Friday, May 17, 2013

ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား

အေး​နိုင်

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ပါတီကနေ ထုတ်ပယ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က အဲဒီပါတီကို ညွှန်ကြားလိုက်ပါတယ်။

အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။

“သူတို့ ကျနော်တို့ဆီ နောက်ထပ် ထပ်တိုးတင်လာတဲ့ စာရင်းထဲမှာ ကျနော်တို့နိုင်ငံက အသိအမှတ်ပြုမထားတဲ့ ရိုဟင်ဂျာဆိုတာ ပါနေလို့လေ။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀ မှာ ဖော်ပြထားတာက နိုင်ငံရေးပါတီတခုမှာ နိုင်ငံခြားသား ပါဝင်ခွင့်မရှိလို့ ဖော်ပြထားတယ်။”
ဒါ့အပြင် ကော်မရှင်က အဲဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၉ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ထပ်ပြီး ပေးပို့ဖို့ ညွှန်ကြားထားလိုက်တယ်လို့ ဦးတင်မောင်ချိုက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းကို ဆက်သွယ်မေးရာမှာ ဒီစာကို လက်ခံရရှိတယ်လို့ ဖြေပါတယ်။

“နာမည်တော့ အလွတ်မရဘူး၊ ၆ ယောက်သွားတာမှာ ရိုဟင်ဂျာပြောလို့ သူတို့ကနိုင်ငံသားမဖြစ်နိုင်ဘူးပေါ့၊ ရိုဟင်ဂျာမဟုတ်ဘူးဆိုရင် ရသလောက် လေ့လာရမှာပေါ့လေ။”
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပြန်လည်တောင်းခံလာတဲ့အပေါ်ကို ဦးကျော်မင်းက အရင်တုန်းက ရိုဟင်ဂျာလို့ တင်ပြခဲ့ပေမယ့် ပြဿနာမရှိခဲ့ဘဲ ခုမှဖြစ်တာလို့ ပြောဆိုပါတယ်။

“ဟိုတုန်းက လျှောက်လွှာတင်စဉ်က ကိုယ်ရေးရာဇ၀င်တွေ ပူးတွဲတင်ခဲ့ရတယ်။ အဲတုန်းကလည်း သူတို့ပြောတဲ့နာမည်တွေဘာတွေပါတယ်။ အခုနောက်ဆက်တွဲတိုးတဲ့အထဲ အဲလိုပါနေလို့ ကိုယ်ရေးရာဇ၀င်တွေပြန်တောင်းတယ်။ သူတို့မကြိုက်တဲ့ နာမည်မပါရင် လက်ခံမယ့်သဘောရှိတယ်။”
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၀ (က) အရ ပါတီဝင်စည်းရုံးရာမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဒါမှမဟုတ် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကိုပဲ စည်းရုံးခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

No comments: