စောဇင်ညီ | တနင်္လာနေ့၊ မေလ ၁၃ ရက် ၂၀၁၃
မုန်တိုင်းသတင်းကြောင့် ပုသိမ်ခရိုင်နှင့် ရခိုင်ပြည်နယ်များတွင် ကမ်းနီးကမ်းဝေး သင်္ဘောများအား မုန်တိုင်းခိုလှုံရန် သင်္ဘောပြေးဆွဲမှုများ ယာယီရပ်ဆိုင်းထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ ထံမှ သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ကမ်းနီးကမ်းဝေး သင်္ဘောများအား မုန်တိုင်းခိုလှုံသော ချောင်းများတွင် ခိုလှုံရန် နေရာ ချထားပြီး ဖြစ်ကြောင်း ယနေ့မှစ၍ စတင်ခိုလှုံနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေး ဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က မဇ္ဈိမသို့ ပြောသည်။
၎င်းက “ ကမ်းနီးကမ်းဝေး သင်္ဘောတွေကိုလည်း မုန်တိုင်းခိုလှုံတဲ့ ချောင်းတွေရှိတယ်။ အဲဒီချောင်းတွေထဲခိုခိုင်းထားတယ်။ ဒီနေ့ဆို ခိုနေပြီ ” ဟုဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ်သို့ ဖြတ်သန်းသည့် သင်္ဘောကြီးများမှာ အနည်းငယ်သာရှိပြီး အကယ်၍ လမ်းခုလပ်သို့ရောက်ရှိနေပါက လမ်းတွင် မုန်တိုင်းခိုလှုံသည့် နေရာများ ရှိသည်ဟု ဦးဝင်းမြိုင်က ရှင်းပြသည်။
ကျောက်ဖြူသေခံတဦးက ပြည်နယ်အစိုးရမှ မုန်တိုင်းသတိပေးချက်များ ကြေညာခြင်းများ လုပ်ဆောင်နေသော်လည်း မုန်တိုင်းကျလျှင် ရေပြတ်လပ်မည့် အရေးကို စိုးရိမ်ကြောင်း ဆိုသည်။
အဆိုပါဒေသခံက “ ဒီကနေ့မှာတော့ ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေ၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ စက်လှေတွေအားလုံး ဆိပ်ကမ်းတွေမှာ ၀င်နားခိုနေကြတယ်။ အပူရှိန်မြင့် လာပြီးတော့ လေတိုက်နှုန်း ကျဆင်းလာတယ်။ လူတွေက သတိနဲ့နေကြတယ်။ မုန်တိုင်းမကျရေး ယတြာလုပ်တာတွေလည်း တွေ့ရတယ် ” ဟု ဒေသအခြေအနေကို ရှင်းပြသည်။
ဧရာဝတီတိုင်း ပုသိမ်ခရိုင်တွင် မုန်တိုင်းသတင်းကြောင့် သင်္ဘောပြေးဆွဲမှုများအား ယနေ့မှစ၍ ယာယီ ရပ်ဆိုင်းထားကြောင်း ပုသိမ်ခရိုင် ပြည်တွင်းရေးကြောင်းဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောသည်။
၎င်းက “ ဒီနေ့ကစပြီး သင်္ဘောလိုင်း ရပ်ထားတယ်။ ဘိုကလေးတို့ ဖျာပုံတို့ အကုန်ရပ်ထားတယ်” ဟု အတည်ပြုပြောဆိုသည်။
ယနေ့ မြန်မာစံတော်ချိန် (၁၂း ၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျှက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း တွင်ဖြစ်ပေါ်
နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ (ကိုကိုးကျွန်း) ၏အနောက်တောင် ဘက် မိုင် (၄၁၀) ခန့် ၊ ပုသိမ်မြို့၏ အနောက်တောင် မိုင် (၅၄၀) ခန့်၊ ကျောက်ဖြူ၏ အနောက်တောင်ဘက် မိုင်(၅၉၀) ခန့်၊ အိန္ဒိယနိုင်ငံ (ချင်နိုင်းမြို့) ၏ အရှေ့တောင်ဘက် မိုင် (၃၈၀) ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုကာ အဆိုပါ ဆိုင်ကလုန်းသည် မြောက်ဘက်သို့ ဆက်လက် ရွှေ့လျားနိုင်ပြီး မုန်တိုင်းဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် (၆၀) အထိရှိနိုင်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်က လှိုင်းကြီးမည်ဖြစ်ပြီး မြန်မာကမ်းရိုးတန်းမှ ကမ်းနီး ကမ်းဝေး
ရေယာဉ်များအား မုန်တိုင်းအန္တရာယ်ရှောင်ရန် ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ မိုးလေ၀သနှင့်  ဇလဗေဒ အဖွဲမှ အိန္ဒိယ စံတော်ချိန် ၁၁ နာရီတွင် အဆိုပါ ဆိုင်ကလုန်းနှင့်  ပတ်သတ်သော သတင်း တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုသတင်းတွင် နောက် ၄၈ နာရီ အတွင်း Andaman ကျွန်းနှင့် Nicobar ကျွန်းတို့ကို ဖြတ်မည်ဖြစ်၍ နောက်၄၈ နာရီ အတွင်း ငါးဖမ်းမထွက်ကြရန် နှိုးဆော် ထားသည်။
No comments:
Post a Comment