Monday, February 4, 2013

သတင်းစာ ထုတ်ဝေခွင့် ဘယ်သူ့အတွက်လဲ

တိုင်းကျော်

ဦးသိန်းစိန်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနဟာ ၂၀၁၂ နှစ်မကုန်ခင်မှာပဲ လာမယ့် ၂၀၁၃ ဧပြီလ ကျရင် နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပေး တော့မယ်လို့ ကြေညာခဲ့ပါ တယ်။ ဘယ်လို အရည် အချင်းနဲ့ ပြည့်စုံတဲ့နိုင်ငံသားတွေကို ထုတ်ဝေခွင့်ပေးမယ် ဆိုတာ မပါသလို ပြန် ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို မေးတော့လည်း ရေရေရာရာ ဖြေကြားတာမျိုး မရှိပါဘူး။ ဒီအတွက် ဘယ်သူတွေကို သ တင်းစာ ထုတ်ခွင့်ပေးမှာလဲ၊ ဘယ်နှစောင်လောက်များ ခွင့်ပြုပေး မှာလဲ၊ ဘယ်လို စည်းကမ်းချက်တွေ ထားဦးမှာလဲ စတာတွေ ဘာမှ မသိရသေးပါဘူး။ ဒီအတွက် သတင်းစာ ထုတ်ဝေခွင့် ပြဿနာကို ခုတ ပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

တကယ်တော့ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေဆိုတာဟာ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်း အာ ဏာမသိမ်းခင်ကအထိ အစောင် ၄၀-၅၀ လောက်ရှိခဲ့တာပါ။ အဲဒီနောက် ပိုင်းကျမှာ ပုဂ္ဂလိကတွေ သတင်းစာထုတ်ဝေခွင့် ပိတ်ပင်ခံခဲ့ရတာပါ။ ပြောရရင် စပြီးပိတ်လိုက်တယ် ဆိုကတည်းက ပြည် သူတွေရဲ့ နားနဲ့ မျက်စိကို ပိတ်လိုက်တာနဲ့ အတူတူပါပဲ။ ဒီလိုနည်းနဲ့ တိုင်းပြည် ကံဆိုး မိုးမှောင်ကျ ခဲ့ရတဲ့အထဲ သတင်းစာထုတ်ဝေခွင့် ပိတ်ပင်လိုက်တာကလည်း အရေးကြီးတဲ့ အချက်တ ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ပြောရရင် အရင်ကတည်းက ပိတ်ကို မပိတ်ပင်သင့်တာမို့ အခု ပြန်ဖွင့်ပေးတဲ့အခါ မှာလည်းဘယ်လိုနှောင်ကြိုးမှမထားဘဲပြန် ဖွင့်ပေးဖို့ လိုပါတယ်။

အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရ အုပ်စိုးတဲ့ နှောင်းပိုင်းကာလတွေမှာ အပတ်စဉ်ထုတ် ဂျာနယ် တနည်းပြောရရင် တပတ်တကြိမ်ထုတ် သ တင်းစာတွေ ထုတ်ဝေခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံသားအားလုံး ကို တန်းတူညီမျှ အခွင့်အရေးပေး ထုတ်ဝေစေခဲ့တာတော့ မဟုတ်ပါဘူး။ စစ်ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်း သားသမီးတွေ၊ အစိုးရနဲ့ နီးစပ်သူတွေကိုသာ အဓိက ရွေးချယ်ထုတ်ဝေခွင့်ပေးခဲ့ပြီးသတင်းမီဒီယာ လောက ကို လိုသလို ပုံဖော်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအထဲကမှ စာပေစိစစ်ရေးယန္တယားကို သုံးပြီး တချို့ကို မျက်နှာသာပေး၊ကြီးထွားအောင်ဖန်တီး ပေးခဲ့ပါသေးတယ်။ လက်ရှိ အပြောင်းအလဲကာလ ရောက် လာတဲ့အခါ အဲဒီ စစ်ဗိုလ်ချုပ်သားသမီးတွေ၊ စစ်အစိုးရနဲ့ နီးစပ်သူတွေလက်ထဲမှာ ဂျာနယ်တွေ ရောက်နေပြီး စီးပွားလည်း အလွန်တောင့်တင်းနေကြပါပြီ။ ဒီလိုနဲ့ ဦးသိန်းစိန်အစိုးရတက်ပြီး ၂ နှစ်အကြာမှ စာပေ စိစစ်ရေးကို ဖြုတ်၊ ဂျာနယ်လိုင်စင်တွေကိုလည်း ဖောဖောသီသီ ချပေးပါတော့တယ်။ ဒီအခါ မနေ့တနေ့ကမှ ထုတ်ဝေခွင့်လိုင်စင်ရသူတွေ ဟာ စစ်အစိုးရ က စနစ်တကျ ဖန်တီးပေးလို့ ကြီးထွားနေကြတဲ့ ဂျာနယ် တွေကို ပြိုင်ဆိုင်ဖို့ ခက်ခဲနေချိန်မှာ အခု သတင်းစာ ထုတ်ဝေခွင့်ပေးမယ် ဆိုတဲ့ သ တင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ခုလို သတင်းစာထုတ်ဝေခွင့်ပြုမယ်လို့ မကြေညာခင်တုန်းက ကြီးထွားနေပြီဖြစ်တဲ့ ပြည်တွင်းဂျာနယ်တိုက် ၈ ခုဟာသတင်းစာထုတ်ဝေမယ်ဆို ရင် သူတို့တွေဟာ သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်တဲ့ အတွေ့ အကြုံရှိသူတွေဖြစ်ကြောင်း၊ သူတို့မှာ ပုံနှိပ်စက်တွေလည်း ရှိကြောင်း၊ ဒါ ကြောင့် သူတို့ကိုသာလျင် သတင်းစာ ထုတ်ဝေခွင့်ပေးသင့်ကြောင်း သဘောပါတဲ့ စာတစောင် ပြန်ကြားရေးဝန်ကြီးဌာနကိုတင်ပြခဲ့ဖူးပါ တယ်။ တကယ်တော့ သတင်းစာဆိုတာ အဓိကအားဖြင့် သတင်းတွေ သတင်းဆောင်းပါးနဲ့ ဖတ်စရာတွေကို နေ့စဉ် ပုံနှိပ်ထုတ်ဝေရတာသာ ဖြစ်ပါ တယ်။ စာမျက်နှာ ၄ မျက်နှာရှိရှိ၊ ၁၀ မျက်နှာ ရှိရှိ၊ စာမျက်နှာ ၁၀၀ ရှိရှိ ထုတ်ဝေနိုင်ပါတယ်။ ရောင်စုံထုတ်ဝေနိုင်သလို အဖြူအမဲလည်း ထုတ် နိုင်ပါတယ်။ ရိုးရိုးပုံနှိပ်စက်နဲ့ ရိုက်နိုင်သလို ၁ မိနစ် ရွက်ရေများစွာထွက်တဲ့ ခေတ်မီစက်တွေနဲ့လည်း ရိုက်နိုင်ပါတယ်။

အဲဒီ သတင်းစာ ရေရှည်တည်တံ့၊ မတည်တံ့ဆိုတာဟာ စာဖတ်သူပြည်သူတွေနဲ့ ဈေးကွက်ကသာ အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ ပုံ နှိပ်စက်ကြီးတွေမရှိလို့၊ အရင်က ဂျာနယ်မထုတ်ဖူးလို့ ထုတ်ခွင့်မပေး ဘူးဆိုတာမျိုး မလုပ်ကောင်းပါဘူး။ လက်ရှိ ဂျာနယ်ထုတ်ဝေခွင့်လိုင်စင် ကို အထိုက်အလျောက် အလွယ်တကူ ချပေးနေသလို သတင်းစာထုတ်ဝေခွင့် လိုင်စင်ကိုလည်း အလားတူ ချပေးသင့်ပါတယ်။ ဒါမှသာ သ တင်းလုပ်ငန်း လုပ်ကိုင်နေသူတွေရော၊ ဒီ လုပ်ငန်းကို စိတ်ဝင်စားတဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေပါ ဈေးကွက်စီးပွားရေးစနစ်နဲ့ အညီ လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ အရင်စစ်အစိုးရလက်ထက်က လုပ်ခဲ့သလို လက်ရှိ ကြီးထွားနေပြီဖြစ်တဲ့ လူတွေ၊ အစိုးရနဲ့ နီးစပ်သူတွေ စတဲ့ လူလက်တဆုပ် စာလောက်ကိုပဲ ထုတ်ဝေခွင့်ပေးမယ်ဆိုရင် ဦးသိန်းစိန် အစိုးရအ ဖွဲ့ကိုလည်း ဒီမိုကရေစီထွန်းကားရေးကို ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့လို့ သတ်မှတ်နိုင်တော့မှာ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments: