Monday, February 18, 2013

မောင်တောမီး ဒဏ်ရာရသူများရှိ

မောင်အေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ယနေ့ နံနက်ပိုင်းကမီးလောင်မှုတစ်ခုဖြစ် ပွားခဲ့ရာ ဒဏ်ရာ ရသူ တချို့ရှိကြောင်း သတင်း ရရှိသည်။

မီးလောင်မှုမှာ မောင်တောမြို့ အောင်မြေဗောဓိရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီခန့် ဖြစ် ပွားခဲ့သည်။

“ အိမ်တစ်ဆောင် မီးထဲပါသွားပါတယ်။ ဘယ်သူ့အိမ်ဆိုတာတော့ ကျွန်တော် မသိဘူး။ အခုမီးလောင် တဲ့နေရာက ကျွန်တော်တို့နဲ့ဝေးပါတယ်။ ကျွန်တော် ရောက်သွား တဲ့ အခါတော့ အဲဒီအိမ်က လင်မ ယား ၂ ယောက်လုံးကို ဆေးရုံ ယူသွားပြီလို့သိရပါတယ်။ မိန်းမဖြစ်သူက ဒဏ်ရ ပြင်းထန်တဲ့ အတွက် မောင် တော ဆေးရုံကလက်မခံလို့ ဘူးသီးတောင်ဆေးရုံးကို ယူသွား တယ်လို့ အဲ ဒီနားက လူတွေပြော ပါတယ်” ဟု မီးလောင်သည့်နေရာကို သွားရောက် ကြည့်ရှုခဲ့သည့် မောင်တောမြို့ခံ တစ်ဦးက ပြော သည်။

မီးကို ရပ်ကွက်သားများမှ ၀ိုင်းငြိမ်းသတ်ခဲ့သည့်အတွက် တခြားလူနေအိမ်များကို ကူးစက်ခဲ့ခြင်း မရှိကြောင်း ဆိုသည်။

ယခုမီးလောင်မှု ဖြစ်ပွားခဲ့သည့်အိမ်မှာ ပိုင်ရှင်များနေထိုင်ခြင်းမရှိဘဲ အိမ်ငှားပေးထားသည့် အိမ်ဖြစ် ကြောင်း သိရသည်။

မည့်သည့်အတွက်ကြောင်း မီးလောင်မှုဖြစ်ပွားသည်ကို အတိကျမသိရသေးသော်လည်း လင်မယား အချင်း ချင်း စကားများရာမှ မီးရှို့မှုဖြစ် ပွား ခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟု အဆိုပါ မြို့ခံက ပြောသည်။

မောင်တောမြို့ထဲတွင် ဓါတ်ဆီများ သိုလှောင် ရောင်းချနေသည့် အိမ် အများအပြား ရှိနေသည့် အတွက် မြို့ခံများအနေဖြင့် မီးကူးစက်လာ မည်ကို အထူး စိုးရိမ်ခဲ့ကြသည်ဟု တခြားမြို့ခံတစ်ဦးက ပြောသည်။

“မြို့ထဲက အိမ်တွေမှာ ဓါတ်ဆီတွေကို သိုလှောင်ရောင်းချနေတဲ့ အိမ်တွေအများကြီးရှိပါတယ်။ အခုက နွေဘက်ကိုလည်း ရောက်လာပြီဆို တော့ မြို့ခံတွေက စိုးရိမ်နေကြ ပါတယ်။ မတော်တဆ ဓါတ်ဆီ လှောင်ထားတဲ့ အိမ်တွေကိုပါ မီးကူးရင် အားလုံးဒုက္ခရောက်မယ်။”

ယခုကဲ့သို့ ဓါတ်ဆီများကို မြို့ထဲ လူနေအိမ်များတွင် သိုလှောင်ရောင်းချနေသော်လည်း သက်ဆိုင်ရာမှ လစဉ်ကြေး ရရှိထားသည့်အတွက် တစ်စုံတရာ အရေးယူ ဆောင်ရွက်မှု မရှိကြောင်း အဆိုပါ မြို့ခံက ပြောပြသွားပါသည်။

No comments: