ဒီလို ဆွေးနွေးလို့ ဘာအပြစ်မှ မရှိသင့် ဘူး။ ဒီလို ဆွေးနွေးလို့လည်း တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း စ သည့် အိမ်နီးချင်းတို့ကိုလည်း ဖိအားပေးရာ ရောက်တယ်။

အခု အချင်းချင်းကျတော့ မပွင့်မလင်းနဲ့၊ အိမ်နီးချင်းများနဲ့ကျတော့ ဒေါင်းစွမ်း ပြနေတယ်။ ဦးသိန်းစိန် အစိုးရအနေဖြင့်ကမ္ဘာကိုပွင့်လင်း ပြဖို့ မဟုတ်ဘူး။ ကမ္ဘာနဲ့ အဲဒီလောက် ပွင့်လင်းဖို့ မလိုဘူး။ ဗမာပြည် ကို ဗမာ တွေလောက် ဘယ်သူမှ မချစ်ဘူး။ ကိုယ့်အချင်း ချင်းပဲ ပွင့်လင်းဖို့ လိုတယ်။ ကိုယ့်အ ချင်းချင်း ပွင့်လင်း ပြီဆိုယင် ဘယ်နိုင် ငံကမှ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးကို အနိုင် ကျင့်လို့ ရမှာ မဟုတ် တော့ ဘူး။

ရှည်သွားပြီထင်တယ်။ အစကို ပြန်ဆွဲမယ်။ နိုင်ငံရေးသမားတယောက်ဟာ အခြေအနေအရ ဆိုတဲ့စကားကို မသုံးသင့်။ အခြေအနေအရ ဒါ လေးကို ပြောပြလို့ မရသေးဘူးလို့ ပြောယင် အဲဒီ ကိုယ်စားလှယ် ကိုလည်း စိတ်ချလို့ မဖြစ်ဘူး။ အခြေအနေအရ ဒါလေး လုပ်ရတာပါလို့ ပြောတဲ့ ကိုယ်စားလှယ်ကိုလည်း မဲပေးစရာ မလိုဘူး။ ဒါလေး လုပ်ပေးမယ် ပြောတိုင်းလည်း မဲပေးစရာ မလိုဘူး။ တကယ် လုပ်ပေး နိုင်မ လား ဆိုတာကို စောင့်ကြည့်ရမယ်။ ဘယ်ကိုယ်စားလှယ်ကိုမှ သဘောမတွေ့ယင် မဲမပေးဘဲလည်း နေလို့ ရတယ်။

စနစ်ပြောင်းအောင် မဲပေးရမယ် ဆိုယင် အဲဒီစနစ်က ဘာစနစ်လဲ စိစစ်ကြည့်ပါ။ မိမိကရော အဲဒီစနစ်ကို သဘောတွေ့ပါ့မလားသေချာစဉ်း စားပါ။ အဲဒီစနစ်ကို ကြိုက်တယ်လို့ ထင်ယင် မိမိ ရွေးကောက် တင်မြှောက် လိုက်တဲ့ ကိုယ်စား လှယ်က အဲဒီ စနစ် ဆီကို အရောက်သွား နိုင်မလား သိမှ မဲပေးပါ။

များများ ပြောနေစရာ မလိုပါ။ သင့်မဲပြားတပြားဟာ စစ်အာဏာရှင်စနစ်ကို သက်စိုးရှည်စေမလား၊စစ်မှန်တဲ့ဒီမိုကရေစီနစ်ဆီကိုအရောက် သွားမယ့် လက်မှတ်တစောင်လား၊ စစ်မှန်တဲ့ ပြည်ထောင်စုကို ထူ ထောင်နိုင်မယ့် ထောက်တိုင်တခုလား ဆိုတာ သေချာ စဉ်းစား ပြီးမှ မဲပေးပါ။ ပြန်ပြော ပါဦးမယ်။ မဲပေးလို့ ရသလို မဲမပေး ဘဲနဲ့လည်း နေလို့ ရတယ်။

No comments: