Tuesday, February 19, 2013

ချင်းပြည်နယ် ရေ၊ မီးနှင့် လမ်းပန်းဆက်သွယ်ရေး ပံ့ပိုးရန် သမ္မတ ကတိပြု

ကွန်ချမ်း

ချင်းပြည်နယ်အတွင်း လမ်းဖောက်လုပ်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အစိုးရအနေနှင့် ပံ့ပိုးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က တနင်္ဂနွေနေ့က ကတိပေး ပြောကြားခဲ့သည်။

တိုင်းနှင့် ပြည်နယ်များအနက် ဖွံ့ဖြိုးမှု အနည်းဆုံး ဖြစ်သည့် ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ် ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊ လူထုအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် သမ္မတ က ပြောကြားခဲ့ခြင်း ဖြစ် သည်ဟု ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးတဦးက ပြောသည်။

“ဒေသရဲ့ လိုအပ်ချက်က ပြည်နယ် အစိုးရမှာ အများကြီး တာဝန်ရှိတယ်။ ဒေသကနေ လုပ်နိုင်တာကို လုပ်ပြီးတော့မှ မလုပ်နိုင်တာကို ပြည် ထောင်စု အစိုးရကို တင်ပြပါ ဆိုပြီးတော့မှ မှာကြားသွားပါတယ်ခင်ဗျ” ဟု ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးဗန်ထောင်း က ပြောသည်။

ချင်းပြည်နယ်အတွင်း 66 KV မဟာဓါတ်အားလိုင်း ရရှိရေး၊ ဟားခါးမြို့မှ မကွေးတိုင်း ဂန့်ဂေါမြို့၊ ဟားခါး-ဖလမ်း မှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ ဆက်သွယ်မည့် ပြည်ထောင်စု လမ်းမကြီးများနှင့် မြို့နယ်ချင်း ဆက် လမ်းများကို ရာသီမရွေး သွားလာနိုင်အောင် အဆင့်မြှင့်တင်ရေး၊ ပြည်နယ် တခုလုံး သောက်သုံးရေ လုံလောက်စွာ ရရှိရေး စသည်တို့ကို လေ့လာတွက်ချက်ပြီး ဆောင်ရွက်ရန်နှင့် မဆောင်ရွက်နိုင်သည် ကို ပြည်ထောင်စု အစိုးရက ပံ့ပိုးကူညီမည်ဟု သမ္မတ က ပြောဆိုခဲ့သည်ဟု ဆိုသည်။

၎င်းပြင် ကျောင်းနေအရွယ် ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ပံ့ပိုးပေးရန်၊ ယခင်က ရှိခဲ့သည့် ဖလမ်းမြို့ စိုက်ပျိုးရေး အထက် ကျောင်းကို စိုက်ပျိုးရေး သိပ္ပံကျောင်းအဖြစ် ပြန်လည် ဖွင့်လှစ်ရန်ကို လည်း ချင်းပြည်နယ် အစိုးရအား မှာကြားခဲ့ပြီး စိုက်ပျိုးရေးနှင့် မွေးမြူ ရေး လုပ်ငန်းများကိုလည်း လေ့လာခဲ့သည်ဟု ဆိုသည်။

ချင်းအမျိုးသားပါတီ (CNP) အနေနှင့် သမ္မတ ၏ ချင်းပြည်နယ် ခရီးစဉ်ကို ကြိုဆိုသော်လည်း ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များနှင့် သီးခြား ဖြစ်နေသည့် ပလက်ဝမြို့သို့ သွားရောက်ခြင်း မရှိသည့်အ တွက် စိတ်မကောင်း ဖြစ်မိကြောင်း အတွင်းရေးမှူး (၁) ထျီယံအုတ်ထန်း ခေါ် ဆလိုင်းငယ်ပီး က ပြောသည်။

“ဗဟိုကနေ ချင်းပြည်နယ် ခရီးစဉ်ဆိုပြီး လာလိုက်တယ့် အရင်အကြီးအကဲတွေလိုပဲ ပလက်ဝမြို့ကို မသွားဖြစ်ဘူး။ ရခိုင်ပြည်နယ် ခရီးစဉ်မှပဲ လူကြီးတွေ သွားရင်းနဲ့ ပလက်ဝမြို့ကို တန်းတန်းသွားတဲ့ဟာကို တော့ စိတ်မကောင်း ဖြစ်မိတယ်” ဟု ပြောသည်။

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် နီးစပ်လျက်ရှိကာ ချင်းပြည်နယ်တွင်းရှိ အခြားမြို့နယ်များနှင့် ဆက် သွယ်ရန် လမ်းမရှိခြင်းကြောင့် ပလက်ဝ-မတူပီလမ်း ဖောက်လုပ် ပေး ရန်အတွက် ၎င်းတို့ ပါတီအနေနှင့် ပြည်နယ်လွှတ်တော်တွင် အကြိမ်ကြိမ် တင်ပြခဲ့သည်ဟုလည်း သူက ပြောသည်။

ထို့အပြင် ချင်းပြည်နယ်၌ ဝါးပန်းပွင့်ပြီး ၂၀၀၇ မှ ၂၀၀၉ ခုနှစ်အတွင်း ကြွက်များ သောင်းကျန်းမှုကြောင့် သီးနှံများ ပျက်စီးကာ အစာရေစာ ငယ်မွတ်ခေါင်းပါးမှု ဘေးများနှင့် ကြုံတွေ့ခဲ့ရရာမှ ပြန်လည် နာလန် မထူနိုင်သေးခြင်းသည်လည်း အစိုးရအတွက် စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု သူက ပြောသည်။

“ကျနော်တို့အတွက်ကတော့ ဒီမိုကရေစီ အစိုးရ တက်လာတယ်။ အရင်အစိုးရတွေလိုပဲ ပြောတယ်။ ဒါပေမယ့် လက်တွေ့ဖော်ဆောင်မှုမှာ ဘယ် လိုလာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ သူတို့အတွက် စိမ်ခေါ် ချက်တခုလို့ပဲ ကျနော်မြင်ပါတယ်” ဟု ဆလိုင်းငယ်ပီး က ပြောသည်။

No comments: