Monday, February 4, 2013

ရန်ကုန် တိရစ္ဆာန်ရုံကို လှော်ကားသို့ အစိုးရ ပြောင်းရွှေ့လို

ရန်ပိုင်

အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံးထဲ၌ ပါဝင်သော ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်ကို ဖျက်သိမ်းကာ ပန်းခြံ (Green Park) အဖြစ် ပြောင်း လဲလိုကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိမ်းက ယမန်နေ့က မီဒီ ယာများနှင့် နေပြည်တော်၌ တွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။

နှစ် ၁၀၀ ကျော်လာပြီဖြစ်သော ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်သည် လူနေထူထပ်သည့် မြို့လည်တွင် တည်ရှိရာ အများပြည်သူ ကျန်းမာရေးအ တွက် မသင့်လျော်ကြောင်း၊ ထို့အတွက် မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကား သဘာဝဥယျာဉ်သို့ ပြောင်းရွေ့လိုကြောင်း၊ ပြောင်းရွေ ရန် သင့်၊ မသင့် ပြည်သူဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ဦးစိုးသိမ်းက ပြောဆိုသွားသည်။

ကိုလိုနီခေတ်တွင် ဝိတိုရိယ အောက်မေ့ဖွယ် ပန်းခြံနှင့် တိရစ္ဆာန် ဥယျာဉ် ဥပဒေအရ ၁၉၀၆ ခုနှစ်က တရားဝင် အသိအမှတ်ပြု ခဲ့သည့် တိရိ စ္ဆာန်ဥယျာဉ်အတွင်း တိရိစ္ဆာန်များ ယင်းတို့ သဘာဝနှင့်အညီ ကျက် စား နေထိုင်နိုင်ရန် အဆောက်အအုံများ၊ သစ်ပင်များကိုပါ စနစ်တကျ ရွေးချယ်စိုက်ပျိုးထားပြီး၊ ကျားများ ထိန်းသိမ်းသည့် အဆောက်အအုံနှင့် တချို့သော အဆောက်အဦးမှာ ရှေးကျသည့် အဆောက်အဦးများ ဖြစ်ကြောင်း သိရသည်။ ၁၉၅၁ တွင် “ရန်ကုန် တိရစ္ဆာန်ဥယျာဉ်နှင့် ပန်းခြံ” ဟူ၍ အမည်ပြောင်းလဲခဲ့သည်။

ရန်ကုန်မြို့ခံတဦးက “ဒီလိုသက်တမ်းရင့် တိရိစ္ဆာန်ဥယျာဉ်ကို ဖျက်မယ်ဆိုတာတော့ လက်မခံနိုင်ဘူး။ တခြားနိုင်ငံတွေက တိရိစ္ဆာန်ရုံတွေ မနေ့တနေ့ကမှ ဆောက်တာ။ ကိုယ့်နိုင်ငံမှာ ဒါမျိုးရှိတာ ဂုဏ်ယူဖို့တောင် ကောင်းသေးတယ်” ဟု ဆိုသည်။

တိရိစ္ဆာန်မှ ထွက်ရှိသည့် အနံ့အသက်များ ရှိလျှင်လည်း သန့်ရှင်းရေးစနစ်ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ရမည်မှာ အစိုးရ၏ တာဝန်သာဖြစ် ကြောင်း၊ သန့်ရှင်းရေးစနစ် ကောင်းမွန်ပါက ဤသက်တမ်းရင့် တိရိစ္ဆာန်ဥယျာဉ်သည် နိုင်ငံခြားခရီးသွားများကိုပင် ဆွဲဆောင်နိုင်မည် ဖြစ် ကြောင်း အဆိုပါ ရန်ကုန်မြို့ခံက ပြောသည်။

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သည် အနယ်နယ်အရပ်ရှိ မိသားစုများ၊ ကျောင်းသားလူငယ်များ တိရိစ္တာန်များနှင့် အပင်များ၏ သဘာဝကို ဗဟုသုတ ရရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန် လေ့ လာရာ နေရာတခုဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် မျိုးတုံးတော့မည်ရှား ပါ သတ္တ၀ါတချို့ကိုလည်း စုဆောင်းပြသထားသည့် နေရာဖြစ်သည်။

ယခင်က ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်သည် ရွှေတိဂုံဘုရား၊ ကန်တော်ကြီးစသည့် ထင်ရှားသောနေရာများကဲ့သို့ မိသားစုအားလပ်ရက်အပန်းဖြေ သွားရောက်သည့် နေရာတခုဖြစ်ခဲ့သည်။

ခေတ်အဆက်ဆက် သစ်တောဝန်ကြီးဌာနမှ ထိန်းသိမ်း စောင့်ရှောက်ခဲ့သော ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ၂၀၁၀ ပြည့်နှစ်တွင် စစ်အစိုးရက ဦးတေဇပိုင် ထူးကုမ္ပဏီကို ငှားရမ်းခဲ့သော်လည်း တိရိစ္ဆာန်များနှင့် ပတ်သက်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊တိရိစ္ဆာန်အသစ်များဝယ်ယူခြင်း ကို သစ်တောဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးကြောင်း သိရသည်။

တိရိစ္ဆာန်ရုံ ၀န်ထမ်းဟောင်းတဦးက “တိရိစ္ဆာန်တွေ လှော်ကားကိုပြောင်းဖို့ မဖြစ်နိုင်ဘူး။ ဒီအတိုင်းစည်ရိုးကာပြီး လွှတ်ထားလို့ မရတဲ့အတွက် သူတို့နေနိုင်အောင် ဆီလျော်တဲ့ဝန်းကျင် ဖန်တီးပေးရမယ်။ အဲဒီအတွက် ဘတ်ဂျက်ကုန်မယ်။ နောက်တခုက လာကြည့်မယ့်သူတွေ အဝေး ကြီးကို လာကြည့်ပါ့မလားဆိုတာ စဉ်းစားရမယ်” ဟု ထောက်ပြသည်။

ထို့အပြင် တိရိစ္ဆာန် ဥယျာဉ်နှင့် သဘာဝဥယျာဉ် ဘေးမဲ့တောမှာ သဘောတရား မတူကြောင်း၊ တိရိစ္ဆာန်ရုံအတွင်းနေ သတ္တ၀ါများမှာ ရေနေ၊ ကုန်းနေ ခွဲခြားကာ ဂရုတစိုက်မွေးမြူထားသည့် သတ္တ၀ါများဖြစ်ပြီး ကျန်းမာရေးအတွက် ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် တိရိစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီထံမှ လွှဲပြောင်းရယူပြီး ပိုမိုတိုးတက်အောင် လုပ်သင့်ကြောင်း အဆိုပါ ၀န်ထမ်းဟောင်းက ပြော သည်။

ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်တွင် ငါးပြတိုက်၊ သဘာဝသမိုင်း ပြတိုက်များအပြင် တိရိစ္ဆာန် မျိုးစိတ်ပေါင်းများစွာကို ထိန်းသိမ်းထားကြောင်း သိရ သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင် ဦးအုန်းက ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ပန်းခြံ (Green Park) အဖြစ် ပြောင်းလဲ မည်ဆိုသည်ကို လက်မခံနိုင်ကြောင်း၊ အမျိုးသားအမွေအနှစ်တခု အဖြစ် ဆက်လက်ရှိသင့်ကြောင်း ဆိုသည်။

“ရှိပြီးသားကို ကောင်းအောင်လုပ်တာ လက်ခံနိုင်တယ်။ စနေ၊ တနင်္ဂနွေ အားရက်ဆို မြွေတွေ၊ ဆင်တွေ ပြတာ၊ ကျားတွေကိုကလေးတွေ လာ ကြကြည့်ကြ ပျော်ဖို့ ဘယ် လောက်ကောင်းလဲ။ အဲဒါကို အာဏာပိုင်က တန်ဖိုးထားသင့်တယ်” ဟု ပြောသည်။

အစိုးရအနေဖြင့် ရန်ကုန်မြို့ရှိ တိရိစ္ဆာန် ဥယျာဉ်ကို ဝေးလံသောဒေသသို့ မပြောင်းရွေ့သင့်ကြောင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းစိုမှုကိုလို လား ပါက ပြည်သူဥယျာဉ်၊ ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ်အပါအ၀င် တခြားသော အမျိုးသားဥယျာဉ်များနှင့် ဘေးမဲတောများကို သေချာ ထိန်း သိမ်း သင့်ကြောင်း ထောက်ပြဝေဖန်သည်။

မြန်မာနိုင်ငံတွင် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် တခုတည်းသာရှိခဲ့သော်လည်း စစ်အစိုးရက ၁၉၈၉ ခုနှစ်တွင် မန္တလေး၊ ၂၀၀၈ ခုနှစ်တွင် နေပြည် တော်တို့၌ ထပ်မံတည်ဆောက်ခဲ့သည်။ ထို့အတွက်လည်း ရန်ကုန် တိရိစ္ဆာန် ဥယျာဉ်မှ တိရိစ္ဆာန်အချို့ကို နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းပေးခဲ့ရသည်။

No comments: