Sunday, May 12, 2013

ပြန်ပေးသည့် လယ်မြေစာရင်း စစ်တပ်မှ အကြောင်းပြန်ပေးပို့မှု မရှိ

အေးမြင့်စန်း

ပြန်ပေးသည်ဆိုသည့် လယ်မြေစာရင်းကို စစ်တပ်မှ အကြောင်းပြန် ပေးပို့လာခြင်း မရှိကြောင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က မဇ္ဈိမသို့ ပြောသည်။

၎င်းက “ ရှမ်းပြည်ဘက်မှာတော့ စစ်တပ်က လယ်မြေပြန်ပေးတယ် ဆိုတာ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်ဆီက ကြားရတာလောက်ပဲရှိတယ်။ ကော်မရှင်ကို တရားဝင် အကြောင်းပြန်တာ မရှိတဲ့အတွက် ဘယ်နယ်မှာ လယ်မြေ ဘယ်လောက် ပေးပါတယ် ဆိုတာ အတည်ပြုပေးလို့ မရဘူး။ စစ်တပ်က သိမ်းဆည်းလယ်မြေ ဘယ်လောက် ပေးပါတယ်ဆိုတာ လွှတ်တော်မှာ သတင်းထုတ်ပြန် ပေးလို့မရဘူး ” ဟုဆိုသည်။

လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စစ်တပ်က သိမ်းဆည်းထားသည့် လယ်မြေများနှင့် ပတ်သတ်၍ ပြန်လည်ပေးအပ်ရန် ကော်မရှင်နှင့် တွေ့ဆုံစဉ် မတ်လကပင် ဆွေးနွေးခဲ့ပြီး ဖြစ်ရာ လက်ရှိအချိန် ထိ စစ်တပ်မှ ပြည်သူသို့ လယ်မြေ ဘယ်လောက် ပေးအပ်ခဲ့သည်ကို ကော်မရှင်သို့ စာရင်းအတိအကျ လာရောက်အကြောင်း ပြန်ကြားလာခြင်း မရှိဟု ကော်မရှင်မှ သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကော့မှူး၊ သံလျင်၊ တွံတေးမြို့နယ်များတွင် စစ်တပ်မှ သိမ်းဆည်း လယ်မြေများ ရှိနေဆဲဟု ဦးခိုင်မောင်ရည်က ဆိုသည်။

၎င်းက “ ကော်မရှင်နဲ့ ပြောသင့်တာတွေ ပြောပြီးပြီ၊ ပြောတဲ့အတိုင်း ဖြစ်မလာတဲ့အတွက် သွားရောက် တွေ့ဆုံဆွေးနွေးစရာလည်း မရှိပါဘူး။ သက်ဆိုင်ရာကို စာပို့တာပဲ ရှိတယ်။ ကော်မရှင်က ပြည်ထောင်စု အဆင့်ဖြစ်တဲ့ အတွက် သွားပြီး ဆွေးနွေးဖို့မလိုဘူး ခေါ်တွေ့ဖိုရမှာ ဖြစ်တယ် ” ဟုပြောသည်။

စစ်တပ်မှ ပြန်ပေးမည် ပြောဆိုသော်လည်း အချို့နေရာများတွင် အလံတိုင်များ စိုက်ထားသဖြင့် ဓါတ်ပုံရိုက်ကကော်မရှင်တာဝန်အရ ပြည်ထောင်စုလွှတ်တော်အား အစီရင်ခံစာတင်မည်ဟု ဦးခင်မောင်ရည်က ထပ်မံပြောပြသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် စက်မှုလက်မှု လုပ်ငန်းများကြောင့် အသိမ်းခံရသည့် လယ်မြေလေးသောင်း၊ ငါးကန်တိုးချဲ့မှုကြောင့် လယ်မြေတသောင်း နှင့် တပ်ရင်း ၉ရင်းမှ သိမ်းဆည်း ထားသည့် လယ်မြေ ဧက ထောင်ဂဏန်းခန့် ရှိနေသည်ဟု သိရပြီး တချို့ မြို့နယ်များတွင် အသိမ်းခံ လယ်မြေများ ရှိနေသော်လည်း သိမ်းခံရသည့် တောင်သူများမှ လာရောက်တိုင်ကြားခြင်း မရှိသဖြင့် ကော်မရှင်အနေဖြင့် စာရင်းအတိအကျ မရကြောင်း ဆိုသည်။

လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်းနှစ်ကို ဇွန်လတွင် ပြည်ထောင်စု လွှတ်တော်ကို တင်ပြသွားမည် ဖြစ်ရာ အဆိုပါအစီရင်ခံစာတွင် အစိုးရ သိမ်းဆည်းထားသည့် စီမံကိန်း လယ်မြေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် သိမ်းဆည်းထားသည့် လယ်မြေများနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေး ထားသည်။

No comments: