Tuesday, February 19, 2013

အနှိပ်စက်ခံ ကရင်မိန်းကလေးငယ် အတွက် ထိုင်းဝန်ကြီးချုပ်ကို တောင်းဆို

သန်းထိုက်ဦး

ထိုင်း ၀န်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ် အနေနှင့် အလုပ်ရှင်၏ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် ကရင် မိန်းကလေးငယ်အမှုနှင့် ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံ အခြေ စိုက်လူ့အခွင့် အရေး လှုပ်ရှားသူများက ချင်း မိုင်မြို့ရှိ ခရိုင်အုပ်ချုပ်ရေးရုံးသို့ယနေ့ သွား ရောက် တောင်းဆိုကြသည်။

ယင်း လူ့အခွင့်အရေး လှုပ်ရှားနေသည့် အစိုးရမဟုတ်သော(NGO) အဖွဲ့ ၂၀ ခန့်ကို ထိုင်းလူမျိုး နိုင်ဝိုင်ယင်း ထောင်းဘီ က ဦးဆောင်၍ တောင်းဆိုစာကို ချင်းမိုင် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တဆင့် ယင့်လပ် ရှင်နာဝပ် ထံ ပေးပို့ခဲ့ ကြောင်း ထိုင်းဘာသာဖြင့် ထုတ်လွှင့်သည့် hedlomnews အင်တာနက် စာ မျက်နှာတွင် ဖော်ပြထားသည်။

ထိုင်း အာဏာပိုင်များ အနေနှင့် ပြစ်မူကျူးလွန်ထားသူကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရေးနှင့် တရားမျှတစွာ ဆောင်ရွက် ပေးရန်တို့ကို တောင်းဆို ထား ကြောင်း သိရသည်။

ယင်းတောင်းဆိုချက်များကို ချင်းမိုင် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူတဦးက ယင့်လပ် ရှင်နာဝပ်ထံ အမြန်ဆုံး တင်ပြပေး မည်ဟုပြန် လည် ပြောကြားခဲ့သည်။

“အမှုက တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကို ကျနော်တို့ စိုးရိမ်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလင်မယား (ပြစ်မှုကျူးလွန်သူ) ကချိန်းထား တဲ့ ရက်ကို မလာဘူးလေ၊ ဒါကြောင့် ကျနော်တို့က ထိုင်းဝန်ကြီးချုပ်ကို အကူအညီ လာတောင်းရတာ”ဟု NGO အဖွဲ့များကို ဦးဆောင် သူ နိုင်ဝိုင်ယင်းက ပြောကြားကြောင်း hedlomnews သတင်း၌ ရေးသားထားသည်။

ထိုသို့ တရား ရင်ဆိုင်ရန် ပျက်ကွက်သည့် ထိုင်း အလုပ်ရှင် လင်မယားကို ဖမ်းဆီးပေးသူအား ထိုင်း ဘတ်ငွေ တသိန်း ပေးမည်ဟု လည်း ယ မန်နေ့က ဆုငွေ ထုတ်ပြန်ထားသည်။

ထိုင်းသတင်းများအရ တရားရင်ဆိုင်ရမည် ဖြစ်သော အသက် ၃၅ နှစ် အရွယ် ထိုင်း အမျိုးသားနှင့် အသက် ၃၃ နှစ် အရွယ်ရှိ ထိုင်း အမျိုးသ မီး တို့သည် အာဏာပိုင်များက စစ်ဆေးမေးမြန်းရန် ယမန်နေ့ ရက် စွဲဖြင့် ချိန်းဆိုထားရာမှ ထွက်ပြေးတိမ်းရှောင် သွားခြင်း ဖြစ်သည်ဟုသိရ သည်။

ထိုအလုပ်ရှင် လင်မယားကို အသက်မပြည့်သူအား အဓမ္မ ခိုင်းစေမှု၊ လူကုန် ကူးမှု၊ ညှဉ်းပန်း နှိပ်စက်မှုတို့ အပါအဝင် စွဲချက် ၇ချက်ဖြင့်ဖေဖော် ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့သော်လည်း စွဲချက် များကို ငြင်းပယ်ထားပြီး သက်ဆိုင်ရာ ထိုင်း အာဏာ ပိုင်များက ဘတ်ငွေ ၇ သိန်း အာမခံဖြင့် လွှတ်ပေးခဲ့သည်။

လတ်တလောတွင် ကရင် အမျိုးသမီးငယ်ကို ကန်ဖယ်ဖက်မြို့ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဂေဟာတွင် စောင့်ရှောက် ထားပြီးဘန် ကောက်မြို့သို့ သွားရောက် ဆေးကုသရန် စီစဉ်နေကြောင်း သိရသည်။

မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဂေဟာမှ တာဝန်ရှိသူ တဦးက ယနေ့ ကရင်အမျိုးသမီးငယ်နှင့် မိသားစုဝင်များကို မှုခင်းနှင့် ဆိုင်သည့် ထိုင်းအာဏာပိုင်များက စစ်ဆေးမေးမြန်းနေကြောင်း၊ မနက်ဖြန် ဆေးကုသရန် ဘန်ကောက်သို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ကန်ဖယ်ဖက်မြို့ရှိ အဆိုပါ ထိုင်းအလုပ်ရှင် လင်းမယားက ကရင် အမျိုးသမီးငယ်ကို အိမ်တွင်း အခိုင်းအစေအဖြစ် ၅ နှစ်ကျော်ကြာ ပိတ် လှောင်ထားပြီး ခိုင်သည့်အတိုင်း မလုပ်ပါက ရက်စက်စွာ နှိပ်စက်ခဲ့ ကြောင်း၊ ခွေးလှောင်အိမ်အတွင်း ထည့်ထားခြင်း၊ ခန္ဓာ ကိုယ်အနှံ့ ရေနွေး ပူဖြင့် ပက်ခြင်း စသည်ဖြင့် ပြုလုပ်ခဲ့ကြောင်း
သိရသည်။

တချို့သော ထိုင်းသတင်းများတွင်လည်း ခန္ဓာကိုယ် တခုလုံးတွင် အပူလောင် ဒဏ်ရာ အမာရွတ်များ ပြင်ထန်စွာ ရရှိထားကြောင်း၊ အပူလောင် ဒဏ်ရာကြောင့် အရေးပြားများ ပျက်စီးကာ လက်နှစ်ဘက်စလုံး လက်မောင်းရင်းအထိ အရေးပြားများ တွဲဆက်သွား ကာ မမြှောက်နိုင်သည့် အခြေအနေရှိနေကြောင်း ဓာတ်ပုံများဖြင့် ဖော်ပြခဲ့သည်။

No comments: