Wednesday, April 4, 2012

လှည်း​ကူး​မှာ စစ်ဗိုလ်က ရာအိမ်မှူး​ကို ​သေနတ်နဲ့​ပစ်

ရွှေအောင်

ရန်ကုန်တိုင်း​၊​ လှည်း​ကူး​မြို့​နယ်ထဲမှာ ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပတဲ့​နေ့​က တပ်မ​တော် ဗိုလ်ကြီး​တဦး​က ရာအိမ်မှူး​တဦး​ကို ​သေနတ်နဲ့​ ပစ်ခတ်တဲ့​ ဖြစ်ရပ်တခု ဖြစ်ပွား​ခဲ့​တယ်လို့​ ရဲစခန်း​နဲ့​ဒေသခံ​တွေက ​ပြောပါတယ်။

လှည်း​ကူး​မြို့​နယ် မင်း​တုန်း​ အမှတ် ၁ တပ်မ​တော် အ​ခြေခံ​လေ့​ကျင့်​ရေး​တပ်က ဗိုလ်ကြီး​ကျော်ဦး​က ​ဖောင်ကြီး​ ပန်း​တောကုန်း​ ​ကျေး​ရွာ က ရာအိမ်မှူး​ ဦး​သိန်း​ဇော်ကို ​သေနတ်နဲ့​ ပစ်ခတ်ခဲ့​တာပါ။

သေနတ်နဲ့​အပစ်ခံရတဲ့​ ရာအိမ်မှူး​က ​ဖောင်ကြီး​ရဲစခန်း​မှာ အမှုဖွင့်​ထား​တယ် ဆိုတဲ့​အတွက် အမှုနဲ့​ပတ်သက်ပြီး​ ရဲစခန်း​ကို ဖုန်း​ဆက်​မေး​ကြည့်​တော့​ စခန်း​တာဝန်ကျသူက ဒီပစ်ခတ်မှု ဖြစ်ပွား​ကြောင်း​ ဒီဗွီဘီကို ခုလိုအတည်ပြု ​ပြောပါတယ်။

“ကျ​နော်တို့​ ပ နံပါတ်က ၃၀၊​ ပုဒ်မက ၃၂၆/၃၂၅ နဲ့​ အ​ရေး​ယူတာပါ။ ​သေ​စေနိုင်​သော လက်နက်နဲ့​ ဒဏ်ရာရ​အောင် လုပ်တာ​ပေါ့​။ စစ်စည်း​ကမ်း​အရ သက်ဆိုင်ရာ တပ်က​နေပြီး​တော့​ အခု စစ်ခုံရုံး​နဲ့​ စစ်​ဆေး​ဆဲ ကာလပါ။ ကျ​နော်တို့​က​တော့​ အမှုဖွင့်​ပြီး​တော ကျ​နော်တို့​ နယ် ဖက် စစ်ဖက် ​မေး​ရဦး​မယ်​လေ။ ​မေး​ပြီး​တော့​မှ ကျ​နော်တို့​က အမှုတွဲ လွှဲမှာ။ ​လော​လောဆယ်​တော့​ သူတို့​ရဲ့​ လုပ်ထုံး​လုပ်နည်း​အရ ခုံဖွဲ့​ပြီး​တော့​ စစ်​ဆေး​နေတယ်လို့​ ကြား​တယ်။”

ဒီပစ်ခတ်မှု ဖြစ်ပွား​ခဲ့​ပုံနဲ့​ ပတ်သက်ပြီး​ ​ဒေသခံ လှည်း​ကူး​မြို့​နယ် အန်အယ်လ်ဒီပါတီ ပြန်ကြား​ရေး​မှူး​ဦး​တင့်​ထွန်း​က ​ပြောပြပါတယ်။

“ဗိုလ်ကြီး​ကျော်ဦး​က မဲ​ပေး​တဲ့​နေ့​ ည ၇ နာရီ​လောက် ပြန်လာတာ။ ​ဖောင်ကြီး​ဘက်ကို အပြန် ဟိုဘက်က ဗဟိုဝန်ထမ်း​ဘက်က​နေ အ ထွက် မျက်နှာချင်း​ဆိုင် မီး​ထိုး​လာ​တော့​ မီး​ထိုး​လာပြီး​တော့​ အဲဒီမှာတင် ဒီဘက်က ရာအိမ်မှူး​ကို​ပေါ့​။ သူက လှမ်း​ဆဲ​တော့​ ရာအိမ်မှူး​က လည်း​ ​ပြောတာ​ပေါ့​။ မင်း​ဘာလို့​ဆဲတာလဲ ဘာလဲ ညာလဲဆိုပြီး​တော့​ ဆိုင်ကယ်ရပ်ပြီး​တော့​ ပြဿနာ ဖြစ်တာ။ တ​ယောက်နဲ့​ တ​ယောက် ပြဿနာရှာတဲ့​အခါကျ​တော့​ အရာရှိဖြစ်တဲ့​သူက ငါ ဗိုလ်ကြီး​ကွ မင်း​မသိဘူး​လား​ဆိုပြီး​ပြော​တော့​ ရာအိမ်မှူး​က ​တောင်း​ပန်ပါတယ်တဲ့​။ ​တောင်း​ပန်တာကို ​သေနတ်ဒင်နဲ့​ ​ခေါင်း​ကို ထုပြီး​ ​သေနတ်နဲ့​ ပစ်လိုက်တယ်။ ဘယ်ဘက် ပခုံး​ညှပ်ရိုး​ကို ထိသွား​တယ်လို့​ပြောတယ်။”

ရာအိမ်မှူး​ ဦး​သိန်း​ဇော်ဟာ ရရှိတဲ့​ ဒဏ်ရာ​ကြောင့်​ ရန်ကုန် ဦး​နှောက်နဲ့​အာရုံ​ကြော ​ဆေး​ရုံကြီး​မှာ တက်​ရောက် ​ဆေး​ကုသမှုခံယူခဲ့​ရပြီး​၊​ အခု​တော့​ ရန်ကုန်ပြည်သူ့​ဆေး​ရုံကြီး​မှာ ဆက်လက်ကုသမှု ခံယူ​နေပါတယ်။ အသက်အန္တရာယ် စိုး​ရိမ်စရာ မရှိဘူး​လို့​ သိရပါတယ်။

No comments: