Tuesday, May 21, 2013

ဇနီးနှင့် ကလေးမွေးဖွားနုန်းကို ကန့်သတ်ထားသော မောင်တောခရိုင်တွင် Blacklist စာရင်းဝင် ကလေး အရေအတွက် ၆၀၀၀၀ ရှိ

နိရဉ္စရာ

အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနုန်းကို ဒေသန္တရ အမိန့်ထုတ်ပြန်ကာ ကန့်သတ်ထားသော မောင်တောခရိုင်တွင် တရားမ၀င် Blacklist စာရင်းသွင်းခံရသူ ဘင်္ဂလီ ကလေးငယ် (၆) သောင်း ရှိကြောင်း သိရသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ် (၂) ခုဖြင့် ဖွဲ့စည်းထားသော မောင်တောခရိုင်တွင် ဘင်္ဂါလီများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနုန်းကို ဒေသန္တရ အမိန့်ထုတ်ပြန်ကာ ကန့်သတ်ထားမူကို ယခင် စစ်အစိုးရ လက်ထက်ကပင် ကျင့်သုံးခဲ့သည်။

သို့သော်လည်း ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်များကို အုပ်ချုပ်သူ တာဝန်ရှိသူများက ဥပဒေနှင့် အညီ လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ ကိုယ်ကျိုး အတွက် အသုံးချခဲ့ကြသဖြင့် ယခုကဲ့သို့ တရားမ၀င် Blacklist စာရင်းသွင်းခံရသူ ကလေးငယ် အရေအတွက် တိုးပွားလာခြင်း ဖြစ်သည်ဟု သိရသည်။

Blacklist စာရင်းသွင်းခံရသော ကလေးငယ်များမှာ သက်ဆိုင်ရာမှ ခွင့်ပြုချက်မရှိဘဲ အိမ်ထောင်ပြုသော မိဖ နှစ်ပါးမှ မွေးဖွားလာသူများ ဖြစ်ကြသည်။ တချို့ ကလေးများမှာ သက်ဆိုင်ရာ၏ တစ်စုံတစ်ရာ မှတ်တမ်းမှတ်ရာများ မရှိဘဲ မွေးဖွားသော ကလေးငယ်များ ဖြစ်နေကြသည်ဟု ဆိုသည်။

ထိုသို့ တရားမ၀င် မွေးဖွားလာသော ကလေးငယ် ၆၀၀၀၀ ရှိကြောင်းကို ရခိုင်စုံစမ်းရေး ကော်မရှင်၏ ရခိုင်အစီရင်ခံစာ စာမျက်နာ ၁၁၂ တွင်လည်း ဖေါ်ပြထားသည်။

“ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ အနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ၏ ခွင့်ပြုချက် မရရှိဘဲ အိမ်ထောင်ပြုခွင့် မရှိပါ။ ဤစည်းမျဉ်းသည် ဘင်္ဂါလီများထံမှ လာဘ်ယူရန် အခွင့်အရေး ဖန်တီးပေးနေသကဲ့သို့ ဖြစ်နေပြီး လက်တွေ့တွင် အကျိုးသက်ရောက်မူ မရှိသည်ကို တွေ့ရှိရကြောင်း” အစီရင်ခံစာတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ တရားမ၀င် Blacklist ကလေး ၆၀၀၀၀ ထိ ရှိခြင်းမှာ မောင်တောခရိုင်အတွင်းရှိ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများသည် ချမှတ်ထားသော ဥပဒေကို လိုက်နာခြင်း မရှိဘဲ အဆိုပါ ဒေသန္တရ အုပ်ချုပ်ရေး အမိန့်အာဏာများကို မိမိကိုယ်ကျိုး အတွက် အသုံးချရာမှ ဖြစ်ပေါ်လာသော အကျိုးဆက် ဖြစ်ကြောင်း မောင်တောမြို့မှ အမည်မဖေါ်လိုသူ ကျောင်းအုပ် ဆရာကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။

မောင်တောခရိုင်တွင် ဘင်္ဂါလီများအား အိမ်ထောင်ပြုရာတွင် အမျိုးသား အသက် (၂၀) နှင့် အမျိုးသမီးမှာ အသက် (၁၈) နှစ်ပြည့်ရမည်ဟု ဒေသန္တရ အမိန့်ထုတ်ထားသော်လည်း အသက်မပြည့်ဘဲ ယူလိုပါက ဒေသဆိုင်ရာ အာဏာပိုင်များကို လက်ထပ်ခွင့် တစ်စောင် ကျပ်နှစ်သောင်း ကနေ ကျပ် သိန်းချီထိ ပေးကြရသည်ဟု ဆိုသည်။

၎င်းပြင် တစ်လင် တစ်မယား စနစ်ကို ကျင့်သုံးရမည်ဟု ဥပဒေ ထုတ်ထားသော်လည်း တစ်ဦးထက် ပိုယူပါကလည်း အုပ်ချုပ်ရေး အရာရှိများကို သိန်းဂဏန်းရှိသောငွေဖြင့် လာဘ်ထိုး ဖြေရှင်းနိုင်ကြသည်ဟု ပြောသည်။

၎င်းပြင် သားသမီးကို နှစ်ဦးထက် ပိုမယူရဟု ဒေသန္တရ ဥပဒေ ထုတ်ထားသော်လည်း ပို၍ ယူသူများ အနေဖြင့် ပိုက်ဆံပေးပြီး အိမ်ထောင်စု စာရင်းတွင် သွင်းနိုင်ကြောင်း သိရသည်။

တဖက်နိုင်ငံသို့ ထွက်ပြေးသွား၍ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ထားသူ (အစိုးရ အခေါ် ဘီဒီပြေး) များအားလည်း မြန်မာသို့ ပြန်လာပြီး အိမ်ထောင်စု စာရင်းတွင် သွင်းပေးရန် တစ်ဦးကို ကျပ် သုံးသိန်းမှ ငါးသိန်းအထိ ယူကြောင်း သိရသည်။

၎င်းပြင် အမြဲတမ်းရှောင်တခင် စစ်ဆေးမှု ပြုလုပ်သော ဆွဲ/တင်/စစ် ပြုလုပ်ရာတွင်လည်း ပတ်စ်ပို့ ဆိုက်အရွယ် ဓါတ်ပုံ တစ်ပုံကို ကျပ် ၃၀၀၀ မှ ၇၀၀၀ ထိ သက်ဆိုင်ရာမှ တောင်းယူသည်ဟု ဆိုသည်။ ဆွဲတင်စစ်ဆိုသည်မှာ လူဦးရေစစ်မည့် ရွာကို မြေပုံဆွဲခြင်း၊ ရွာမှာရှိတဲ့ အိမ်ထောင်စုတွေကို ဓါတ်ပုံရိုက်ခြင်း၊ လူဦးရေကို မှတ်တမ်းတင်ခြင်းကို ဆိုခြင်း ဖြစ်သည်။

ထိုသို့ ဒေသန္တရ ဥပဒေများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများမှ ကိုယ်ကျိုး အတွက် လာဘ်ငွေ ယူပြီး ဆောင်ရွက်ခြင်းများကြောင်း မောင်တောခရိုင်တွင် လူဦးရေမှာ ကြောက်ခမန်းလိလိ တိုးပွားလာသည်ဟု သိရသည်။

မောင်တောခရိုင်ရှိ ဘင်္ဂါလီ အိမ်ထောင်စုများတွင် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ ၃၀ ကျော်ရှိနေပြီး အချို့ အိမ်ထောင်စုများတွင် လူဦးရေ ၇၀ ကျော်ပင် ရှိနေကြောင်းလည်း တွေ့ရှိခဲ့ရသည်ဟု လ၀က အရာရှိ တစ်ဦးကို ကိုးကားပြီး Hot News Weekly တွင် မေလ ၁၇ ရက်နေ့က ဖေါ်ပြသည်။

ယခု လက်ရှိ အစိုးရကလည်း မောင်တောခရိုင် အတွင်း ဒေသန္တရ အုပ်ချုပ်ရေးကို ဆက်လက် ကျင့်သုံးမည် ဖြစ်ကြောင်း မောင်းတောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင်မှ သတင်း မီဒီယာများသို့ တရားဝင် ပြောကြားထားသည်။

ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် (၂) ခုဖြင့် ဖွဲ့စည်းထားသော မောင်တောခရိုင်တွင် အုပ်ချုပ်ရေး အရာရှိများမှ ဆက်လက်ပြီး ဒေသန္တရ အမိန့်အာဏာကိုများကို ကိုယ်ကျိုးအတွက် လာဘ်လာဘ ယူပြီး လုပ်ဆောင်နေကြလျှင် အခြေအနေမှာ ယခု လက်ရှိထက် ဆိုးရွားကာ လုံးဝ ထိန်းမနိုင် သိမ်းမရသော အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း ဒေသခံများက ပြောဆိုလျှက် ရှိသည်။

No comments: