ABC
ဂျပန်နိုင်ငံရဲ့ အကြီးဆုံး NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နီပွန်ဖောင်ဒေးရှင်းကနေပြီး ရခိုင်ပြည်နယ် မှာ စာသင်ကျောင်းပေါင်း ၁၀၀ ကို ဆောက်လုပ်ပေးသွားမယ်လို့ သိရပါတယ်။
ဒီအစီအစဉ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ စတင်ဆောက်လုပ်နေတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေး က ရေဒီယို သြစတေးလျကို အခုလို ပြောပါတယ်။
“ကျမတို့ဆီမှာ နီပွန်ဖောင်ဒေးရှင်း ကနေပြီးတော့ ကျောင်းက ၁၀၀ ထဲမှာ ကျမတို့ စစ်တွေမှာ မြို့ထဲမှာ မူလတန်းကျောင်း ၁၀ ခုလောက်ကပြီးပြီ၊ ကျန်တဲ့နေရာတွေကတော့ မြောက်ဦး ရယ်၊ ကျောက်တော် ရယ်၊ မင်းပြား ရယ်၊ ရခိုင်ပြည်နယ် အနှံ့အပြားမှာ ဆောက်မယ်လို့တော့ ပြောတယ်၊ အခုဟာ ၁၀ လုံးလောက်ပဲ ပြီးသေးတယ်၊ သူတို့ အစီအစဉ်က မူလတန်းကျောင်းတွေလို့ ပြောတယ်၊ နောက်ပြီးတော့ သူတို့ ဖောင်ဒေးရှင်းက ကိုယ်စားလှယ် လွဲလိုက်တယ်ပေါ့နော်၊ ကန်ထရိုက် လွဲပြီးတော့ လိုက်ဆောက်ပေးနေတယ်။”
အခုလာမယ့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်မှာစပြီး စာသင်ကျောင်း ဆောက်လုပ်ရေးစီမံကိန်းကို ဆောက်လုပ် ပေးသွားမှာဖြစ်ပြီး ဒီစာသင်ကျောင်းတွေကို ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ မြို့နယ် ၁၇ မြို့နယ်အတွင်းမှာ စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
စီမံကိန်းအတွက် နီပွန်ဖောင်ဒေးရှင်းကနေပြီး အမေရိကန်ဒေါ်လာ ၆ သန်းခန့် ကူညီထောက်ပံ့ ပေးသွားမှာ ဖြစ်သလို စာသင်ကျောင်းတွေ ဆောက်လုပ်ပြီးစီး ဖို့အတွက် ၅ နှစ် စီမံကိန်း ရေးဆွဲ ထားတယ်လို့လည်း သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်း အတော်များများဟာ မိုးယိုတာ၊ လေတိုက်လို့ စာသင်မရတာ၊ ယိုယွင်းပျက်စီးနေတာတွေ အများအပြားဖြစ်နေပြီး အခြေအနေ အတော် ဆိုးဝါးနေတယ်လို့လည်း ဒေါ်ညိုအေးက ဆက်ပြောပါတယ်။
နိပွန်ဖောင်ဒေးရှင်းအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက အခြေခံ မူလတန်းကျောင်းတွေအပြင် လမ်းပန်းဆက်သွယ်ရေးဆိုးဝါးတဲ့ မြို့နယ်တွေမှာလည်း မူလတန်းလွန်ကျောင်းတွေ တည်ဆောက်ပေးဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။
ဂျပန်နိုင်ငံ အခြေစိုက် နိပွန်ဖောင်ဒေးရှင်းအဖွဲ့ဟာ ၁၉ ၆၂ ခုနှစ်မှာ စတင်တည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။
.jpg)
No comments:
Post a Comment