Friday, May 24, 2013

နယ်စပ်ဖြတ်ကျော်တဲ့ ဒုက္ခသည်တွေအတွက် အန္တရာယ်ပိုများလာလို့ဆို

ABC

မြန်မာနိုင်ငံအပါအဝင် ​ ကမ္ဘာ့နိုင်ငံတွေက ​ဒုက္ခသည်တွေနဲ့ ​နယ်စပ်ဖြတ်ကျော်ပြောင်းရွှေ့သူတွေအတွက် ​အန္တရာယ်ပိုများလာနေတယ်လို့ ​အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ​Amnesty ​International ​က ​ပြောလိုက်ပါတယ်။

လန်ဒန်မြို့အခြေစိုက် ​လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ ​Amnesty ​က ​လူသန်းပေါင်းများစွာဟာ ​ပဋိပက္ခတွေနဲ့ ​ဖိနှိပ်မှုတွေကလွတ်ကင်းအောင် ​တိမ်းရှောင်ထွက်ပြေး ​နေရတယ်လို့ပြောပါတယ်။ ​မိမိတို့ရဲ့နေရပ်ကိုစွန့်ခွာပြီး ​နယ်ခြားဖြတ်ကျော် ​အလုပ်အကိုင် ​ရှာဖွေတဲ့ ​သူတွေဟာလည်း ​အလုပ်ရှင်တွေနဲ့ ​အာဏာပိုင်တချို့ရဲ့ ​အလွဲသုံးစားမှု ​ဖိနှိပ်မှုတွေကို ​ခံနေရတယ်လို့လည်း ​ပြောပါတယ်။

ကမ္ဘာတစ်လွှားမှာ ​ဒုက္ခသည်အဖြစ် ​အသိအမှတ်ပြု ​ခံထားရသူစုစုပေါင်း ​၁၅ ​သန်းကျော်ရှိနေပြီး ​နယ်စပ်ဖြတ်ကျော် ​ပြောင်းရွှေ့သူစုစုပေါင်း ​၂၁၄ ​သန်းကျော်ရှိမယ်လို့ ​Amnesty ​အဖွဲ့က ​ခန့်မှန်းထားပါတယ်။ ​မြန်မာနိုင်ငံက ​ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ​ဒုက္ခသည်စုစုပေါင်း ​၁၃၀,၀၀၀ ​ဝန်းကျင်လောက်ဟာ ​ထိုင်း-မြန်မာနယ်စပ်က ​ဒုက္ခသည်စခန်းတွေမှာ ​နေနေရဆဲဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

ဆိုမာလီလူမျိုးအများစုဖြစ်တဲ့ ​ဒုက္ခသည် ​၄၆၈,၀၀၀ ​ဟာ ​ကင်ညာနိုင်ငံက ​ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းမှာ ​ခိုလှုံနေရပြီး ​မာလီနိုင်ငံသား ​၄၅၀,၀၀၀ ​ကျော်ဟာလည်း ​စစ်ဘေးရန်ကို ​ရှောင်ပြေးနေရတယ်လို့ ​ဆိုပါတယ်။

လတ်တလောမှာ ​ပဋိပက္ခကြောင့် ​ဒုက္ခပင်လယ်ဝေနေရတဲ့ ​ဆီးရီးယားနိုင်ငံအခြေအနေနဲ့ ​ပတ်သက်ပြီးတော့ ​Amnesty ​အဖွဲ့ရဲ့ ​အလုပ်အမှုဆောင် ​Salil ​Shetty ​က ​ဆီးရီးယားနိုင်ငံအတွင်းမှာ ​အိမ်ယာမဲ့ဖြစ်ခဲ့ရသူ ​၄ ​သန်းကျော်ရှိနေပြီး ​အိမ်ခြေစွန့်ခွာပြီး ​ထွက်ပြေးနေရသူဒုက္ခသည်ပေါင်း ​၁ ​သန်းခွဲရှိတဲ့အကြောင်း ​AFP ​သတင်းဌာနကို ​ပြောပြခဲ့တယ်လို့လည်း ​သိရပါတယ်။

ဟောင်ကောင်၊ ​ဂျော်ဒန်၊ ​လက်ဘနွန်နဲ့ ​ကူဝိတ်နိုင်ငံတွေမှာတော့ ​နိုင်ငံခြားသား ​အိမ်အကူလုပ်သားတွေ ​လူ့အခွင့်အရေးဆုံးရှုံးရတာတွေကိုလည်း ​Amnesty ​အဖွဲ့က ​ဝေဖန်ထားပါတယ်။ ​ဥရောပနိုင်ငံတွေမှာတော့ ​ခိုလှုံခွင့်တောင်းလိုသူတွေနဲ့ ​ပြောင်းရွှေ့အခြေစိုက်လိုသူနိုင်ငံခြားသားတွေ ​ဆုံးရှုံးမှုတွေဖြစ်ရအောင် ​အစိုးတွေက ​လုပ်နေတယ်လို့လည်း ​စွပ်စွဲထားပါတယ်။ ​လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ဖို့ထက် ​နယ်မြေလုံခြုံရေးကာကွယ်စောင့်ရှောက်ဖို့ကို ​ပိုပြီးအလေးထားနေတယ်လို့လည်း ​ဝေဖန်လိုက်ပါတယ်။


ဒုက္ခသည်သတင်းများ

ကချင်ပြည်နယ်တွင်းက ​စစ်ဘေးဒဏ်ကြောင့် ​တရုတ် ​မြန်မာ ​နယ်စပ်အနီး ​မိုင်ဂျာယန်ဒေသကို ​ထွက်ပြေးတိမ်ရှောင်နေကြတဲ့ ​ကချင်စစ်ပြေးဒုက္ခသည်တွေ ​ပညာသင်ကြားနိုင်ဖို့အတွက် ​စာသင်ကျောင်းနဲ့ ​အဆောက်အဦးတွေ ​အရေးပေါ် ​လိုအပ်နေတယ်လို့ ​သတင်းရရှိပါတယ်။

လာမည့်ဇွန်လဆန်းမှာ ​စာသင်ကျောင်းတွေ ​စတင်ဖွင့်လှစ်ပြီး ​ပညာသင်ကြားရတော့မှာဖြစ်ပေမယ့် ​စာသင်ကျောင်းတွေဆောက်လုပ်ဖို့ ​အကူအညီတွေမရပဲဖြစ်နေသလို ​ကျောင်းသား ​၆၀၀ ​လောက်သာ ​လက်ခံသင့်တဲ့နေရာမှာ ​၁၅၀၀ ​လောက်ကို ​လက်ခံ ​သင်ကြားပေးနေရတယ်လို့ ​ကူညီပံ့ပိုးပေးနေသူတစ်ဦးဖြစ်တဲ့ ​ဆရာမ ​ဂျီးရယ် ​က ​ပြောပါတယ်။

"ကျောင်းအဆောက်အဦးတွေက ​ကျောင်းဖွင့်ချိန်အမှီ ​ဆောက်ပေးဖို့ ​အားဂျင့် ​လိုတယ် ​ပေါ့နော်။ ​မူလတန်းကျောင်း ​အဲ့ဒါအခန်းတွေမှာ ​ထပ်ပြီး ​လုပ်ပေးဖို့အတွက် ​လိုတယ်။ ​နောက်ပြီးတော့ ​စခန်း ​၆ ​ခုထဲမှာဆိုရင် ​အထက်တန်းကျောင်းက ​တခုပဲရှိတယ်။ ​ဒီအထက်တန်းကျောင်းဟာဆိုရင် ​ကျောင်းသား ​၆၀၀ ​တွက်ပဲ ​လုံလောက်ပေမယ့် ​ဒီကျောင်းထဲမှာ ​အခုဆို ​ကျောင်းသားပေါင်းက ​၁၅၀၀ ​ပတ်ဝန်းကျင်တက်ရတဲ့ ​အနေအထားဖြစ်တယ် ​ကျောင်းသားတွေဟာဆိုရင် ​အိုင်ဒီပီ ​ဘော်ဒါ ​ဆိုတဲ့ ​အဆောင်သဘောမျိုး ​ကျမတို့ ​အားဂျင့်လုပ်ပေးဖို့ ​လိုအပ်တယ် ​ဒီ ​ကျောင်းသားပေါင်း ​၇၀၀ ​ပတ်ဝန်းကျင်အတွက် ​ကျမတို့ဟာ ​အဆောင်တွေ ​အရေးတကြီးလိုအပ်တယ်။"

ဒီစစ်ပြေးဒုက္ခသည်စခန်းတွေမှာ ​အရင်တုန်းက ​စာသင်ကျောင်းတွေရှိခဲ့ပေမယ့် ​ပြီးခဲ့တဲ့ ​မေလဆန်းပိုင်းက ​လေပြင်းတိုက်ခိုက်တဲ့ဒဏ် ​ခံခဲ့ရတဲ့အတွက် ​စာသင်ကျောင်းတွေ ​ပြိုလဲပျက်စီးခဲ့ရပြီး ​ယနေ့အချိန်ထိ ​ပြန်မဆောက်နိုင်သေးပဲ ​ဖြစ်နေတယ်လို့လည်း ​သိရပါတယ်။

ဒီစာသင်ကျောင်းတွေမှာ ​ပညာသင်ကြားမည့် ​ကျောင်းသူကျောင်းသားတွေအတွက်လည်း ​အ၀တ်အစားနဲ့ ​နေထိုင်ရေးတွေအတွက်ပါ ​လိုအပ်မှုတွေ ​ရှိနေပြီး ​အရင်လတွေက ​စစ်ပြေးဒုက္ခသည် ​စခန်းတွေမှာ ​အကူအညီတချို့ ​ရကြပေမယ့် ​အခုနောက်ပိုင်းမှာတော့ ​လူမှုရေးကူညီသူတွေထံကနေ ​အကူအညီတွေ ​မရသလောက်ဖြစ်နေတယ်လို့လည်း ​ပြောဆိုပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ ​KIO ​ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ​တို့အကြား ​ဖြစ်ပွားနေတဲ့တိုက်ပွဲ ​တွေကြောင့် ​ဒေသခံပြည်သူအများအပြားဟာ ​ဒီ ​ဒုက္ခသည်စခန်းတွေမှာ ​ထွက်ပြေးတိမ်းရှောင် ​နေထိုင်နေရတာ ​၂ ​နှစ်နီးပါးရှိပြီဖြစ်တယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​သတင်းပေးပို့ထားပါတယ်။

No comments: