Friday, May 17, 2013

နိုင်/ကျဉ်း အချို့ ထပ်မံ လွတ်မြောက်လာ

နေမျိုး | သောကြာနေ့၊ မေလ ၁၇ ရက် ၂၀၁၃

အကျဉ်းထောင်အချို့မှ နိုင်ငံရေးအကျဉ်းသား အချို့ ယနေ့နံနက်ပိုင်းတွင် ထပ်မံ လွှတ်ပေးနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှတဆင့် သိရသည်။

“သာယာဝတီထောင်က ကိုအေးမင်းနိုင်၊ မစန်းစန်းမော်၊ ကိုဇော်လွင်၊ ကိုကျော်ဇင်ဦး၊ ကိုစစ်ကိုလွင် တို့ ပါတယ်။ ဒါပေမယ့် ဖုန်းဆက်သွယ်မရသေးဘူး၊ လေဖမ်းဒန်းစီးတဲ့ ပုံလည်း မဖြစ်စေချင်ဘူးလေ” ဟုထောင်အသီးသီးမှ လွတ်လာသူများနှင့် ဆက်သွယ်ရန် တာဝန်ယူထားသူ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုထွန်းကြည် က ပြောသည်။

စုစုပေါင်း နိုင်ငံရေး အကျဉ်းသား ၂၀ ဦးခန့် လွှတ်မြောက်ပြီဟု ကြားသိရသော်လည်း အရေအတွက် အတိအကျကိုမူ အတည်မပြုနိုင်သေးကြောင်း ၎င်း က ဆက်ပြောသည်။

“လောလောဆယ် သာယာဝတီ(ထောင်) က ၅ ယောက်၊ အင်းစိန်(ထောင်)က ၇ ယောက်၊ မန္တလေး(ထောင်) က ၁ ယောက်၊ တောင်ငူ(ထောင်)က ၂ ယောက်၊ တောင်ကြီး(ထောင်)က ၁ ယောက်၊ လာရှိုး(ထောင်)ကယောက် ၁ ၊ မအူပင်(ထောင်)က ၁ ယောက်၊ ပုသိမ်(ထောင်)က ၁ ယောက်။ လောလောဆယ် ၂၀ နီးပါး ရှိတယ်လို့ ကြားထားတယ်” ဟု ဆိုသည်။

ယနေ့ ထပ်မံလွှတ်ပေးလိုက်သည်ကို အဆင့်တဆင့် ကြိုဆိုရမည် ဖြစ်သော်လည်း လွှတ်ပေးရန် တောင်းဆို ထားသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက် ၂၀၀ နီးပါးဖြစ်၍ ကျန်ရှိနေဆဲဖြစ်ကြောင်း ကိုထွန်းကြည် က မဇ္စျိမ ကို ပြောသည်။

No comments: