Saturday, February 2, 2013

စစ်၏ ဓားစာခံများနှင့် ကျောက်ကြီးည

ကြယ်ပြာ

ချိုင်းထောက်များကို လေထဲသို့မြှောက်ရမ်း၍ ခြေတဘက်ကိုသာ အားပြုရသဖြင့် ယိုင်ထိုးနေကြသော ခန္ဓာကိုယ်များကို ထိန်းပြီး “အမေစု ကျန်းမာပါစေ”ဟု အော်ဟစ်လိုက်သံများ ညံသွားသည်။

ခြေတဘက်နှင့် ချိုင်းထောက် တချောင်းကို အားပြုကာ ဒေါ်အောင်ဆန်းစုကြည်၏ ကားဆီသို့ အလျှင်အမြန် သွားနေသူများကို ခြေနှစ်ဘက်စလုံး မရှိ၍ ကုလားထိုင်များပေါ်တွင် ထိုင်နေရသူများက အားကျသော မျက်ဝန်းများဖြင့်ကြည့်ရင်း ကျန်နေခဲ့ရ၏။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်နှုတ်ဆက်လိုဇော တခုတည်းဖြင့် ၀ိုင်းအုံ တိုးဝှေ့နေသော မသန်စွမ်းများအား ကားကို ဖက်တွယ် လိုက်လာသည့် သူ့လုံခြုံရေးများက တွန်းဖယ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က လုံခြုံရေးများ၏ လက်များကို ရိုက်ဖယ်၍ “ဖယ်စမ်း ငါစကားပြောမယ်” ဟုဆိုကာ ကားကို ရပ်ခိုင်းလိုက်သည်။

“မသန်စွမ်း ဖြစ်နေကြတဲ့ ဘ၀ကို ၀မ်းနည်း အားငယ် မနေကြပါနဲ့။ ဒုက္ခ ရောက်နေသူတွေရဲ့ ဘ၀ကို အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့၊ ပြန်လည်ရှင်သန်ရေးကို ကူညီပေးဖို့ အုပ်ချုပ်ရေးမှူးကို ကျမပြောခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အော်ဟစ်ပြောဆို လိုက်သည်။

ဤမြင်ကွင်းသည် ဇန်နဝါရီ ၂၀ ရက်နေ့က ကျောက်ကြီး မြို့တော် ခန်းမတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံ၍ စစ်လက်ကျန် မြေမြှုပ် မိုင်းဗုံးများအား ရှင်းလင်းပေးရန် သွားရောက် ဆွေးနွေးခဲ့ကြသည့် ခရီးစဉ်အတွင်း မြင်ကွင်း ဖြစ်သည်။

အစိုးရနှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တို့ တိုက်ပွဲများ စဉ်နွှဲနေစဉ် ကာလတလျှောက်လုံး မြှုပ်နှံခဲ့သော မြေမြှုပ်မိုင်းဗုံးများကို ဒေသခံပြည်သူများ မကြာခဏ နင်းမိ၍ မသန်စွမ်း ဘ၀သို့ ရောက်ရှိနေရသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ သွားရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသက် ၂၀ အရွယ်မှ ၇၈ နှစ်အထိ အရွယ်စုံ ပါဝင်သော မသန်စွမ်းသူ ၈၀ ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရန် လမ်းမပေါ်တွင် မနက် ၁၀ နာရီဝန်းကျင် ကတည်းက စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ခြေတဘက် ရှိသူများကြားတွင် ခြေနှစ်ဘက်စလုံး မရှိသူများကလည်း ကုလားထိုင်များဖြင့် ထိုင်နေကြသည်။

“အမေ အားပေးစကားလေး ပြောပေးခဲ့ပါဦး”၊ “ထာဝရ ငြိမ်းချမ်းရေး အမေယူလို့ပေး” ဆိုသော စာများကို ကတ်ထူစက္ကူ ပြားပေါ်တွင် ၎င်းတို့ကိုယ်တိုင် ရေးထားသည့် ဆိုင်းဘုတ်များကိုလည်း ကိုင်မြှောက်ထားကြသည်။

၂၀၁၂ ဇန်န၀ါရီ ၁၂ ရက်နေ့၌ ကရင်ပြည်နယ် ဘားအံမြို့တွင် အစိုးရနှင့် KNUတို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့ပြီးနောက်၊ တိုက်ပွဲများ ရပ်ဆိုင်းခဲ့သော်လည်း နှစ်ဘက်လုံက အသီးသီး မြှုပ်နှံခဲ့သော ဗုံးများသည် ယင်းဒေသ၏ ဥယျာဉ်ခြံမြေများအတွင်း ရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ဗုံးကို နင်းမိလိုက်ကတည်းက တခါတည်း သေသွားခဲ့သင့်တာ။ အခုကျတော့ သွားလိုရာ မသွားရတဲ့ဘ၀။ မိုးတွေများ ရွာလို့ရှိရင် ခြေထောက်က တဆစ်ဆစ်နဲ့ ပြန်ကိုက်လာတယ်” ဟု ဘယ်ဘက် ခြေတု တပ်ထားရသည့် ဒေါ်စိုးစိုးက ပြောသည်။

ဒေါ်စိုးစိုးသည် ကျောက်ကြီးမြို့ ဗောဓိကုန်း ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၂၀၀၇ ခုနှစ်က တောင်ပေါ်သို့ မျှစ်ချိုးသွားရင်း မြေမြှုပ်မိုင်း တက်နင်းမိခဲ့သူဖြစ်၏။

မြေမြှုပ်မိုင်းဒဏ်ကြောင့် မသန်စွမ်းဖြစ်ရသူ အများစုမှာ လူကြီးပိုင်း အရွယ်များ ဖြစ်ပြီး တောင်ပေါ်၌ အလုပ်လုပ်ခြင်း၊ ဟင်းသီးဟင်းရွက် ခူးခြင်းမှ ဗုံးနင်းမိသူများ ၊ တချို့က စစ်ပွဲကာလအတွင်း အစိုးရစစ်တပ်မှ ရိက္ခာပို့ရန် ပေါ်တာဆွဲခြင်း ခံရပြီး မိုင်းဒဏ်သင့်ခဲ့ရသူများ ဖြစ်သည်။

အစိုးရ စာရင်းရှိ အရေအတွက်အရ ကျောက်ကြီးမြို့နှင့် မုန်းမြို့တွင် မသန်စွမ်းလူဦးရေပေါင်း ၃၃၃ ဦး ရှိသော်လည်း မသန်စွမ်း အများစု၏ ပြောကြားချက် အရဆိုလျှင် နှစ်မြို့ပေါင်း လူ ၅၀၀ ကျော်ရှိသည်ဟု သိရသည်။

မသန်စွမ်းများ အနေဖြင့် သာမန်လူများနှင့် နှိုင်းယှဉ်လျှင် အလုပ်အကိုင် ပေးလိုသည့် လုပ်ငန်းရှင် နည်းပါးခြင်းကြောင့် စားဝတ်နေရေး ပြဿနာများ ကြုံတွေ့ရပြီး ယင်းကဲ့သို့ အလုပ်အကိုင်မရှိခြင်း၊ စိတ်ဆန္ဒ အလျှောက် သွားလာရန် ခက်ခဲမှုကြောင့် စိတ်ဓာတ်ကျခြင်းများနှင့် လုံးပန်းနေရသည်ဟု သိရသည်။

“ကျောက်ကြီးမြို့ပေါ် ရပ်ကွက် ၇ ရပ်ကွက်ရှိတယ်၊ တခုပဲ အတိုအပြတ် လွတ်တယ်၊ မိသားစုတစုမှာ အနည်းဆုံး မသန်စွမ်း တယောက်ရှိတယ်”ဟု ခြေထောက်နှစ်ဘက် စလုံး ပြတ်နေသည့် ဦးဆန်းလွင်က ဆိုသည်။

ဗုံးနင်းမိ၍ ဆေးရုံတက်ရ သူများအတွက် လိုအပ်သော သွေးများကို စာသင်တိုက်မှ ရဟန်းသံဃာများက ပေးလှူကြကြောင်း သိရသည်။

၂၀၀၇၊ ၂၀၀၈ ခုနှစ်တွင် ကျောက်ကြီးမြို့ အုပ်ချုပ်ရေးအဖွဲ့က ခြေတုလက်တုများ လုပ်ပေးမည်ဟု ပြောဆို၍ မသန်စွမ်း လူဦးရေ စာရင်းကို ကောက်ခံခဲ့ဖူးသည်။

သို့သော် မည်သို့မှ အကြောင်းထူး မလာခဲ့သဖြင့် နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC) က မသန်စွမ်းများအား စားရိတ် စိုက်ထုတ်ကာ ကရင်ပြည်နယ် ဘားအံမြို့ရှိ တောင်ကလေး ဆေးရုံသို့ ခေါ်ဆောင်ကာ ခြေတု၊ လက်တုများ တပ်ဆင်ပေး ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ခြေတုလက်တု မရှိသေးသော မသန်စွမ်းများအား ပြုလုပ်ပေးရန်၊ သက်တမ်းကြာ၍ ပျက်စီး နေသော ခြေတုလက်တုများအား အသစ်ပြုလုပ်ပေးရန်၊ အလုပ်အကိုင်ရရန် ခက်ခဲခြင်းကို အတတ်နိုင်ဆုံး ကူညီပေးရန် ကျောက်ကြီးမြို့ အာဏာပိုင်များအား တိုက်တွန်းခဲ့သည်။

အပစ်အခတ် ရပ်ဆဲရေး မယူသေးခင် ကာလက တရက်လျှင် တရွာကို အနည်းဆုံး လူ ၂ ယောက် မိုင်းနင်းမိကြကြောင်း၊ မိုင်းကွဲသံ ကြား၍ အကူအညီပေးရန် လာသူများလည်း မိုင်းနင်းမိ တတ်ကြောင်း၊ မိုင်းဒဏ်ကြောင့် ဆေးရုံရောက်သူများ အနေဖြင့် ထောက်ပံ့ကြေး တစုံတရာမရရှိဘဲ ကိုယ်ပိုင်ငွေကြေး ဖြင့်သာ ကုသခဲ့ရသည့်အတွက် စီးပွားရေး ကျဆင်းခဲ့သူများလည်း အများအပြား ရှိခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်က တောထဲသွားရာမှ မိုင်းနင်းမိခဲ့ပြီး ညာခြေထောက် ဖြတ်လိုက်ရသူ ဦးဇော်အောင်က “ဒုက္ခိတ ဘ၀ကို မကျေနပ် ပေမယ့် ကံတရားကိုပဲ ပုံချရတာပဲလေ။ မကျေနပ်လို့ တော်လှန်ရင်လည်း ဘယ်သူထိခိုက်မှာလဲ” ဟု ပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ၂၂ ရက်က မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအတွက် အရေးပေါ် အထောက်အပံ့ ပစ္စည်းများ ပေးအပ်ပွဲ၌ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ပြည်နယ်တိုင်း ဒေသကြီး အသီးသီးတွင် ကျန်ရှိနေသော မြေမြှုပ်မိုင်းများအား ရှာဖွေရှင်းလင်းခြင်း လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

ကျောက်ကြီးမြို့ရှိ KNU ဆက်ဆံရေးရုံး၌ အဖွဲ့ ခေါင်းဆောင်များ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ရာတွင်လည်း မြေမြှုပ်မိုင်းများအား ရှင်းလင်းရာတွင် KNU အနေဖြင့်လည်း ပါဝင်ကူညီပေးရန် တိုက်တွန်းခဲ့သည်။

KNU ဆက်ဆံရေးရုံးတွင် ကြာရှည်စွာ ဆွေးနွေးနေသော ဒေါ်အောင်ဆန်းစုကြည် ပြန်အလာကို ဇွဲကောင်းကောင်းနှင့် ရပ်တန့် စောင့်ဆိုင်းနေကြသော မသန်စွမ်းများကို ညရောက်သည် အထိ မြင်နေရဆဲ ဖြစ်သည်။

မသန်စွမ်း အဖွဲ့အတွင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အလံကို ကိုင်ဆောင်ထားသူ အမျိုးသမီးကြီးက “အမေစုလာရင် ချိုင်းထောက်တွေအားလုံး မြှောက်ပြကြနော်” ဟု အော်လိုက်ရာ ကျန်လူများက “မြှောက်လိုက်လို့ အားလုံး ပက်လက်လန်ကုန် ပါဦးမယ်” ဟု ပြန်ပြောကာ ရယ်မော နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် စောင့်နေသူများထဲတွင် မသန်စွမ်း လူငယ်များ နည်းနေရခြင်းမှာ ၎င်းတို့၏ မသန်စွမ်း ဘ၀ကို ယခုကဲ့သို့ လူအမြောက်အမြား အလယ်တွင် ပြသရန် ရှက်ရွံ့နေသဖြင့် အိမ်များ၌ ကျန်နေခဲ့ခြင်းဖြစ်သည်ဟု ပဒဲကော ရွာသား ဦးကျော်တင့်က ဆိုသည်။

“ကျနော်တို့လို ဒုက္ခိတမျိုး နောက်တခါ ထပ်မဖြစ်စေချင်တော့လို့ မိုင်းရှင်းလင်းရေးတွေ လုပ်စေချင်ပါပြီ။ ကျနော်တို့ ကိုယ်တိုင်လည်း ပါဝင်ချင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ည ၇ နာရီ အမှောင်ထု၏ အောက်တွင် ဖယောင်းတိုင်များ၊ မီးတုတ်များကို ကိုင်ဆောင်ထားပြီး ဇန်နဝါရီလ၏ အအေးဒဏ်ကို အံတုနေကြသော မသန်စွမ်းများနှင့် အတူ လူကောင်းများကိုလည်း ကားတစီး ဖြတ်သွားတိုင်း လမ်းကိုပိတ်ကာ ၀ိုင်းအုံ သွားလိုက်၊ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ကြောင်း သိလျှင် လမ်းပြန်ဖွင့်ပေးလိုက်နှင့် အလုပ်ရှုပ်နေခဲ့ကြသည်။

No comments: