Friday, May 17, 2013

နောင်မတာ လူနေအိမ်များတွင် ဆွဲမိုင်းများ လာရောက်ချိတ်ဆွဲ

Kawli

အစိုးရတပ်က သိမ်းပိုက်ထားတဲ့ RCSS/SSA အမှတ်(၇၀၁) စစ်ဒေသ ဌာနချုပ်ဖြစ်တဲ့ နမ့်ခမ်းမြို့နယ် နောင်မတာ ကျေးရွာက လူနေအိမ်တွေမှာ ဆွဲမိုင်းတွေ ချိတ်ဆွဲထားခြင်း၊ အိမ်အတွင်းမှာ မိုင်းများ တွေ့ရှိခြင်းများရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ မေလ ၁၇ ရက်နေ့ မနက်မှာ နောင်မတာ ကျေးရွာက ဦးယီဆိရဲ့ နေအိမ် အဝင်တံခါးမှာ ဆွဲမိုင်း တစ်လုံးကို အဝင်တံခါးရွက်နဲ့ ပြတင်းပေါက် တံခါးရွက်တို့နဲ့ ကြိုးများဆိုင်းကာ ချိတ်ဆွဲထားတာကို တွေ့ရှိရလို့ ကျေးရွာအတွင်း တပ်စွဲထားတဲ့ အစိုးရတပ်ကို သွားရောက် အကြောင်းကြားခဲ့ရပါတယ်။ အကြောင်းကြားပြီးနောက်ပိုင်း အစိုးရတပ်ဖွဲ့ဝင်တွေက လာရောက် ဖြုတ်သိမ်းသွားတယ်လို့ သိရပါတယ်။

နောင်မတာမှာ ရွာသားတွေ ပြန်နေနေကြပြီ။ ညလည်း အိပ်ကြတယ်။ ဦးယီဆိတို့ မနက်အိပ်ယာထပြီး တံခါးဖွင့်တော့ မိုင်းချိတ်ထားတဲ့ တံခါးရွက်ဘက်ကို မဖွင့်မိဘဲနဲ့ မချိတ်ထားတဲ့ဘက်ကို ဖွင့်မိတာ။ ကံကောင်းလို့ပေါ့။ ဖွင့်မိရင်တော့ အကွဲပဲ – လို့ နမ့်ခမ်းမြို့ခံ တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် မနေ့က (မေလ ၁၆ ရက်) လည်း နောင်မတာ ကျေးရွာမှာပဲ နေအိမ်သုံးအိမ်မှာ ထောင်ထားခြင်း မရှိတဲ့ မိုင်းများတွေ့ရှိရလို့ အလားတူ အစိုးရတပ်ကို အကြောင်းကြားခဲ့ရာ အစိုးရတပ်က အိမ်ပိုင်ရှင်တွေကို ဘာမှ အထွေအထူး စစ်ဆေးမေးမြန်းခြင်း မပြုဘဲ လာရောက် သိမ်းဆည်းရုံသာ သိမ်းဆည်းသွားကြတယ်လို့ သိရပါတယ်။

မနေ့က တွေ့ရှိခဲ့တဲ့ မိုင်းတွေကတော့ ဒေါ်ရွက်ခမ်းအီ အိမ်မှာ နှစ်လုံး၊ နန်းယိင်းလှ အိမ်မှာ တစ်လုံး၊ ဦးခမ်းဆိုင်ဆိုင် အိမ်မှာ နှစ်လုံး စုစုပေါင်း ငါးလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

No comments: