Monday, February 11, 2013

ပါတီစုံအစိုးရအဖွဲ့ပုံစံ အသွင်ပြောင်းတော့မလား

သာလွန်ဇောင်းထက်

သမ္မတ ဦးသိန်းစိန်က အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်ရွှေကိုဟိုတယ်နှင့်ခရီး သွားလာရေး ဒုတိယ၀န်ကြီးအဖြစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ခန့်အပ်လိုက်ရာ ပါတီပေါင်းစုံပါဝင်သော အစိုးရအဖွဲ့ပုံစံဖြင့် ပြောင်းလဲဖွဲ့စည်းသွားမည်လားဟူသည့် ခန့်မှန်းချက်များ တဆက်တည်းလိုလို ထွက်ပေါ်လာသည်။

NDF ပါတီမှ ဒေါက်တာတင်ရွှေကို ဟိုတယ်နှင့်ခရီး ဒု ၀န်ကြီးအဖြစ် ခန့်အပ်မှုကြောင့် လွှတ်တော် နိုင်ငံရေး အသိုင်းအ၀ိုင်းအကြား ရိုက်ခတ် မှုကြီးမားခဲ့ပြီး ပါတီစုံ ပါဝင်သော အစိုးရအဖွဲ့ဖွဲ့စည်းမည်ဆိုသော သ တင်းများ ကြားသိလာရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ပြောသည်။

ဒေါက်တာတင်ရွှေကို ဒုဝန်ကြီးအဖြစ် ခန့်အပ်မည်ဆိုသော သတင်းသည် ကြိုတင်ထွက်ရှိခဲ့ပြီး မူလက သာသနာရေး ၀န်ကြီးဌာန ဒုဝန်ကြီးအ ဖြစ် ခန့်အပ်မည်ဟု သတင်းကြားသိခဲ့ရကြောင်း၊ ဒုဝန်ကြီးခန့်အပ် ရာတွင် သမ္မတ၏ အဆုံးအဖြတ်ကသာ အဓိကဖြစ်သော်လည်း လွှတ်တော် ဥက္ကဋ္ဌ များနှင့် ညှိနှိုင်းမှုတချို့ ရှိသည်ဟုလည်း သတင်း ထွက်ပေါ်ခဲ့ကြောင်း ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

“ကျနော်တို့ အခုကြားနေတာကတော့ ပါတီစုံက ပုဂ္ဂိုလ်တွေပါတဲ့ အစိုးရအဖွဲ့ဖွဲ့မယ်ဆိုပြီး ကြားတာပဲ။ အခု NDF က ဒေါက်တာတင်ရွှေကို ဟို တယ်ခရီး ဒုဝန်ကြီးခန့်လိုက် တာကလည်း ဒီပါတီစုံ အစိုးရဖြစ်လာမယ့် ပထမခြေလှမ်းပေါ့။ လွှတ်တော်က ပါတီစုံနဲ့ အရောင်အသွေး စုံတယ်။ ဒီလိုပဲ အစိုးရအဖွဲ့ကိုလည်း ပါတီစုံနဲ့ နိုင်ငံတကာမှာ ပိုပြီးတော့ လက်ခံလာ အောင် လုပ်မယ်ဆို တဲ့ အယူအဆတွေလည်း အစိုးရအဖွဲ့ထဲမှာ ရှိနေပြီ၊ အခြေတည် လာပြီလို့ ယူဆရမယ့် အနေအထားတွေ ရှိလာပါတယ်။ ပါတီစုံဖြစ်လာမယ့် အနေအထားလေး တခုပေါ့။ သမ္မတက အုပ် ချုပ်ရေးမှာ ခေါင်ဆို တော့ သူကြိုက်တာ သူဖွဲ့လို့ရတယ်။ ပါတီစုံစနစ်မှာဆိုရင် တခြားပါတီက သူတွေကိုလည်း နေရာပေးလေ့ရှိတယ်။ သဘောထားကြီးမှုကို ပြဖို့လိုတယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

NDF ပါတီ တည်ထောင်သူ ဦးခင်မောင်ဆွေကမူ ဒေါက်တာတင်ရွှေကို ဟိုတယ်နှင့်ခရီးဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရမှုတွင် အစိုးရက ကြိုတင် အ သိပေးခြင်း၊ ညှိနှိုင်းခြင်း မရှိခဲ့ဘဲ သမ္မတအမိန့် ထွက်ရှိလာမှသာ သိရှိရခြင်းဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်သည် ပါတီစုံပါသော အစိုးရအဖွဲ့ပုံစံဖြင့် ဒီမိုကရေစီ ရှင်သန်ရေး လုပ်ဆောင်မည့် လုပ်ရပ်ဖြစ်ကြောင်း၊ များမကြာမီ ပါတီစုံမှ သင့်တော်သော ပုဂ္ဂိုလ်များ ပါဝင်သော အစိုးရအဖွဲ့တခုအဖြစ် မြင်တွေ့ရဖွယ်ရှိကြောင်း ပြောသည်။

“ပါတီစုံအစိုးရပုံစံ ဖြစ်အောင်လုပ်မယ့် သဘောမျိုးဖြစ်နိုင်ချေ အတော်များပါတယ်။ ပါတီစုံ စနစ်နဲ့ သွားနေတဲ့ခေတ်မှာ ပါတီစုံကနေ သင့်တော် တဲ့ပုဂ္ဂိုလ်တွေကို ရွေးပြီးတော့ ခန့်မယ်ဆိုတဲ့သဘောမျိုး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အတူတကွ လိုက်ပါလာတဲ့ လူထုကို အကျိုးတကယ် ပြုတဲ့ လွှတ်တော်ထဲမှာရော၊ ပြင်ပမှာရော သင့်တော်တဲ့ပုဂ္ဂိုလ်တွေ ပါသင့်တဲ့ဆိုတဲ့ အယူအဆ မျိုးကြောင့် အစိုးရအဖွဲ့ထဲမှာ စထည့်လာတာလို့ ယူဆလို့ရပါတယ်။ ဒီလိုခန့်လိုက်တာက ပါတီစုံအစိုးရ စနစ်ကိုသွားမယ့် ပထမဆုံးသော ခြေလှမ်းတရပ်ပဲ” ဟု ဦးခင်မောင် ဆွေ က ပြောသည်။

ဦးခင်မောင်ဆွေ၏ အဆိုအရ ဟိုတယ်နှင့်ခရီး ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသော ဒေါက်တာတင်ရွှေသည် အသက် ၆၉ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ဘုရား၊ တရားကြည်ညိုကာ ဘာသာရေးကိစ္စ အလွန် လုပ်ဆောင် ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် ပတ်သက်ပြီး အတွေ့အကြုံမရှိကြောင်း သိရှိရသည်။

သမ္မတ ဦးသိန်းစိန်၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ ငြိမ်းချမ်းရေး အကျိုးဆောင်လည်း ဖြစ်သူ ဦး လှမောင်ရွှေကမူ ပါတီပေါင်းစုံ ပါဝင်သော အစိုးရအဖွဲ့ပုံစံသည် အနှေးအမြန် ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းသည်။

“ကျနော် နားလည်တာကတော့ ပုံစံကတော့ တဖြည်းဖြည်း တရွေ့ရွေ့တော့ ပြောင်းနေပြီ။ တကယ်ပဲ ဒီမိုကရေစီနိုင်ငံဖြစ်အောင်သွားမယ်ဆို ရင်တော့ ဒီလိုမျိုးတွေက အ နှေးနဲ့အမြန်တော့ သွားရမှာပေါ့။ အဲဒါကြောင့်ပဲ ဒီလိုပုံစံမျိုး စသွားတယ်လို့ ယူဆတယ်။ အခုမသွားလည်းနောက် တော့သွားရမှာပေါ့။ ပြည်သူလူထုယုံကြည်ဖို့ ထောက်ခံဖို့နဲ့ ဒီလိုပဲလုပ်ရမှာပဲ။ Reform Process ကို ပြည်သူလူထု ယုံကြည်မယ်၊ ထောက်ခံ မယ်၊ ယုံကြည်ဖို့၊ ထောက် ခံဖို့ အလုပ်သဘာအရတော့ လုပ်ရမယ့် အလုပ်တွေအများကြီးပဲ။ ဒီအထဲက အလုပ်တချို့ကိုလုပ်တယ်လို့ပဲနား လည် ပါတယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။

ပါတီစုံပေါင်းစုံ ပါဝင်သော အစိုးရ တရပ်ဖြစ်ပေါ်ရေးတွင် သမ္မတ ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်သည် အဓိက ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥ ပဒေအရ သမ္မတတွင် အုပ်ချုပ်ရေးအဖွဲ့ပုံစံကို မိမိစိတ်ကြိုက်ပုံဖော် နိုင်သော အခွင့်အရေးရှိနေကြောင်း သိရှိရသည်။

သံစုံတီးဝိုင်းကဲ့သို့ ပါတီစုံပါဝင်သော အစိုးရတရပ်ဖြစ်ပေါ်လာလျှင် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ပိုမိုမြင့်မားနိုင်ပြီး ဒီမိုကရေစီ အ ခြေခံအုတ်မြစ် ခိုင်မာမှုကို မြင့်မားစေမည်ဟု ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်သူ ဒေါက်တာအေးမောင်က ဆိုသည်။

“ပြည်ထောင်စုအစိုးရပုံစံ ပေါ်အောင် သူကြိုးစားနေသလားဆိုတာ သမ္မတကြီးပေါ်မှာပဲ မူတည်တယ်။ ၀န်ကြီးတွေဆိုတာ နိုင်ငံရေး ရာထူးတွေ ဗျ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရာထူးတွေကို တာဝန်ခံ၊ တာဝန်ယူရဲတဲ့ပုဂ္ဂိုလ်တွေကို ပေးဖို့လိုတယ်။ ကိုယ်တာဝန်ခံရဲရမယ်၊ ကိုယ်တာဝန်ယူတဲ့ ၀န်ကြီးဌာနတခုက မှားရင်ဖြစ်ဖြစ်၊ လက်အောက်ငယ်သားတွေ ဖောက်ပြန်ရင် ဖြစ်ဖြစ်၊ စီမံကိန်း တခုခု မအောင်မြင်ရင် ဖြစ်ဖြစ် နုတ်ထွက်ရဲရ မယ်။ သနားလို့ ပေးပြီးပါကာမှ၊ မေတ္တာကြောင့်ရတဲ့ ရာထူး မဖြစ်ရဘူး။ မိမိအစိုးရရဲ့ ပုံစံကို သံစုံတီးဝိုင်းလို မတူကွဲပြားတာတွေနဲ့ဖွဲ့စည်းထား တဲ့ တိုင်းရင်းသား ပေါင်းစုံပါတဲ့ ဂုဏ်ယူနိုင်အောင် ဖြစ်ရင်တော့ သိပ်ကောင်းမှာပဲ” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်ကမူ သမ္မတသည် အားလုံးပါဝင်သောနိုင်ငံရေးစနစ်အကောင် အထည်ဖော်နေပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ အရည်အချင်းရှိသူ မှန်သမျှကို တာဝန်ပေးလိုစိတ်ရှိသူဟု ပြောသည်။

“All inclusive ဆိုတာက သမ္မတကြီး အမြဲတမ်းပြောနေတဲ့ စကားပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအနေနဲ့က သူက အရည်အချင်း သင့် တော်သူမှန်သမျှကို ခန့်လို့ရတယ်။ ခန့်ခွင့်ရှိတဲ့အတွက်ကြောင့် ဒေါက်တာတင်ရွှေကို ခန့်လိုက်တာ။ သမ္မတကြီးက ပြင်ပက အတတ်ပညာရှင်တွေကို ၀န်ကြီးအဖွဲ့မှာ ပါဝင်စေတာပါပဲ။ သမ္မတကြီးအနေနဲ့က ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားဘဲ မိမိနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အ ချင်းပြည့်မီတဲ့သူ မှန်သမျှကို တာဝန်ပေးဖို့ စိတ်ရှိတယ်၊ အသင့်ရှိတယ် ဆိုတာကို ပြလိုက်တာပါ” ဟု ဦးရဲထွဋ်က ဆိုသည်။

ယင်းသို့ ပြောဆိုသုံးသပ်ချက်များကြောင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်ထောင်စုဝန်ကြီး တနေရာ ခန့်ထားနိုင်သည်ဆိုသော ခန့်မှန်းချက်များလည်း ပေါ်ထွက်နေပြီး ၎င်းကိစ္စနှင့်ပတ်သက်၍ ဧရာဝတီက သဘောထားတောင်းခံရာ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်က ဖြေကြားရန် ငြင်းဆိုသည်။

No comments: