Wednesday, April 4, 2012

ထိုင်းဘက်ခြမ်းကို အားကိုး ရသည့် ဒေသခံများ အစိုးရ စစ်တပ် ငွေတောင်း သောကြောင့် အခက်တွေ့

သျှမ်းသံတော်ဆင့်


မြန်မာနိုင်ငံအစိုးရသစ် တနှစ်ပြည့်ပြီဖြစ်သော်လည်း ထိုင်းနယ်စပ်နေ ဒေသခံများနယ်စပ်ဂိတ်မှ ဖြတ်သန်းသည်ပင်လျင် တဦးလျင် ဘတ် ၄၀၀-၅၀၀ ထက်မနည်း မြန်မာစစ်တပ်ဂိတ် နှင့် ၀ တပ်စောင့်ဂိတ်များ၌ ဂိတ်ကြေးပေးနေရကြောင်း သိရသည်။

“မြန်မာစစ်သားတွေစောင့်တဲ့ ပုံပါကျင်မြို့အထွက်ဂိတ် မှာ ပုံပါကျင် ဒေသခံတွေတယောက် ၁၀၀၊ တနယ်တကျေးကလာရင် တယောက် ၇၀၀-၈၀၀ လောက် ပေးရတယ်။ အဲဒီမှာပြီးရင် နမ့်ယုမ်းဂိတ် (မြန်မာစစ်သားစောင့်ဘဲ) မှာ တယောက် ၁၅၀ ဘတ်၊ နောက် ဘီပီဝမ်း မှာ လဲ မြန်မာ ဂိတ်က ၁၅၀ ဘတ် ၊ ဝ ဂိတ်က ၁၅၀ ဘတ် ။ စုစုပေါင်း ဘတ် ၄၅၀ ကနေ ဘတ် ၆၀၀ အထိ ကုန်ကျပြီးမှ နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲဝင် လို့ ရတာ၊ ထိုင်းဘက်ခြမ်းကတော့ တပြားမှမပေးရဘူး။ တခြားက လာ တဲ့လူတွေ ဆိုရင် တယောက်အနည်းဆုံးဘတ် ၈၀၀ - ၁၀၀၀ ကျော်အထိ ကုန်တာဘဲ” ဟု ပုံပါကျင်ဒေသခံ တဦးက ပြောသည်။

ထိုင်းနယ်သို့ဝင်ပါက ဆိုင်ကယ်ခွန်သာ ဆောင်ရပြီးလူခွန်ပေးဆောင်ရခြင်းမရှိကြောင်း ၎င်းကပြောပြသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ ပုံပါကျင်မှ ထိုင်းနိုင်ငံသို့ဝင်ထွက်နိုင်သည့် လမ်း ၂ လမ်းရှိပြီး ပုံပါကျင်၊ နမ့်ယုံး၊ ဘီပီဝမ်း နောင်အုတ်လမ်း နှင့် ပုံပါကျင်၊ နမ့်ယုမ်း၊ နောင်ဝဲန်း၊ မိုင်းနလမ်းတို့ဖြစ်ကြောင်း ၎င်းကပြောသည်။

နမ့်ယုမ်းအလွန် လမ်းခွဲရမည်ဖြစ်သဖြင့် နမ့်ယုံးလမ်းခွဲ၌ဂိတ်စောင့်သည့် မြန်မာစစ်သားများအား ပိုက်ဆံပေးရကြောင်း၊ နောင်ဝဲန်း၊ မိုင်းန ဘက်တွင်မူ ဝ တပ်သားစောင့်ဂိတ်များသာရှိကြောင်း ဒေသခံကုန်သည်တဦးကလည်း ပြောပါသည်။

“ အဲဒီ ၂ လမ်းအပြင် နောက်တလမ်းရှိသေးတယ်။ ဒါပေမယ့် လူတွေက သိပ်မသုံးဘူး အဲဒီလမ်းကို။ လွယ်အန်ခန်ကနေ မိုင်းဖှန်ကို ပေါက်တာလေ။ တယောက် ဘတ် ၆၀၀ လောက်ကုန်တယ်ပြောတယ်။ အသုံးများတဲ့ ဒီ နမ့်ယုံး- နောင်အုတ်လမ်း၊ နမ့်ယုံး- မိုင်းန လမ်း တွေဆိုရင် တန်ခူး နှစ်သစ်ကာလ နဲ့ သီတင်းကျွတ် စတဲ့အလှူအဒါန်း ပြုချိန် ဆိုရင် ဝင်ထွက်တဲ့လူက တနေ့ ၁၀၀ လောက်အထိ ရှိတယ်။ နယ်စပ်ဂိတ်စောင့်ဖို့ တာဝန်ကျလာတဲ့အရာရှိတွေဆိုရင် သိပ်မကြာဘူး ချမ်းသာ ကုန်ကြတယ်၊ သူတို့နောက်တန်းပြန်ရင်တော့ ရွှေတွဲလဲ ငွေတွဲလဲ တွေကြီးဘဲ” ဟု ဆိုပါသည်။

သို့သော်ပြီးခဲ့သည့် ရှင်ပြုပွဲကာလက ပုံပါကျင်ရှင်ပြုပွဲလာမည့် ထိုင်းဘက်ခြမ်းမှ ဧည့်သည်များ ပုံပါကျင်မှ ပွဲကော်မတီ (သို့) ရပ်ကွက် အ ကြီးအကဲများထံမှ ထောက်ခံစာရယူပါက တယောက် ဘတ် ၅၀ ခန့်သာ ကုန်ကြောင်း၊ ထို့ကြောင့် ရှင်ပြုပွဲမှာ လည်း အထူး စည်ကား လှ ကြောင်း ပုံပါကျင် ဒေသခံများက ဝမ်းသာစွာ ပြန်လည်ပြောပြပါသည်။

သျှမ်းပြည်တပ်မတော်၏ ဟိုမိန်းရုံးသစ်အား ပြင်ဆင်စီမံပြီးစီးပါက ဟိုမိန်းလမ်းအားလည်းကောင်း တာချီလိတ်လမ်း အား လည်းကောင်း ပိုမိုအသုံးများလာမည့်အနေအထားရှိကြောင်း ၎င်းတို့က သုံးသပ်ပြသည်။

No comments: