Wednesday, April 4, 2012

RWU အမျိုးသမီးများ တရုတ် သံရုံးရှေ့တွင် ရွှေဂတ်စ် ရပ်တန့်ရန် ဆန္ဒပြ တောင်းဆို

နိရဉ္စရာ


ရခိုင်ပြည်နယ် ကမ်းလွန်မှထွက်ရှိသည့် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကို ရပ်တန့်ရန် ဘင်္ဂလာဒေ့ခ်ျ အခြေစိုက် ရခိုင်အမျိုးသမီး အစည်း အရုံး -RWU မှ ဒက္ကားမြို့ရှိ တရုတ် သံရုံးရှေ့တွင် ယနေ့ နံနက်က ဆန္ဒပြ တောင်းဆို ခဲ့သည်။

ဆန္ဒပြတောင်းဆိုရသည့် ရည်ရွယ်ချက်ကို ရခိုင်အမျိုးသမီးများအစည်းအရုံး အဖွဲ့ဝင် တဦးဖြစ်သူ စောသီရိရည်မွန်က ယခုကဲ့သို့ပြော သည်။

" ကျမတို့အခုလို တရုတ်သံရုံးရှေ့မှာ သွားပြီးဆန္ဒပြရတာက ရခိုင်တမျိုးသားလုံးက ဒီစီမံကိန်းကို ကန့်ကွက် နေတာကို မြန်မာအစိုးရက သိစေချင်လို့ဖြစ်ပါတယ်။ နောက်ပြီး အခုဆိုရင် ဒေါ်အောင်ဆန်း စုကြည်ကလည်း ပါလီမန်ကိုရောက်တော့မှာ ဖြစ်တယ်။ ပါလီမန်မှာ ဒေါ် အောင်ဆန်း စုကြည်အနေနဲ့ ဒီကိစ္စပြောဖို့ အတွက် အသိပေးလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင် ပါတယ်။ ရခိုင်ပြည်က ထွက်တဲ့ ဒီဂတ်စ် ကို တရုတ်ပြည်ကိုရောင်းချတာကို ရခိုင်တမျိုး သားလုံးက ကန့်ကွက် တယ်။ မလိုလားဘူး ဆိုတာကို သိစေချင်လို့ ဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်မှ ၁၂ နာရီခွဲအထိ ပြုလုပ်ခဲ့ပြီး ရခိုင်အမျိုးသမီးများအစည်း အရုံး(RWU) မှ အဖွဲ့ဝင် အမျိုးသမီး ၂၀ ခန့်က ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ပြုလုပ်နေသည့် ရွှေဂတ်စ် စီမံကိန်းကို ရပ်တန့်ပေးရန်၊ ဒေးဝူးကုမ္ပဏီ အား ရခိုင်ပြည်နယ်မှ ထွက်သွားရန်နှင့် စီမံကိန်းတွင် ပါဝင်နေသည့် တခြား နိုင်ငံခြား ကုမ္ပဏီများကိုလည်း ရခိုင်ပြည် နယ်မှ ထွက်သွားရန် ကြွေးကြော်သံများ ကြွေးကြော်ပြီး တောင်းဆိုခဲ့ကြသည်။

ရခိုင် အမျိုးသမီး အစည်းအရုံးက ယနေ့တွင် ကျေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ကျေညာချက်ထဲတွင် "ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းကြောင်း ရခိုင်တို့ ဘ၀မှာ သဘာဝဓါတ်ငွေ့  လည်းဆုံး ၊ မြေလည်းဆုံး၊ ရေပြင် လည်း ဆုံးရသည့်အဖြစ်သို့ ရောက်လာ ကြရသည်။ ရခိုင်တို့  နယ်မြေများမှာ တနေ့ ထက် တနေ့ ကျဉ်းမြောင်းလာရသည်" ဟု ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြသည်။

" မိမိတို့ ပြည်နယ်မှထွက်ရှိတဲ့ သာဘ၀ဓါတ်ငွေ့ကို ရခိုင်ပြည်သူတွေ အနေနဲ့ တစုံတရာ မသုံးစွဲရတဲ့ အတွက် ဖ ယောင်းတိုင် မီးကိုသာ အသုံးပြုနေကြရပါတယ်။ ဒီလို မတရားမူတွေ ကြောင့် ကျွန်မတို့ အနေနဲ့ ဒီစီမံကိန်း ရပ်တန့်အောင် အထိ နည်းမျိုးစုံနဲ့ ကြိုးစားပမ်း လုပ်ဆောင်သွား ဖို့ သံဓိဌာန် ချထားပါတယ်" ဟု စောသီရိရည်မွန်က ပြောသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းတွင် သုံးစွဲသွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန် ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက မတ်လ ၇ ရက်နေ့ ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ရခိုင်ပြည်နယ် အတွက် မည်မျှ ခွဲဝေသုံးစွဲမည်ကို ထုတ်ဖေါ် ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တောင်ကုတ်နှင့် ကျောက်ဖြူမြို့သို့ ရောက်ရှိခဲ့သည့် ဒုသမ္မတ သီဟသူရ တင်အောင် မြင့်ဦးက ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတခုလုံး လျှပ်စစ်မီးရရှိရေး အတွက် ကြီးအုံကြီးဝ ရေအား လျှပ်စစ်မှ တစ်ဆင့် သွယ်တန်း သွားမည်ဖြစ်ပြီး၊ တောင်ကုတ်၊ သံတွဲ၊ မအီ၊ ကျောက်ဖြူ၊ ရမ်းဗြဲဒေသသို့လည်း ပန်း တောင်းမြို့နယ် ဥသျှစ်ပင်မဟာဓာတ်အားလိုင်းမှ တစ်ဆင့် လျှပ်စစ်မီး သွယ်တန်းပေးမည်ဖြစ်ကြောင်း ဒေသခံ များကို ပြောဆိုခဲ့သည်။

သို့သော်လည်း ရခိုင်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် လျှပ်စစ် မီးရရှိရေး အတွက် လုပ်ဆောင်ပေးရန်ကိုမူ ယနေ့ထိ အစိုးရ အာဏာပိုင်များက ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

No comments: