Wednesday, May 2, 2012

နိုင်ငံရေးနှင့် အပိုင်းအစတစ်ချို့

မန်းကိုကို

ကနေ့ မြန်မာ ပြည်ရဲ့ ပြောင်းလဲ မှုနဲ့ ဖြစ်တည် ရှိနေ တာတွေ အပေါ် အမြင် သဘော ထားတွေ အမျိုးမျိုး ရှိကြ ပါတယ်။

ဒီအထဲမှာ သျှမ်းသံတော်ဆင့်မှာဖေါ်ပြခဲ့တဲ့ ဆောင်းပါးအချို့ထဲက လက်တွေ့စာတွေ့ဘဝတွေနဲ့ မကင်း ကွာသော်မှ ချွတ်ချော်မှုတွေ ရှိနေ တယ်လို့ ယူဆနိုင်တဲ့ အဆိုပြုတင်ပြချက်နဲ့ အကြောင်းရာအချို့ကို သိ မှတ်နားလည်ထားတာတွေနဲ့ ချိန်ထိုးကြည့်ပါရစေ။

(၁) ပြည်ခိုင်ဖြိုး ဘာကြောင့်ရှူံးရတယ်

အဦးဆုံး ကြံ့ဖွံ့လို့မသုံးပဲ ပြည်ခိုင်ဖြိုးဆိုတဲ့နာမည်ကို တမင်သုံးစွဲလိုက်ပါတယ်။အကြောင်း ရင်းခံ ကတော့ - ကနေ့ ကြားဖြတ် ရွေးကောက် ပွဲမှာ ပြည်သူ တွေရဲ့ သဘောထား အစစ် မှန်ကို ထင်ထင် ရှားရှား ဖေါ်ထုတ်ပြ ခဲ့ရာမှာ ပြည်ခိုင်ဖြိုး ပါတီဟာ လူနည်းစု ကိုသာ ကိုယ်စားပြု ကြောင်း ပေါ်လွင် ခဲ့ပါပြီ။ ဒီတော့ အား နည်းသူ၊ လူနည်းစု၊ ရှူံးနိမ့်သူကို တစ်ဖက်သတ် ချိုးနှိမ်ရာမရောက်အောင်နဲ့ လူ့အခြေခံ ကျင့် ဝတ် တွေကို လေးစားရာ ရောက်အောင် သူတို့နှစ်သက်လို့ ပြောင်းလဲထားခဲ့တဲ့နာမည်ကို သုံးစွဲပေးတာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုး ကြားဖြတ်ရွေးကောက်ပွဲမှာ ဘာကြောင့်ရှူံးရတယ်ဆိုတာကို သျှမ်းသံတော်ဆင့် ဆောင်းပါးတစ်ပုဒ်မှာ - အဓိက အားဖြင့် ပါတီ တွင်း စည်းလုံးညီညွတ်မှု မရှိခြင်း၊ မီဒီယာလှုံ့ဆော်မှု အားနည်းခြင်းနဲ့ ပြည်သူများကို မစည်းရုံးနိုင်ခြင်း စသည် ဖြင့် ဖေါ်ပြထားတာ ဖတ်ရ ပါတယ်။ ဒီအချက်တွေဟာ မှားယွင်းတယ်လို့ မဆိုနိုင်ပေမယ့် အခြားအရေးပါတဲ့ အချက် တွေကို မျက်ကွယ်ပြုသလို ဖြစ်နေတယ်လို့ ယုံ ကြည် တာကြောင့် ဖြည့်စွက်တာလေးတွေ လုပ်ပါရစေ။

ပထမတစ်ချက်၊ ပြည်ခိုင်ဖြိုးအဖွဲ့ဟာ နိုင်ငံရေးပါတီအသွင်မပြောင်းဘူးဆိုပြီး သူတို့ခေါင်းဆောင်တွေရဲ့ တစ်စိုက်မတ်မတ် ပြောနေရာက၊ လူတွေ ကြိုတင်ထင်မြင်ထားသလို နိုင်ငံရေးပါတီတစ်ခု ဖြစ်လာခဲ့ တာဟာ အစကတည်းက သန္ဓေမမှန်ဘူးလို့ ဆိုရလောက်ပါတယ်။ လူ အများ ဆီမှာ ရှိပြီးတဲ့ သံသယ တွေနဲ့ မယုံကြည်မှု တွေကို အတည်ပြု ပေးခဲ့ ပါတယ်။

ဒုတိယတစ်ချက်၊ ပြည်ခိုင်ဖြိုးဟာ နိုင်ငံပိုင်ပစ္စည်း၊ အဆောက်အဦး၊ ငွေကြေးတွေကို ပြည့်စုံကုံလုံရုံမက ပိုလျှံအောင်ရယူ တည်ဆောက် ထားတဲ့ အဖွဲ့စည်းဖြစ်ပါတယ်။ နိုင်ငံပိုင်ဆိုတာဟာ ပြည်သူတွေ အား လုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တာကြောင့် ဒါကို အလွဲသုံးစားလုပ်ခြင်းအားဖြင့် လူအများရဲ့မေတ္တာကို ဘယ်လိုမှ ခံယူလို့ မရနိုင် လောက်အောင် ခန်းခြောက်သွား စေခဲ့ ပါတယ်။ ပါတီရဲ့ ကျင့်ဝတ် သိက္ခာ ပိုင်းဟာ အရင် လူထု မကြိုက်လို့ ပြုတ်ကျ သွားခဲ့ပြီးတဲ့ မ.ဆ.လ ပါတီ ထက်တောင် အများ ကြီးနိမ့်ကျ နေတယ်လို့ ဆိုနိုင် ပါတယ်။

တတိယအချက်အနေနဲ့ ပြည်ခိုင်ဖြိုးဟာ အဖွဲ့စည်းတစ်ရပ်အဖြစ် တည်ထောင်ခဲ့ရာမှာ အဆင့်ဆင့် ဦးစီးဦးဆောင်နေရာ တွေကို စစ်ဗိုလ် စစ်သားဟောင်းတွေနဲ့သာ အဓိကထား ကျောရိုးပြုခဲ့တဲ့အချက်ပါ။ စစ် ဗိုလ် စစ်သား များဟာလည်း လူသားချင်း အတူတူ ဖြစ်တာ ကြောင့် သာမန် အရပ်သား တွေထက် ညံ့စရာ မရှိတာ အသေချာပါ။

ဒါပေမယ့် စစ်တိုက်ဖို့နဲ့ အမိန့်ပေး အမိန့်နာခံမှုမှာသာ ကျွမ်းကျင်ကြပြီး နိုင်ငံရေးဖက်မှာတော့ အတွေ့အကြုံနဲ့သိနား လည်မှုတွေ နည်းပါး တယ်ဆိုတာ ဝန်ခံကြရမှာ ဖြစ်ပါတယ်။ ပြည်သူနဲ့ ဟန်ချက်ညီဖို့နေ နေသာသာ ပါတီတွင်းမှာတောင် ခွဲခြားမှုတွေနဲ့ သဲအိမ် တည်ခဲ့ ကြပါ တယ်။

ဒီလို အရင်းအမြစ်ကနေစပြီး အခြေနေနဲ့နောက်ခံမကောင်းခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို စိတ်ခံစား မှုရှိတဲ့လူသား တွေရဲ့ သဘာဝနဲ့ သက်ရောက်မှုတိုင်းမှာ တွန်းကန်မှုရှိတယ်ဆိုတဲ့ နိယာမတွေကိုလျစ်လျူရှုပြီးထင်ရာစိုင်းကြ တဲ့အခါမှာတော့ သူတို့ရဲ့ဆုံး ရှူံးခန်းဟာ ဘယ်ဗေဒင်ဆရာကိုမှ မေး စရာမလိုလောက်အောင် ထင်ရှားနေခဲ့ပါပြီ။ ခုနေခါမှာ သူတို့ကြုံတွေ့နေရတာတွေဟာ ကနဦး အစ ပဲရှိပါ သေးတယ်။ ရှေ့လျှောက်ပြီး အတောမသတ်နိုင်တဲ့ ကျဆုံးစရာတွေ ကြိုလင့်နေမှာ သေချာပါတယ် ။ ဒါပေမယ့် အနာဂါတ်မျှော် လင့် ချက်တွေ လုံးဝ ပျောက်ကွယ် သွားတာတော့ မဟုတ် ဖူးလို့ ဆိုချင် ပါတယ်။ သူတို့ရဲ့ မျက်လုံး ပေါ်က ဖုံးလွမ်း နေတဲ့ တိမ်သလ္လာတွေ ကိုဖယ် ပစ်ပြီး ပြည်သူ တွေနဲ့ တစ်သား ထဲဖြစ်ဖို့ ပြန်ကြိုး စားကြမယ် ဆိုရင်၊ နောင်လာမယ့် ပြည်လုံးကျွတ် ရွေးကောက် ပွဲမှာ လွှတ်တော် ကိုယ်စား လှယ်နေရာ အနည်း အကျဉ်း လောက် ပြန်ရ နိုင်ချေ ရှိနေ သေးတယ်လို့ ယုံကြည် ပါတယ်။

အထက်က တင်ပြခဲ့တာတွေဟာ သာမန်လူအများ သိထားပြီးသားနဲ့ အလွယ်တကူ တွေးမြင်သိနိုင်ကြတာတွေသာဖြစ်ပြီး ပြည်ခိုင်ဖြိုးဘာ ကြောင့်ရှူံးရတယ်ဆိုတာကို တင်ပြ ခဲ့တဲ့ ဆောင်းပါးရှင်ရဲ့ ကျန်ရစ်ခဲ့ တဲ့ အပိုင်းလေး တစ်ချို့ကို ဖြည့်ဆည်း ပေးရုံ သက်သက် လို့သာ မှတ် ယူစေ လိုပါတယ်။

(၂) ပုဂ္ဂိုလ်ရေး ထိပါးမှု

နောက်တစ်ချက် သတိပြုမိတာကတော့ လူမှုရေးဖောက်ပြန်သူ၊ ဘိန်းစား စသည်ဖြင့် ပုဂ္ဂိုလ်ရေး ထိပါးပုတ်ခတ်မှုအချို့ ပါလာတာကို ဖြစ် ပါတယ်။ မည်သူမဆို မတူညီတဲ့ အမြင်တွေကို လွတ်လပ်စွာ မြင်ခွင့်ရှိ ပေမယ့်၊ အများ အတွက် ရေးသား ပြောဆို ရာမှာ စောင့်ထိန်း မှုတွေ ရှိရ ပါတယ်။ မစောင့်ထိန်း ခြင်းအားဖြင့် မိမိရဲ့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ အတွေ့ အကြုံ ရင့်ကျက်မှု တွေမှာ ဖြည့်ဆည်း စရာတွေ ရှိနေသေး တယ်လို့ ဖေါ်ထုတ် ပြသရာ ရောက်ပါ တယ်။

ကမ္ဘာမှာကြည့်တဲ့အခါ၊ အနားယူသွားပြီဖြစ်တဲ့ ဗြိတိသျှဝန်ကြီးချုပ်တစ်ယောက်ဟာ သူငယ်ရွယ်စဉ်က လူမှုရေးဆိုင်ရာ မှား ယွင်းမှု ရှိခဲ့ဖူး ကြောင်း အမှန်အတိုင်း ဝန်ခံခဲ့သလို၊ လက်ရှိသြစတြေးလျက အမျိုး သမီး ဝန်ကြီး ချုပ်ကလည်း သူတက္ကသိုလ် တက်စဉ်က ဆေးရှူခဲ့ ဖူး တာကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူး ပါတယ်။ ပြည်သူ တွေကလည်း ခုနေ ချိန်မှာ သူတို့ရဲ့ နိုင်ငံ အကြီး အကဲ တွေဟာ အတိတ်ကို ပစ္စုပ္ပန် အထိ သယ်မလာ ဘူးဆိုတာ နားလည် ပေးကြ ပါတယ် ။

ဆက်စပ်ပြီးတင်ပြလိုတာတစ်ခုက - အမေရိကန်သမ္မတလင်ကွန်းဟာ စကားစစ်ထိုးပွဲတစ်ခုမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ ကို ခံခဲ့ရဖူးပါ တယ်။ သူတစ်ချိန်တုန်းက အရောင်းစာရေး လုပ်ခဲ့ဖူးတာကို သူ့ပြိုင်ဖက် ကနေ နှိမ့်ချပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကို လင်ကွန်း ကနေ “ကျနော်ဟာ ကျနော်ရဲ့ဈေးရောင်းစားပွဲကို စွန့်ခွာခဲ့ပြီးပါပြီ၊ ဒါပေမယ့် ကျနော့်ရဲ့ပြိုင်ဖက်ကတော့ စားပွဲရဲ့ အခြား တစ်ဖက် ခြမ်းက သူဈေး ဝယ်ခဲ့ တဲ့ နေရာကို မစွန့်ခွာ နိုင်သေး ဘူးဖြစ် နေတယ်” လို့ ပြန်နှက် ခဲ့ပါတယ်။ ပုဂ္ဂိုလ် ရေး တိုက်ခိုက် မှုဟာ အလားတူ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု တွေကို ပြန်ဖိတ် ခေါ်တတ်ပြီး၊ အခန့် မသင့်လို့ ကိုယ့်ထက်သာ သူနဲ့ ကြုံလာတဲ့ အခါမှာ ကိုယ်သာ အလူး အလိမ့် ခံရတတ် ပါတယ်။

(၃) သောင်းကျန်းသူများ

တစ်ခါ စစ်ရေးဆိုင်ရာ ဆောင်းပါးတစ်ပုဒ်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကို “သောင်းကျန်းသူ”တွေလို့ ခေါ်ဝေါ် သုံး စွဲတာကို တွေ့မိလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကနေ့အချိန်လို အသိဉာဏ် ပညာတွေ ပွားများထွန်းကားနေတဲ့ ခေတ်ကာလမှာ အင်မတန် လွယ်ကူ ရှင်းလင်းတဲ့ စကားလုံးတွေကို ရှုပ်ထွေးအောင်နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် သို့မဟုတ် ကိုယ်တိုင် ထင်ယောင် ထင်မှား ဖြစ်နေပြီး သုံးစွဲ ပြောဆို နေတာ တွေဟာ မလိုလား စရာ သို့မဟုတ် ရိုးသား မှုတွေ လိုအပ် တာထက် လျော့နည်း နေတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။

သောင်းကျန်းသူဆိုတာ ဘာလဲ။ ဗမာလို နားလည်သူတိုင်း သောင်းကျန်းတဲ့သူတွေကို သောင်းကျန်းသူလို့ ခေါ်လို့ရတယ်ဆို တာ ရှင်းပြဖို့လိုမယ်မထင်ပါ။ ဒီတော့ တိုင်းရင်းသား လက်နက်ကိုင်ဖြစ်စေ၊ ပြည်မ စစ်တပ်ကဖြစ်စေသောင်းကျန်းလာရင် “သောင်းကျန်းသူ”ပါပဲ။ အားနည်းသူမှ သောင်းကျန်းသူဆိုရင်တော့ ပြောဆိုသုံးစွဲသူထံမှာအတွေးအမြင်ပိုင်းဆိုင်ရာမှာ စိန်ခေါ်မှုတွေ တွေ့ကြုံနေရပြီလို့ ဆိုနိုင် ပါတယ်။

တစ်ဆက်ထဲမှာ ပြောလိုတာက မြန်မာပြည်တွင်းမှာ မှားယွင်းချွတ်ချော်နေတဲ့ သတင်း၊ သမိုင်းနဲ့အသိတွေကိုတမင်ရွေးချယ် ထားတဲ့စကား လုံးတွေနဲ့ ထပ်ခါထပ်ခါဆင့်ပြောပြီး ကိုယ့်ကိုယ်ကိုလိမ်ဖို့ မကြိုးစား သင့်ကြတော့ဘူး ဆိုတာပါပဲ။ ဥပမာ အနေနဲ့ အနည်းဆုံး တပ်မတော် ဆိုတဲ့ စကား လုံးမှာ မြင်နိုင် ပါတယ်။ ဘယ်လိုပဲ ဘယ်က စကား လုံးတွေကို မွေးစားပြီး လှပ အောင်သုံးသုံး စစ်တပ်ဟာ စစ်တပ် ပါပဲ။ ဒီက နေ တစ်ဆင့် တက်ပြီး အင်္ဂလိပ်လို (Tatmadaw ဆိုပြီး) တိုက်ရိုက် အသံ ထွက် နဲ့ သုံးစွဲဖို့ ကြိုးစား ကြတဲ့ အခါ မှာတော့ ပိုဆိုး နိုင်တဲ့ အကျိုး တွေကို မျှော်လင့် ထားရပါမယ်။ စိတ် ပညာရှင် တွေ အ မြင်မှာ “ဒါဟာ စိတ် လုံခြုံမှု မရှိသူ တွေရဲ့ ကိုယ်ယုံကြည် ချင်တာ တွေကို ကိုယ့်ဖာသာ အားပေး အတည်ပြု ပေးဖို့ ကြိုးစား နေတာ”လို့ အဓိပ္ပါယ် ဖွင့်ဆိုမှာ ဖြစ်တာကြောင့် နိုင်ငံ တကာမှာ မျက်နှာ ညိုဖို့က လွဲပြီး အကျိုး မဖြစ်တာ သတိထား သင့်ပါ တယ်။

(၄) နိုင်ငံ့အရေး

နောက်ဆုံးတင်ပြချင်တာကတော့ “နိုင်ငံရေး” ဆိုတာနဲ့ ပတ်သက် ပြီးတော့ ဖြစ်ပါ တယ်။နိုင်ငံရေး သိပ္ပံ ပ ညာရှင် တစ်ဦးရဲ့ အဓိပ္ပါယ် ဖွင့်ဆို ချက်အရ “နိုင်ငံရေး” ဆိုတာဟာ - “လူများမှ သူတို့ နေထိုင်ရာ အောက် ၌ ရှိသော အထွေထွေ စည်းမျဉ်း ဥပဒေ ထုံးတမ်း များကို ပြုလုပ် ပြဌာန်း၊ ထိန်းသိမ်း၊ ပြင်ဆင်မှုများ ဖြတ် သန်း သွားရ သော ပြုဖွယ်ဆောင်တာ (သို့) အမှုကိစ္စ” ဖြစ်ပါတယ်။

ဒါနဲ့ဆက်နွယ်ပြီးကြည့်ရင် လတ်တလော အန်အယ်ဒီရဲ့ ကျမ်းကျိန်စာသားပြင်ပေးဖို့ တောင်းဆိုတာဟာ နိုင်ငံ ရေး လှုပ်ရှား မှု တစ်ရပ် ဆို တာ မြင်သာ ပါတယ်။ နိုင်ငံ ရေးဟာ ညှိနှိုင်း ဆွေးနွေး အဖြေ ရှာပြီး ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ အောင် လုပ်ရတဲ့ လုပ်ငန်း စဉ်ဖြစ် တာကြောင့် ပါဝင် လုပ်ကိုင် နေသူတွေ အနေနဲ့ ဒါကို နားလည် ဖို့နဲ့ အလျှော့ အတင်း လုပ်ဖို့လို အပ်တယ် ဆိုတာ မှတ်ယူ ထားပါ မှသာ ရွေ့ရှား ပြောင်းလဲ တိုးတက် မှုတွေ ရှိမှာပါ။

လက်ရှိမြန်မာပြည်နိုင်ငံရေးဟာ ပြောင်းလဲမှုတွေ အများကြီးဖြစ်နေပြီး တိုးတက်မှုဖက် ဦးတည် နေတာတွေ ကိုလည်း တွေ့ရ နိုင်ပါ တယ်။ နိုင်ငံရေး အရ ဖြေရှင်း မှုတွေ တချို့ တလေတွေ့ရသလို စစ်ရေးနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေလည်း အထင် အရှား ရှိနေ ပါတယ်။ ဒါပေမယ့် စစ်ရေးဟာလည်း နိုင်ငံရေး ဆွေးနွေး ညှိနှိုင်း မှုမှာ အသာစီး ရဖို့ အသုံးပြု နေတယ် ဆိုတာကို သတိ မူကြ ရပါမယ်။

တစ်ချိန်ထဲမှာ အင်အားကြီးသူက အင်အားနည်းသူတွေကို ပြုတ်ပြုတ်ပြုန်းအောင် ချေမှုန်းသတ်ဖြတ်ဖို့ ကြုံး ဝါး ပြောဆို ကြိုးပမ်း နေကြသူ တွေဟာ နိုင်ငံရေးဆိုတာကို ဘဲဥအစ ရှာမရဖြစ်နေသူတွေလို့ ဆို ပါတယ်။ ဒါမျိုးဟာ ဆယ်စုနှစ်နဲ့ချီတဲ့ ဝါဒဖြန့်ခဲ့မှုနဲ့ လိုအပ်တဲ့ အသိ ပညာ ဗဟု သုတတွေ ပိတ်ပင် ခြောက်ခမ်း နေစေခဲ့ တာရဲ့ အကျိုး ဆက်ဖြစ်ပြီး ဒါတွေကို လျော့နည်း လာအောင် လုပ်ကိုင်ကြ ပါမှ နိုင်ငံ ရေးမှာ အကောင်းဖက် ရှေ့ ဆက်လှမ်း နိုင်မှာ ဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ အားလုံးပဲ ပြည်ခိုင်ဖြိုးပါတီရဲ့အမှားမျိုး၊ တစ်ဖက်သားကို အနိုင်ရလိုမှုတစ်ခု ထဲ အတွက် ရိုးသားမှုနဲ့ လူ့ကျင့်ဝတ်တွေကို ဘေးဖယ်မိတာမျိုးတွေရှောင်ရှားရင်း အကျိုးများမယ့် နိုင်ငံ့ အရေး အရာတွေ လုပ်နိုင်ကြဘို့ ဆန္ဒပြု လိုက်ပါတယ်။

No comments: