Wednesday, April 11, 2012

အစိုးရတပ် KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်

သျှမ်းသံတော်ဆင့်

တရုတ် နယ်စပ် အနီးရှိ KIO ဋ္ဌာနချုပ် လိုင်ဇာ အနီးသို့ ယခုလ ၆ ရက်နေ့ခန့်က အစိုးရ တပ်များ အလုံး အရင်းဖြင့် ရောက်ရှိ လာကာ KIA ရှေ့တန်း တပ်စခန်း များအား လက်နက်ကြီး များဖြင့် နေ့စဉ် ပစ် ခတ် နေ ကြောင်း သိရသည်။

တပ်မ ၈၈ ၊ ၉၉ ၊ စကခ ၃ နှင့် စကခ ၁၀ လက်အောက်ခံ တပ်အင်အား ၁၀၀၀ ခန့် မြစ်ကြီးနား - လိုင်ဇာကားလမ်း အနီး တစ်ဝိုက်သို့ ရောက်ရှိ လာခြင်း ဖြစ်သည်။

အဆိုပါ တပ်များမှ KIA တပ်စခန်း များသို့ လက်နက်ကြီး များဖြင့် နေ့စဉ် ပစ်ခတ် နေကြောင်း KIO ပြောခွင့်ရ တွဲဘက် အထွေ ထွေအတွင်း ရေးမှူး ဦးလနန်မှ သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“ အခု လက်နက်ကြီး တွေယူ အင်အားဖြည့် တင်းတာတွေ လုပ်နေတယ် သူတို့ (အစိုးရတပ်) ဘက်က လက်နက်ကြီး တင်ထား နိုင်တဲ့ စခန်းတွေက တော်တော် များများ ရှိပါတယ်၊ ပေါ့ပေါ့ ပါးပါး ယူသွားနိုင် တဲ့ လက်နက်ကြီး တွေကို တောင်ကုန်းမှာ နေရာယူ ပြီး မသင်္ကာတဲ့ တောင်ကုန်း ဆိုရင် လိုက်ပစ်တာပဲ ပစ်မှတ် မှတ်ပုံတင် ရှာတာလည်း ဖြစ်နိုင်တယ်၊ မနေ့ကလည်း ၁၂၀ မမ ၊ ၈၁ မမလိုဟာမျိုးတွေနဲ့ တော်တော်များများပစ်ခတ်နေတယ် ” ဟု ဆိုသည်။

KIAတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် ကျောင်းသားတပ်ရှေ့တန်းစခန်းများသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရှိကြောင်း ကျောင်းသားတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“မြစ်ကြီးနား - လိုင်ဇာကားလမ်း နမ်ဆန်ယန်တပ်အထိုင်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာပေါ့ တပ်လှုပ်ရှားမှု ရှိတယ်လို့ထင်ရတဲ့ နေရာတွေ မီးခိုးထွက်တဲ့နေရာတွေ လိုက်ပစ်တယ်၊ သူတို့တပ်တွေ က ပါဂျောင် - နားဖေါ့ဘက်ကို တက်ဖို့လုပ်နေတာ ဒီဘက်က ပိတ်ထားတော့ ကားလမ်းကနေ မတက်နိုင်ဘူး ဖြစ်နေတာလေ ” ဟု ဆိုသည် ။

ယခုကဲ့သို့ အစိုးရတပ်အင်အား ဖြည့်တင်းနေခြင်းမှာ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့အား ၀င်ရောက်သိမ်းပိုက်နိုင်ရန် ရည် ရွယ်ပုံရကြောင်း ဦးလနန်က ဆက်ပြောသည်။

“လိုင်ဇာကိုဝင်သိမ်းမဲ့ကိစ္စကတော့ကြာပါပြီ၊ သူတို့ရည်မှန်းချက်ကတော့ အဲဒါပါပဲ။ သူတို့လုပ်မှာပါ လောလောဆယ် အ ကောင်အထည်မပေါ်သေးဘူးပေါ့၊ နည်းပရိယာယ်တွေလုပ်ကြမှာပါ။ ပိုပြီး ထူးခြား လာ တာ က လက်နက်ကြီးတွေ ပိုပြီးဖြည့် တင်းတာမျိုး လုပ်နေကြတယ် ” ဟု ဆိုသည်။

ငြိမ်းချမ်းရေးအတွက် KIAနှင့်အစိုးရ နှစ်ဘက်ကိုယ်စားလှယ်များ တရုတ်ရွေလီမြို့၌ ၃ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဘက် စစ်ရှိန်လျှော့သွားမည်ဟု ဆိုသော်လည်း ယနေ့တိုင် စစ်ရေး တင်းမာ နေ ဆဲ ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားများအပေါ် အစိုးရဘက်မှ သဘောထားမှန်ကန်ရန်လိုပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ပိုင်းဖြတ်ချက်ရှိ ရမည် ဖြစ်ကြောင်း ထိုသို့ဆွေးနွေးရာတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘောင်အောက်မှ ဆွေးနွေးရေးမျိုးမဖြစ်သင့်ကြောင်း လတ်တလော နှစ်ဘက်ပြဿနာဖြစ်ပွားနိုင်သည့် ဒေသများရှိ တပ်များရုပ်သိမ်းပေးမည်ဆိုပါက ပစ်ခတ်မှုများ လျော့နည်းသွားကာ တည်ငြိမ်မှု ရှိလာ မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

No comments: