Friday, May 10, 2013

မန္တလေးတွင် ကွမ်းသီးလုံးခန့် မိုးသီးများကျ

ရွှေအောင်

ဒီနေ့ မွန်းလွဲပိုင်းက မန္တလေးမြို့မှာ မိုးရွာသွန်းပြီး ကွမ်းသီးလုံးလောက်ရှိတဲ့ မိုးသီးတွေ ကျခဲ့တာ တမြို့လုံး ဖွေးသွားတယ်လို့ မြို့ခံ သတင်းဂျာနယ်အယ်ဒီတာ ကိုစန်းယုက ပြောပါ တယ်။

“လေကတော့ တအားကြီး မပြင်းဘူး။ မိုးက နည်းနည်းလေးတော့ သည်းတယ်။ မိုးသီးကတော့ ကောင်းကင်က ကြဲချသလိုမျိုးပဲ တချို့ဟာတွေဆိုရင် ကွမ်းသီးလုံးလောက်ရှိတယ်။ ဖွေးနေတာပဲ တမြို့လုံးက။ ဆွေးနေတဲ့ သွပ်ပြားတွေဆို ပေါက်ထွက်ကုန်တယ်။ လူထိခိုက်တာတော့ ဘာမှ မကြားဘူး။ မိုးသီးကျတဲ့အချိန်က ပထမအကျော့ ၂ နာရီလောက်မှာ ၇ မိနစ်လောက်၊ မိုးတိတ်သွားတာတောင် မိုးသီးတွေက ကျနေသေးတယ်။ နောက်တကျော့ကတော့ ၄ မိနစ်လောက်ကြာတယ်။ ဒေသခံတွေက တခါမှ မကြုံဖူးကြဘူး။”

မန္တလေးမြို့မှာ အခုလို မိုးသီးကျခဲ့တာဟာ အနောက်မြောက်ဘက်ကလာတဲ့ လေထုနှောင့်ယှက်မှုကြောင့်လို့ မိုးလေ၀သဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“အဲဒီ လေထုနှောင့်ယှက်မှုက ခါတိုင်းဆိုရင် ဧပြီလကုန်ထိပဲလာတယ်။ ဒီနှစ်ကထူးခြားစွာနဲ့ မေလအထိ လာတယ်။ သူလာတဲ့လမ်းကြောင်းတလျှောက်မှာ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းခြင်းနဲ့ မိုးသည်းထန်ခြင်းတွေဖြစ်တယ်။ အခုနှစ်ဖြစ်တဲ့အကြိမ်က ခါတိုင်းနှစ်ထက်များတယ်။ အဲဒီဖြစ်စဉ်ဟာ မြန်မာနိုင်ငံအနောက်မြောက်ဘက် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းကနေ မြန်မာနိုင်ငံအလယ်ပိုင်း၊ အဲကနေ အရှေ့တောင်ပိုင်းထိ ထိုးဆင်းသွားတယ်။ မွန်နဲ့ ကရင်ထိ ရောက်တယ်။ အနောက်မြောက်ကနေ အရှေ့တောင်ကို ရွေ့သွားပြီးတော့ မိုးလေ၀သအခြေအနေ ဆိုးဝါးမှုကို ဖြစ်စေတဲ့ ဖြစ်စဉ်ကို အနောက်မြောက်လေထုနှောင့်ယှက်မှုလို့ ခေါ်တယ်။ အဲဖြစ်စဉ်ဖြစ်ပြီး အခုလို မိုးသီးကြွေတာ၊ လေပြင်းတိုက်တာဖြစ်တာ။”
အဲဒီလေထုနှောင့်ယှက်မှုကြောင့်ပဲ ပြီးခဲ့တဲ့အပတ်ထဲ မုံရွာမှာ လေပြင်းတိုက်ခတ်ခဲ့တာလို့လည်း ပြောပါတယ်။

No comments: