Monday, May 7, 2012

ပန်ဝါ ခရစ်ယာန်၊ ဗုဒ္ဓကျောင်းဝင်းတွင် မြန်မာအစိုးရ တပ်စခန်း ချ

KNG

ကချင်ပြည်နယ် ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါမြို့သို့ ပို့ထားသော မြန်မာ အစိုးရ တပ်များက ခရစ် ယာန်ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း များကို ၎င်းတို့၏ တပ်စခန်းများအဖြင့် အသုံးပြုနေကြောင်း ဒေသခံ များဆို သည်။

ယခုချိန် ပန်ဝါမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ၂ ပါး (လော်ဝေါ် နှင့် KBC) နှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် အစိုးရ စစ် သားများ တပ်ချ နေရာ ယူထားသည်ဟု ဒေသခံများ ကချင် သတင်း ဌာန သို့ ပြောသည်။

ဧပြီ ၂၅ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ပန်ဝါကို ဝန်းရံလိုက်ပြီး နောက်တနေ့မှာ မြန်မာ့တပ်မတော် စစ်ဗျူဟာ ပန်ဝါ တွင် အခြေစိုက်လာသည်ဟု မြို့ခံများဆိုသည်။ ယင်းနောက် မြစ်ကြီးနားမှ စစ်ကူ ၂၀၀ ကျော်အား ပန်ဝါသို့ ရဟတ်ယာဉ်များဖြင့် သယ်ပို့ထားသည်ဟု ဆက်ဆိုသည်။

ကချင် နယ်ခြားစောင့်တပ် (ယခင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော NDA-K) ထိန်းချုပ်သော ပန်ဝါကို ယခု မြန်မာစစ်ဗျူဟာမှ ထိန်း ချုပ် လိုက်ပြီးနောက် မြို့ထဲမှ KIA တပ်များ လိုက်လံရှင်းလင်းရေးကို အစိုးရတပ်များ ပြုလုပ်နေသည်ဟု ဒေသခံများဆိုသည်။

ယခုချိန်ထိ မြန်မာစစ်တပ်အောက် ကချင် နယ်ခြားစောင့်တပ် ထိန်းချုပ်သော တရုတ်နယ်စပ်အနီး ပန်ဝါမြို့ကို မြန်မာ အစိုးရ တပ်မှ ထိန်း ချုပ် ထားဆဲဖြစ်ပြီး မြို့ပတ်ဝန်းကျင်ကို KIA မှ ထိန်းချုပ် ထား သည် ဟု ဒေသခံ များဆက် ဆိုသည်။

ဧပြီ ၂၆ နှင့် ၂၇ ညများတွင် ပန်ဝါမြို့မှ ၁၁ မိုင်အကွာ လုပီ အခြေစိုက် နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၀၂ ကို ၀ိုင်းရံထားသည့် KIA တပ်ဖွဲ့များကို မြန်မာစစ်တပ် ရဟတ်ယာဉ်များမှ ပြင်းပြင်းထန်ထန် ဗုံး ကျဲ တိုက်ခိုက် ခဲ့သည်ဟု ဒေသခံ များဆို သည်။

ယင်း တိုက်ခိုက်မှုတွင် KIA ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု ပန်ဝါဒေသခံများ KNG ကချင်သတင်းဌာန သို့ ပြောသည်။

မေ ၄ ရက်ထုတ် မြန်မာအစိုးရ မြန်မာ့အလင်းသတင်းစာ က “ပန်ဝါ ပတ်ဝန်းကျင် တိုက်ပွဲများတွင် KIA စစ်သားအလောင်း ၂၉ လောင်း တွေ့ ရှိသည်” ဟု ဖေါ်ပြချက်ကို ရှေ့တန်းမှ KIA အရာရှိ များက “မ ဟုတ် မမှန်ကြောင်း” ငြင်းဆိုထားသည်။

သို့သော် အစိုးရတပ်များ အချင်ချင်း မှားယွင်းပစ်ခတ်မှုရှိပြီး သေဆုံး ထိခိုက်မှုရှိသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသည်။

ယနေ့ထိ ပန်ဝါမြို့ပတ်ဝန်းကျင်နှင့် ပန်ဝါ-ချီဖွေလမ်းကြောင်းတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်နေဆဲဖြစ်ကြောင်း ဒေသခံများပြောသည်။

No comments: