Wednesday, May 15, 2013

သျှမ်း/အရှေ့တွင် မြန်မာစစ်တပ် ထူးခြားလှုပ်ရှားနေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်တို့၌ အခြေစိုက် မြန်မာစစ်တပ်များ ယခုလအတွင်းထူးခြားစွာ လှုပ်ရှား အားဖြည့် နေကြောင်း သျှမ်းပြည်အရှေ့ပိုင်းဒေသခံများကပြောသည်။

မေလ ၁၂ ရက်က မိုင်းဆတ်မြို့နယ် မိုင်းတုမ်းအခြေစိုက် ခမရ ၅၅၃ က စစ်ယာဉ်တန်း ၆ စီးဖြင့် မိုင်းဆတ်မြို့မှ မိုင်းတုံမြို့ နယ် ဘက်သို့ တက်သွားကြောင်း မိုင်းဆတ်ဒေသခံများကပြောသည်။

“ ၅၅၃ က မိုင်းတုမ်းမှာနေလာတာ ၁၀ နှစ်ကျော်ပြီ။ ပူနားကို ပြည်သူ့စစ်ကိုအမှီအခိုပြုနေတာလေသူတို့။ ခမရ ၅၅၄ နဲ့ပေါ့။ အခုလို လှုပ်လှုပ်ရှားရှား မရှိဖူးသေးဘူး။ ဒါ့အပြင် လက်နက်ကြီးတွေ တင်ထားတဲ့ယာဉ်တန်း မိုင်းဆတ်ဘက်ကနေ တာချီ လိတ် ဘက်တက်သွားတယ်။ ဘယ်ကိုဆက်သွားမလဲတော့ မခန့်မှန်းနိုင်ဘူး” ဟု မိုင်းဆတ် ဒေသခံ ကပြောသည်။

အဆိုပါ ခမရ ၅၅၃ မှာ နေ့ခင်းပိုင်း ၁ နာရီက နားကောင်းမူးအားဖြတ်သန်း၍ မိုင်းကျွတ်ဘက်သို့ ဦးတည်ကြောင်း၊ မိုင်းတော့ -မိုင်းထားဘက်၌ စခန်းချသော ခလရ ၄၃ (မိုင်းပြင်း) အားသွားရောက်လဲလှယ်ရန်ဟုစစ်တပ်အသိုင်းအဝိုင်းကပြောကြောင်း နားကောင်းမူးဒေသခံတဦးကလည်းပြောပါသည်။

တာချီလိတ်မြို့ ပုန်းထွန်ဒေသခံတဦးကလည်း “ ၁၂ ရက်ညက မိုင်းဆတ်ဘက်က ယာဉ်တန်း ၁၀ စီးရောက်လာတယ်။ အမြောက်တွေ မော်ထာတွေတင်လာတယ်။ ၁၃ ရက်မနက်ပိုင်းမှာတော့ ၈ စီးက ကျိုင်းတုံဘက်ဆက်သွားတယ်။ ဗမာ့ တပ်မတော်က တိုင်းရင်းသားတွေလက် အပစ်ရပ်တယ်သာပြောတာ။ လက်နက်တွေ မော်ထာတွေတင်ပြီး သွားလာအင်အား ဖြည့်နေတုန်းဘဲ” ဟု ဆိုပါသည်။

No comments: