Friday, April 6, 2012

KNU ကိုယ်စားလှယ်များအား မိတ်ဆက်ဧည့်ခံပွဲလုပ်

ကိုပေါက်

ဒုတိယ အကြိမ် ငြိမ်းချမ်းရေး ဆွေးနွေး ရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ အာ ဏာပိုင်များ မိတ်ဆက်ဧည့်ခံပွဲတခုကို ကြာသပတေးနေ့ ညနေ ခြောက် နာရီခွဲက ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။

သောကြာနေ့ မနက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြမည့် နှစ်ဖက်ကိုယ်စားလှယ်များအပြင် အနောက်နိုင်ငံ သံအရာရှိများနှင့် နိုင်ငံရေး ပါ တီ များမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း KNU ကိုယ်စားလှယ် အဖွဲ့မှ ပြောခွင့်ရ နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။

“ထွေထွေထူးထူးတော့ မရှိပါဘူး။ မိတ်ဆက် တွေ့ဆုံပွဲလေးပဲ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးတချို့ရယ်၊ စင်္ကာပူ၊ အမေရိကန်နဲ့ အီးယူနိုင် ငံတချို့က သံတမန် ဧည့်သည်တွေရယ်၊ ရန်ကုန်တဝိုက်က ကရင် အမျိုး သား ခေါင်းဆောင်တွေရယ် တက်ရောက်ကြပါတယ်” ဟု ပြောသည်။

အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးခင်ရီ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြို့တော်ဝန်နှင့် တိုင်း အစိုး ရအဖွဲ့ဝင်များ တက်ရောက်ပြီး KNU ကိုယ်စားလှယ်အဖွဲ့အား အထွေထွေ အတွင်းရေးမှူးနော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် မူတူးဆေးဖိုးတို့ ဦးဆောင်ပါဝင်ကြသည်။ ထို့ပြင် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ကရင်တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံတကာ အဲန် ဂျီ အိုများနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ၂၅ဝ ခန့် တက်ရောက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ပြောသည်။

သောကြာနေ့ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်းနှင့် ဦးခင်ရီတို့အပြင် အခြားဝန်ကြီးများလည်း တက်ရောက်ဖွယ်ရှိပြီး ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

KNU ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး သဘောထားဖလှယ်ရန် စီစဉ်ထားကြောင်းလည်း နော်မေဦးမုတြော် က ပြောသည်။

“အခု ကျမတို့ KNU က လုပ်နေတဲ့ ကိစ္စတွေပါပဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အတွက်က NLD ကလည်း ရပ်တည်မှုတခု ဖြစ်တယ်။ ကျမတို့ KNU က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စကား ပြောနေ တယ်ဆိုတော့ သဘောထားတွေ ဖလှယ်ဖို့၊ ပိုသိအောင်လို့ မိတ်ဆက်ပဲ ဖြစ်ပါတယ်” ဟုပြောသည်။

ယခင်က NLD နှင့် စာရေးဆက်သွယ်မှုများ ရှိခဲ့သော်လည်း ယခု ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ထဲတွင် NLD အပေါ် မျှော်လင့်ထားမှုနှင့် ပတ်သက်၍ “ဘယ်လောက်ထိ ပါဝင် ပေးနိုင်မလဲ ဆိုတာ ကတော့ NLD ကို ကျမတို့ မေးရမှာပဲ။ ဒါပေမယ့် NLD ကို ပါဝင်သင့် တယ်လို့ ကျမတို့ မြင်တယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လူတ ဦး တယောက် အဖွဲ့အစည်းတခုရဲ့ တာဝန်လည်း မဟုတ်ဘူး။ သူတို့ပါ ပါမှဖြစ်မယ်။ လက်လှမ်း မီသလောက် လိုက်ပြီး ဆွေးနွေး တာပါပဲ” ဟု နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။

NLD အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတရပ်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်သွား မည်ဟု တင်ပြ ထားပြီး တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းထားသည်။

ဇန်နါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် အပစ်အခတ်ရပ်စဲရေးအတွက် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်ချုပ် မူတူး ဆေးဖိုး ဦးဆောင်သော KNU ကိုယ်စား လှယ် အ ဖွဲ့တို့ လက်မှတ် ရေးထိုး ခဲ့ပြီး အသေးစိတ် အချက် အလက် များကို ထပ်မံ ဆွေးနွေး ရန်အတွက် ယခုတကြိမ် ထပ်မံ တွေ့ဆုံ ကြခြင်း ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် တနင်္လာနေ့တွင် ပဲခူးတိုင်းအတွင်းသို့ သွားရောက်ကာ အင်္ဂါနေ့တွင်မှ ဘားအံသို့ ပြန်လည်ထွက်ခွါကြမည် ဖြစ်ကြောင်း သိရသည်။

No comments: