Tuesday, April 23, 2013

WGEC ကိုယ်စားလှယ်များ ပြည်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ

KAWLI

WGEC (Working Group for Ethnic Coordination) လို့အခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ပြည်ပမှာ စုစည်းထားတဲ့ လုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်များဟာ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များနဲ့ ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

WGEC ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ဒေါက်တာ ရွှေခါး၊ ဒေါ်စောမြရာဇာလင်း တို့ဟာ ပြည်တွင်း UNA အဖွဲ့ဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များနဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ နံနက် ၁၀ နာရီက စတင် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ ဒေါ်စောမြရာဇာလင်း က လာရောက် ဆွေးနွေးရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး WGEC အဓိက ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာရွှေခါး က ပြည်ပရှိ လက်နက်ကိုင် ပါတီများ၊ ပညာရှင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများ ပါဝင် ရေးဆွဲထားတဲ့ ဆွေးနွေးရေးဆိုင်ရာ နိုင်ငံရေးမူဘောင်များ (Frame Work for Political Dialogue) အကြောင်းကို ရှင်းလင်းပြောကြားသွားတယ်လို့ သိရပါတယ်။

ဒေါက်တာရွှေခါးက တိုင်းရင်းသား လူမျိုးများ ငြိမ်းချမ်းရေး စီမံချက်၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွင် အခြေခံရမည့် သဘောထားများ၊ နိုင်ငံရေး ဆွေးနွေးမှုပြုလုပ်ရန် ပြင်ဆင်ထားသင့်သည့် ဘုံသဘောတူညီချက်များ ကို အဓိက ရှင်းလင်းပြောသွားတယ်လို့ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ဦးက ကော့လီကိုပြောပါတယ်။

အစိုးရဘက်ကနေ ပင်လုံကဲ့သို့သော အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး တစ်ရပ်ကျင်းပမယ်လို့ ပြောထားတယ်လေ။ တကယ်လို့ အဲဒီညီလာခံကြီး ကျင်းပဖြစ်ခဲ့ရင် တိုင်းရင်းသားတွေဘက်က ဘယ်မူဘောင်၊ ဘယ်ရပ်တည်ချက်၊ ဘယ်လို အလျှော့အတင်း ပုံစံမျိုးနဲ့ ဆွေးနွေးကြမလဲ၊ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက်ကဘာလဲ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ဘုံသဘောတူညီချက်တွေက ဘာတွေလဲ ဆိုပြီး ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စုပေါင်းရေးဆွဲထားတဲ့ဟာတွေကို လာရှင်းပြကြတာပါ – လို့ အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောပြပါတယ်။

ထို့အပြင် ၎င်းတို့ရှင်းပြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းက တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များရဲ့ အကြံဉာဏ်ကိုလည်း မေးမြန်းရယူခဲ့သေးတယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို UNA အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင်အမျိုးသား ဒီမိုကရေစီကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက် တို့က စုစုပေါင်း အယောက် ၂၀ တက်ရောက်တယ်လို့ သိရပါတယ်။

အလားတူပဲ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများဖြစ်ကြတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် ပါတီတွေနဲ့လည်း တော်ဝင်နှင်းဆီမှာပဲ တွေ့ဆုံဆွေးနွေးကြဦးမယ်လို့ သိရပါတယ်။

No comments: