Sunday, May 5, 2013

တန်းလွဲ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိ၍ ဒေသခံများ အခက်ကြုံ

အာရ်ကန်တိုင်းမ်စ်


ရခိုင်ပြည်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် တန်းလွဲချောင်း တိုက်နယ်ဆေးရုံတွင် ဆရာဝန် မရှိသည့်အတွက် ဒေသခံများမှာ ဆေးကုသရာတွင် အခက်အခဲကြုံတွေ့ နေရကြောင်း သတင်းရရှိသည်။

တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည့်အတွက် တန်းလွဲချောင်း ဒေသရှိ ကျေးရွာများမှ ဒေသခံများမှာ အရေးပေါ်ရောဂါဝေဒနာဖြစ်လာပါက တောင်ကုတ်မြို့ ပြည်သူ့ ဆေးရုံကြီးသို့  ပို့ ဆောင် ကုသနေရကြောင်း ဒေသခံများပြောပြချက်အရ သိရှိရသည်။

“ကျနော်တို့ ဒေသ တိုက်နယ်ဆေးရုံမှာ ဆရာဝန်မရှိဖြစ်နေတာ ၂ နှစ်ခန့် ရှိပါပြီ။ ဒီဒေသမှာ အရေးပေါ်လူနာရှိလာတိုင်း တောင်ကုတ်မြို့ ပြည်သူ့ ဆေးရုံကြီးကို ပို့ ဆောင်ကုသနေကြရပါတယ်။ အချိန်ကုန် ငွေပိုကုန်ပြီး မိုးတွင်းကာလမှာ လမ်းပန်းဆက်သွယ်ရေးကလည်း မလွယ်ကူတဲ့အတွက် ပိုလို့ အခက်အခဲ အဆင်မပြေမှုတွေဖြစ်နေကြရတာပေါ့” ဟု တန်းလွဲချောင်း ရွာမဒေသခံ ဦးကျော်လွင်စိုးက အာရကန်တိုင်းမ်စ်ကို ပြောသည်။

တန်းလွဲချောင်းမှ တောင်ကုတ်သို့ ပွင့်လင်းရာသီတွင် မော်တော်ကားဖြင့် ၁ နာရီခွဲခန့် ခရီးချိန်ကြာမြင့်ပြီး မိုးရာသီတွင် ကုန်းလမ်းဆိုးရွားသဖြင့် ရေလမ်းခရီးကို အသုံးပြုပြီး စက်လှေ မော်တော်ဘုတ်ဖြင့် ၂ နာရီခန့် ခရီးချိန်ကြာမြင့်ကြောင်း သိရှိရသည်။

တိုက်နယ်ဆေးရုံတရုံတွင် နှစ်နှင့်ချီ၍ ဆရာဝန်မရှိဖြစ်နေရသည့် အကြောင်းနှင့် ဆရာဝန်ခန့် အပ်ပေးရန် ရွာမ၊ ရွာသစ်ကျေးရွာ ရပ်မိရပ်ဖများနှင့် ဂေါပက လူကြီးတချို့ မှ လက်မှတ်ရေးထိုးကာ မြို့ နယ်ဌာနဆိုင်ရာကို အကြောင်းကြား စာတင်တောင်းဆိုခဲ့ကြသော်လည်း ယနေ့ အချိန်ထိ မည်သည့်ထူးခြားပြောင်းလဲမှုမှ မရှိဟု ဦးကျော်လွင်စိုးက ဆိုသည်။

ဒီမိုကရစ်တစ် မဟာမိတ် (၁၀) ပါတီမှ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ရခိုင်ပြည် ကျန်းမာရေး ကိစ္စအား တင်ပြခဲ့ရာ ရခိုင်ပြည်မှ ဆရာဝန်များအား ရခိုင်ပြည်တွင် ခန့်အပ်တာဝန်ပေးရန် ဆိုသည့် ကိစ္စမှာ လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသည့်အတွက် ဖြစ်အောင်လည်း လုပ်ပေးမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း နိရဉ္စရာ သတင်းဌာနတွင် ဖော်ပြထားသည်။

ရခိုင်ပြည်တွင် စောင့်ရှောက်မှု လုံးဝ ညံ့ဖျင်းနေပြီး ဆေးရုံများတွင် ဆရာဝန်မရှိ၊ သူနာပြုများ မရှိဖြစ်နေ၍ ရခိုင်ပြည်မှ အောင်မြင်သည့် ဆရာဝန် ဆရာဝန်မများကို ရခိုင်ပြည်တွင် ပြန်လည် ခန့်ထားပေးမည်ဆိုပါက အဆင်ပြေနိုင်သဖြင့် ခန့်အပ်ပေးရန် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဒီမိုကရက်တစ် မဟာမိတ် ၁၀ ပါတီမှ ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ဦးဦးလှစောမှ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

No comments: