Wednesday, April 4, 2012

သင်္ကြန်မဏ္ဍပ်သုံး စည်ပင်ရေခ နှစ်သောင်း ပိုကောက်မည်

မင်းသက် | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၂


၂၀၁၂ ခုနှစ် အတာသင်္ကြန် အကြတ် နှစ်ရက် ဖြစ်သည့်အတွက် စည်ပင်ရေကို ဆက်သွယ် မည့် ရေကစားမဏ္ဍပ်များ အနေဖြင့် ရေဖိုး ရေ ခကို ယမန်နှစ်ကထက် ၂၀,၀၀၀ ကျပ် ပိုမိုပေးရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောသည်။

“ဒီနှစ် သင်္ကြန်က အကြတ်ရက် နှစ်ရက်ဖြစ်တယ်။ ရေကစားတဲ့ရက် ပိုတာပေါ့။ ဒါကြောင့် ရေသုံးစွဲမှု ပိုတယ်။ ဒီအတွက် မနှစ်ကထက် ၂၀,၀၀၀ ကျပ် ပိုတာ ဖြစ်ပါတယ်” ဟု ရန်ကုန် စည်ပင် အင်ဂျင်နီယာဌါန(ရေနှင့်သန့် ရှင်းမှု)မှ ဒုတိယ ဌါနမှူး ဦးအောင်ဆန်းဝင်း က မဇ္ဈိ မကို ပြောသည်။

၂ဝ၁၁ ခုနှစ် သင်္ကြန်ကာလတွင် တလက်မ နှင့် တလက်မခွဲ ပိုက်လိုင်းများဖြင့် ရေသွယ်ပါက ၆၀,၀၀၀ ကျပ်၊ နှစ်လက်မ ပိုက်ဖြင့်ဆိုလျှင် ၁၀၀,၀၀၀ ကျပ်၊ သုံးလက်မ ပိုက်ဖြင့်ဆိုလျှင် ၂၀၀,၀၀၀ ကျပ် ပေးဆောင်ခဲ့ရသည်။

ယခုနှစ်တွင် တလက်မ နှင့် တလက်မခွဲ ရေပိုက်လိုင်းများက သွယ်ပါက ၈၀,၀၀၀ ကျပ်၊ နှစ်လက်မ ပိုက်ဖြင့်ဆိုလျှင် ၁၂၀,၀၀၀ ကျပ်နှင့် သုံးလက်မ ပိုက်ဖြင့်ဆိုလျှင် ၂၂၀,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း စည်ပင် အင်ဂျင်နီယာ ဌါန (ရေနှင့်သန့်ရှင်းမှု)၏ အင်္ဂါနေ့ သ တင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

“ရေဆက်သွယ်တဲ့ ကာလကို ဧပြီ ၁၂ ရက်နေ့က စပြီးတော့ ဧပြီ ၁၇ ရက်နေ့မှာ ပြန်ဖြုတ်ရမှာ ဖြစ်ပါတယ်။ ရေဆက် သွယ်တဲ့ အခါမှာ မီး သတ် ရေပိုက်ငုတ် ကနေပြီးတော့ ရေရယူမှု မပြုရပါဘူး။ ရေအားပြင်းပြင်း ဖြစ်စေမယ့် ရေပိုက်တွေ ဥပမာ မီးသတ်ပိုက်လိုမျိုး မလုပ်ရ ပါဘူး။ စတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်” ဟု လက်ထောက် ဌာနမှူး ဦးမျိုးသိန်း က ရှင်းပြသည်။

စည်ပင်မှ ယာယီရေ ဆက်သွယ်လိုသော သူများအနေဖြင့် မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ရုံးများကို သွားရောက် လျှောက်ထား ရမည် ဖြစ်ပြီး ခွင့်ပြုချက်မဲ့ ရေဆက်သွယ်မှုများကို အရေးယူမည် ဖြစ်ကြောင်းလည်း “ရေဆက်သွယ်တဲ့ အခါ သတ်မှတ်စည်းကမ်းအတိုင်း လုပ် ရမှာဖြစ်တယ်။ စည်ပင်ရေကို ခွင့်ပြုချက်မဲ့ ဆက်သွယ်ရင် အခု သတ်မှတ်ထား တဲ့ နှုန်းတားထက် သုံးဆကို ဒဏ်ကြေး ပေးဆောင်ရမယ်။ ရေဆက်သွယ်မှုတွေကို ခွင့်ပြုချက်မဲ့ လုပ်ထားတာ ရှိမရှိကို စည်ပင်သာယာရေးကော်မတီ အနေနဲ့ လိုက်လံ စစ်ဆေးဖို့ လုပ်ထားပြီး သား ပါ”ဟု ၎င်းက ပြောသည်။

ဧပြီလဆန်းပိုင်းမှ စတင်ပြီး ရန်ကုန်မြို့ရှိ နေရာအချို့တွင် မဏ္ဍပ်များကို တည်ဆောက် နေပြီဖြစ်ရာ ယခုအခါ ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်ကို ကန်တော်ကြီး ကန်ပတ်လမ်းတွင် တည်ဆောက်နေပြီဖြစ်သည်။

ယခုနှစ်တွင် ရန်ကုန်စည်ပင်ဧရိယာအတွင်း မဏ္ဍပ် ၄၄ ခု ဆောက်လုပ်ခွင့်ပြုထားသည်ဟု စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၏ စာရင်းဇယားများအရ သိရသည်။ ထိုအထဲတွင် ကန်တော်ကြီး ကန်ပတ်လမ်းတွင် အခု ၂ဝ၊ ဆရာစံလမ်းတွင် ၃ ခု၊ စက်မှု ၁ လမ်းတွင် ၂ ခု၊ ကမ္ဘာအေး ဘုရားလမ်းတွင် ၉ ခု၊ ပြည်လမ်းတွင် ၄ ခု၊ ဗိုလ်ချုပ်
အောင်ဆန်းလမ်းတွင် ၁ ခု၊ အလုံလမ်းတွင် ၃ ခု၊ ပါရမီလမ်းတွင် ၂ ခုတို့ ပါဝင်သည်။

သင်္ကြန် အကျနေ့၊ အကြတ်နေ့များနှင့် အတက်နေ့တို့တွင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ ရန်ကုန်ဆေးရုံကြီးတို့ကို ၂၄ နာရီ ရေပေးဝေသွားမည် ဖြစ်ကြောင်းလည်း အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် လက်ထောက်ဌာနမှူး ဦးမျိုးသိန်း က ပြောသည်။

သို့သော် ကျော်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်များတွင် နံနက် ၇ နာရီမှ ၁၁ နာရီထိ တကြိမ်၊ ညနေ ၃ နာရီ မှ ၆ နာရီထိ တကြိမ်ဟူ၍ နှစ်ကြိမ်ခွဲကာ ရေပေးဝေသွားမည်ဖြစ်သည်။ အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းတို့တွင် နံနက် ၇ နာရီမှ ၁ဝ နာရီထိ ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁ဝ ခုနှစ် ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး လူ ၁ဝ ဦး သေဆုံး ၍ ၁၆၈ ဦး ဒဏ်ရာရရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ၂ဝ၁၁ ခုနှစ် သင်္ကြန်မှ စတင်၍ ရေကစား မဏ္ဍပ် များတွင် လုံခြုံရေး CCTV ကင်မရာများ တပ်ဆင်ထားပြီး ယခုနှစ်တွင်လည်း တပ်ဆင်ထားမည်ဖြစ်သည်။

၂ဝ၁၁ ခုနှစ် သင်္ကြန်ကာလအတွင်း သေဆုံးသူ ၆ ဦး ရှိခဲ့ရာ လူသတ်မှုကြောင့် ၂ ဦးနှင့် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေဆုံး ခဲ့ရကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။ ထို့ပြင် မှုခင်းပေါင်း ၁ဝ၅ မှု ဖြစ်ပွားခဲ့ပြီး ၁၄၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ပါရှိသည်။

၂ဝ၁ဝ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၂ဝ ဖြစ်ပွားခဲ့ပြီး ၂ဝ၁၁ သင်္ကြန်အတွင်း ၃၄ မှု ဖြစ်ပွားခဲ့ကြောင်းလည်း ရန်ကုန်တိုင်း ယာဉ် စည်းကမ်းထိန်းသိမ်းမှု ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

No comments: