Wednesday, April 4, 2012

နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ လုပ်ငန်းကို ဆက်လုပ် သွားမည် ဟု လားရှိုး ခွပ်ဒေါင်း ကိုယ်စား လှယ်ကဆို

သျှမ်းသံတော်ဆင့်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးစိုင်းမြင့်မောင် ကို လားရှိုး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)အတွက် မဲရေတွက်နေတဲ့နောက်ဆုံးအခြေအနေကို သျှမ်းသံတော်ဆင့်မှ စိုင်းမိဏ်းကဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လားရှိုး အမျိုးသားလွှတ်တော်ရဲ့မဲရလဒ်တွေက ဘာကြောင့်ကြန့်ံကြာနေသလဲ။

ဖြေ။ ။ ကြန့်ံကြာတယ်ဆိုတာက ဒီမှာက အမျိုးသားလွှတ်တော်ဖြစ်နေတဲ့အတွက် ၅ မြို့နယ်ပါတယ်။ သိန္နီ၊ လားရှိုး၊ ကွန်လုံ၊ တန့်ယန်း၊ မိုင်းရယ်။ နေရာကလဲ အလှမ်းဝေးတာလဲပါတယ်။ နောက်အဲဒီ ၅ မြို့နယ်အပြင် ကျေးရွာတွေလဲ ရှိသေးတယ်။ ပြည်သူ့လွှတ်တော်လို မြို့နယ်တစ်ခုဘဲချုပ်ရတာ မဟုတ်တဲ့အတွက်ကြောင့် စာရင်းတွေကို စောင့်ရတယ်။ ဒါကြောင့် မြန်မြန်ဆန်ဆန်မဖြစ်တာပါ။ ဒါပေမဲ့ သိရသ လောက် စာရင်းတွေ အားလုံးရောက်နေပါပြီ။ ညနေ ၄ နာရီ ၅ နာရီလောက်ဆို အဖြေထွက်မှာပါ။

မေး။ ။NLD အနေနဲ့ နောက်ဆုံးကြားသိရတဲ့အမှတ်စာရင်းလေး ပြောပြပါအုံး။

ဖြေ။ ။ လားရှိုးမြို့နယ်မှာ NLD က ၂၈၀၀၀ လောက်နဲ့ ကျနော်တို့ အများဆုံးပါဘဲ။ ကျားဖြူပါတီက ၁၁၀၀၀ လောက်ရမယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ၁၇၀၀၀ လောက်ရမယ်။ ကျနော်တို့ ၁၀၀၀၀ ကျော်ကျော် လောက် အသာရနေတယ်။ ဒါပေမဲ့ ကျားဖြူက သိန္နီ၊ တန့်ယန်း၊ ကွန်လုံမှာ တော်တော်များများ မဲအသာရထားတယ်။ ကွန်လုံမြို့နယ်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက အနိုင်ရတယ်။ ၅ မြို့နယ်မှာ ၃ မြို့နယ်က ကျားဖြူနိုင်ထားတယ်။ မဲတွေကိုခန့်မှန်းပြီးပေါင်းကြည့်ရင် NLD နဲ့ SNDP က နှာတဖျားစီ ရှိနေတယ်ဗျ။ ကျနော်ထင်တာက ကျားဖြူသာရင် သာသွားနိုင်တယ်။

မေး။ ။ NLD နိုင်ရင်လဲ ကပ်နိုင်မယ်။ SNDP နိုင်ရင်လဲ ကပ်နိုင်မယ်လို့ ဆိုလိုတာလား။

ဖြေ။ ။ ဟုတ်။ ရာဂဏန်းနဲ့ ကပ်နိုင်မယ်။ ထောင်ဂဏန်းတော့ မဖြစ်နိုင်ဘူး။ မပြောနိုင်သေးတာက တကယ့်စာရင်းအချုပ်ကို မသိရ သေးဘူး။ ဒါကကျနော်တို့ဆီ လာတဲ့စာရင်းတွေအရ တွက်တာပါ။ တွက်တဲ့အခါမှာလဲ သေချာဒါကတော့ ကျနော်တို့က တမြို့နယ်ဘဲနိုင် တယ်။ ကျနော်တို့ လားရှိုးမြို့ နယ်မှာ မဲဆန္ဒရှင်က ပိုများတာပေါ့။ SNDP ကတော့ သုံးမြို့နယ်နိုင်တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကွန်လုံ မှာဘဲ အသာရထားတယ်။ SNDP က ကျနော်တို့ထက်သာနိုင်တဲ့အနေအထားရှိတယ်လို့ ခန့်မှန်းလို့ရတယ်။ မနေ့က ဘာကိုခန့်မှန်းလဲ ဆို တော့ တန့်ယန်းကို ထည့်မတွက်သေးတော့ ကျနော်တို့ က တော်တော်များများလေး ရှေ့ကနေဦးဆောင်နေတယ်။ သို့သော် တန့်ယန်း ကစာရင်းထွက်လာ တော့ SNDP က တန့်ယန်းမှာ တော်တော်များများရတယ်။ သူက ၁၂၀၀၀ လောက်ရတယ်။ ကျနော်တို့ က ၄၀၀၀ လောက်ဘဲရတယ်။ အဲဒီမှာ တော်တော်လေးကွာသွားတယ်။

မေး။ ။ နောက်ဆုံးမဲရေတွက်မှာက ဘယ်မှာရေတွက်မှာလဲ။

ဖြေ။ ။ လားရှိုးမြို့နယ်ကော်မရှင်က မဲစာရင်းကို အတည်ပြုမယ်။ ကျနော်တို့က လက်မှတ်သွား ထိုးရမယ်။ အဲဒီမှာ စာရင်းချုပ် အတိ အ ကျရမယ်။ ခရိုင်ကျတော့ ကျန်တဲ့မြို့နယ်က ပို့လာတဲ့ဟာရယ် လားရှိုးမြို့ နယ်က ပို့လာတဲ့ဟာ အားလုံးကို ပေါင်းပြီးမှ အဖြေ တခု ထုတ် ပေးမယ်။ ကျနော်တို့က လက်မှတ်တွေ ထိုးပေးရမယ်။ ပြီးရင်ပြည်နယ်ကော်မရှင်ရှိတဲ့ တောင်ကြီးကိုပို့မယ်။ တပတ် အတွင်းမှာသိရမယ်။

မေး။ ။ နိုင်နိုင်/ရှုံးရှုံး ဒီအချိန်လေးမှာ ဘယ်လိုမှာကြားချင်ပါသလဲ။

ဖြေ။ ။ နိုင်နိုင်/ရှုံးရှုံး ကျနော်ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ကျင်းပသွားတဲ့ ရွေးကောက် ပွဲမှာ ပြည်သူ လူထုရဲ့ မကျေနပ်ချက်တွေရှိတာတွေ့ရတယ်။ ဘာတွေလဲဆိုတော့ မဲစာရင်းမှာမပါလို့ ၊ မဲစာရင်းမတိကျလို့ ဒါတွေရှိပါတယ်။ သို့သော်လည်း အ မျိုးသားလွှတ်တော်အမှတ် ၃ မှာ သက်ဆိုင်ရာ ကော်မရှင်များ မြို့နယ်ကော်မရှင် ခရိုင်ကော်မရှင်တွေရဲ့ ဆောင်ရွက်ချက်ကို အပြစ် ပြောစ ရာ မရှိပါဘူး။ ကျေနပ်ပါတယ်။ မဲစာရွက်ပေါ်မှာ ဖယောင်းသုတ်တဲ့ကိစ္စ အဲဒါကတော့ ကျနော်တို့ဆီမှာ ကျနော်ကြည့်မိသလောက် မရှိပါ ဘူး။ ဘယ်လိုဖြစ်ဖြစ် ဒီလိုယှဉ်ပြိုင်တဲ့အခါမှာ ရိုးရိုးသားသားနိုင်သွား တဲ့အနိုင်ဘဲလို့ ယူဆတယ်။ မကျေနပ်စရာမရှိပါဘူး။ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ကျနော်တို့ရဲ့ လုပ်ငန်းကို ဆက်လုပ်သွားရမှာဖြစ်ပါတယ်။

No comments: