ABC
ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံအပေါ် စစ်လက်နက်ရောင်းဝယ်မှုကလွဲပြီး ကျန်ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ဖယ်ရှားပေးလိုက်တဲ့အပေါ် သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး ဘော့ဘ်ကားရ်က ကြိုဆိုလိုက်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အီးယူအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ပိုမို လမ်းပွင့်စေမှာဖြစ်သလို ဒီမိုကရေစီစနစ် ပိုမိုထွန်းကားစေနိုင်တယ်လို့လည်း ပြောလိုက်ပါတယ်။
အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အားလုံး ရုပ်သိမ်းသင့်မသင့်ဆိုတာ ဆုံးဖြတ်မယ့် Luxembourg အစည်းအဝေးအတွင်းမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ခရီးသွားပိတ်ပင်မှုနဲ့ ငွေရေးကြေးရေးပိတ်ပင်မှုတွေကို ရုတ်သိမ်းခဲ့ပေမယ့် စစ်လက်နက်ရောင်းဝယ်မှုကိုတော့ ချမှတ်ထားဆဲဖြစ်ပြီး အီးယူအနေနဲ့ အလားတူ လုပ်ဆောင်ဖို့ တိုက်တွန်းမှုတွေလည်း လုပ်ခဲ့ပါတယ်။
မြန်မာအစိုးရကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ အီးယူကို တိုက်တွန်းပေးဖို့ သြစတြေးလျနိုင်ငံကို တဆင့် တောင်းဆိုထားတာတွေရှိတဲ့အတွက် ဘော့ဘ်ကားရ်က အီးယူကို တိုက်တွန်းမှုတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။
သြစတြေးလျနိုင်ငံနဲ့ အီးယူရဲ့ ရင်းနှီးမှုကို အသုံးချပြီး တိုက်တွန်းမှုလုပ်ဖို့ မြန်မာအစိုးရက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့အကြောင်း သူကိုယ်တိုင်ကလည်း အီးယူနိုင်ငံခြားရေးဝန်ကြီး ၁၂ ယောက်လောက်နဲ့ ဆွေးနွေးတိုက်တွန်းမှုတွေလုပ်ခဲ့ပြီး ခုလို မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းတာတွေ လုပ်ပေးတဲ့အတွက် ကြိုဆိုကြောင်း အီးယူအနေနဲ့ မိုင်းတွင်းလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံကြမယ်လို့ မျော်လင့်ကြောင်း သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး ဘော့ဘ်ကားရ်က ပြောပါတယ်။
အီးယူရဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ကြိုဆိုလိုက်သလို စီးပွားရေးသမားတွေကလည်း ကြိုဆိုကြပါတယ်။ မနေ့တုန်းကလည်း ဂျာမနီနိုင်ငံက စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေကို သွားရောက်လေ့လာခဲ့ပြီး စက်ရုံတစ်ရုံ ဝယ်ဖို့လည်းရှိပါတယ်။
ဥရောပနိုင်ငံတွေကနေ အထည်ချုပ် လုပ်ငန်း လုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အထည်ချုပ် စက်ရုံ ၂၀၀ ကနေ ၃၀၀ အထိ ဖြစ်လာနိုင်ပြီး အမူထမ်း ၁၂၀၀၀၀ ကနေ ၂၀၀၀၀၀ အထိ ပိုမိုလိုအပ်မှာဖြစ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုများလာမယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းအသင်းရဲ့ ဥက္ကဌ ဦးမြင့်စိုးက အေပီသတင်းကို ပြောပါတယ်။
No comments:
Post a Comment