Saturday, May 18, 2013

ပုဒ်မ ၄၀၁ ကို နိုင်/ကျဉ်းဟောင်းများ အလိုမရှိကြ

နေမျိုး

သောကြာနေ့က လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အား လက်မှတ်မထိုးခဲ့ရသလို ယခင် လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်း သား ဟောင်းများအပေါ် အဆိုပါပုဒ်မ သက်ရောက်မှုလည်း ဆက်လက် မရှိသင့်တော့ကြောင်း နိုင်ငံရေးအကျဉ်းသား ပြန်လည် စီစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးညိုထွန်း က ပြောဆိုလိုက်သည်။

“နေမျိုးဇင်လို အမှုမျိုးဆို ၄၀၁ က ကျန်တဲ့သူတွေက ဝိုက်ပြီး ခြိမ်းခြောက်လိုက်သလို ဖြစ်တယ်။ နိုင်/ကျဉ်းတွေ ကို မင်းတို့ ကို့ရို့ကားယားမလုပ်နဲ့ လုပ်လို့ရှိရင် ဒီလိုမျိုး ပြန်ပြီး အပြစ်ပေးလို့ ရတယ်ဆိုပြီး ပြလိုက် သလို ဖြစ်တယ်။ သမ္မတက ၄၀၁ ကို ပြန်ရုပ်သိမ်းသင့်တယ်ဗျာ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်း က မဇ္စျိမကို ပြောသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် ၄၀၁ (၁)ဖြင့် လွတ်မြောက်လာသူတိုင်းမှာ တစုံတရာ ပြစ်မှု ထပ်မံကျူးလွန်ပါက ကျန်ရှိပြစ်ဒဏ်များကို ဆက်လက်ကျခံရမည် ဖြစ်သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)မှာ “ပြစ်မှု တစုံတရာအတွက် တဦးတယောက်အား ပြစ်ဒဏ် ချမှတ်ပြီးသည့်အခါ နိုင်ငံတော် သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲ ဖြစ်စေ
ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက်တခုခု ထား၍ဖြစ်စေ ၎င်းအပေါ် ချမှတ်သည့်ပြစ်ဒဏ် အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၎င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ်အပိုင်း တစုံတရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်”
ဟု ပါရှိသည်။

ဦးနေမျိုးဇင်မှာလည်း ၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်တွင် ၄၀၁ (၁) လက်မှတ်ရေးထိုးကာ လွတ်မြောက်လာသူဖြစ်ရာ ယခုနှစ် မေလဆန်းပိုင်းက ရဲတပ်ဖွဲ့ လာဘ်စားသည်ဟု စွပ်စွဲပြောဆိုမှုအပေါ် အသရေဖျက်မှုဖြင့် ၎င်းအား ထောင်ဒဏ် ၃ လ ချမှတ်လိုက်ရာတွင် ကြွေးကျန် ပြစ်ဒဏ် ၆ နှစ်ပါ တပါတည်းကျခံရန် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ချမှတ်ခံခဲ့ရသည်။

ယနေ့မှပင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား သမ္မတရုံး အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါ ၄၀၁ (၁)မှာ ကျန်ရှိ လွတ်ငြိမ်းချမ်းသာခွင့်ရ နိုင်ငံရေး အကျဉ်းသား ဟောင်းများအား ကန့်သတ်ခြိမ်းခြောက်မှုတရပ်အဖြစ် နိုင်/ကျဉ်းဟောင်းများက ရှုမြင်ကြသည်။

“သမ္မတကြီး မိန့်ခွန်းတွေက ရွှန်းရွှန်းဝေနေတာပဲ။ ဒါပေမယ့် ၄၀၁ ကြီးနဲ့ဆိုတော့ သိပ်မဟုတ်ဘူး။ ၄၀၁ ဆိုတာကိုလည်း ကန့်ကွက်ထားတယ်။ ဗိုလ်ကြီးနေမျိုးဇင် ဆိုရင် ၄၀၁ ထိုးထားတာလေ၊ ၄၀၁ ကို လက်မခံပါဘူး။ ကျနော်တို့ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ထားပါတယ်။ နိုင်/ကျဉ်း ခေါင်းစဉ်အောက်က လွှတ်ပေးတာကို အလေးအနက်ထားတယ်။ စေတနာပါမှ ကောင်းတာလေ” ဟု နိုင်ငံရေး အကျဉ်းသား
ဟောင်းအဖွဲ့မှ ကိုထွန်းကြည် က ထောက်ပြ ဝေဖန်သွားသည်။

ယနေ့ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀ ခန့် လွတ်မြောက်လာသည်ဟု ကိုထွန်းကြည် က မဇ္ဈိမကို ပြောသည်။

ယခင် နိုင်ငံရေးရေး အကျဉ်းသားများလွှတ်ပေးစဉ်က အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ မလာခင်မီ လွှတ်ခဲ့သလို ယခုအကြိမ်တွင်လည်း မြန်မာ သမ္မတဦးသိန်းစိန် အမေရိကန် ခရီးစဉ်နှင့် တိုက်ဆိုင်နေသည်။

“သမ္မတကြီး နိုင်ငံခြားများများ ထွက်နိုင်ပါစေလို့ ဆုတောင်းရမှာပဲ။ အစ်မတို့ကို လွှတ်ခဲ့တုန်းကလည်း ၄၀၁ ဆိုတဲ့နှောင်ကြိုးနဲ့ လွှတ်ခဲ့တာ။ ဒါဟာ ခြိမ်းခြောက်မှု တခုနဲ့ လွှတ်ခဲ့တာ။ နိုင်ငံရေး အကျဉ်းသားတွေကို အသုံးချနေတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း မသက်သက်အောင် က သူမ၏ အတွေ့အကြုံဖြင့် နှိုင်းယှဉ် ပြောပြသွားသည်။

ယနေ့ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာသူ ABSDF ရဲဘော်ဟောင်း ဦးရဲထွဋ္ဋ်ခေါင်ကလည်း “ထင်တာကတော့ နိုင်ငံခြား ခရီးစဉ်ကြောင့် ဒါမှမဟုတ်ရင်လည်း အကျဉ်းသား စိစစ်ရေးကော်မရှင်ကြောင့်လို့ ထင်ပါတယ်” ဟု အင်းစိန်အကျဉ်းထောင်ရှေ့တွင် မီဒီယာများအားပြောကြားသွားသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းရန် သမ္မတက ဖေဖေါ်ဝါရီလ ၆ ရက်တွင် တာဝန်ပေးခဲ့ပြီးနောက် ယနေ့တွင် စုစုပေါင်း ၁၉ ယောက်အား တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ဝန်ကြီး ဦးစိုးသိန်း ဖြစ်ပြီး ၈၈ အဖွဲ့မှ ဦးကိုကိုကြီး၊ House of Entertainment မှ ဦးသူရ (ဇာဂနာ)၊ NLD မှ ဦးဉာဏ်ဝင်း၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ ဦးဘိုကြည်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ ဦးသိန်းညွန့် စသူတို့ ပါဝင်သည်။

သောကြာနေ့တွင် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများမှာ အင်းစိန်ထောင်မှ ၁၀ ဦး၊ တောင်ငူထောင်မှ ၂ ဦး၊ လားရှိုးထောင်မှ ၁ ဦး၊ ပုသိမ်ထောင်မှ ၁ ဦး၊ မန္တလေး အိုးဘိုထောင်မှ ၁ ဦး၊ သာယာဝတီထောင်မှ ၅ ဦးဖြစ်ကြောင်း အကျဉ်းသားအရေး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

No comments: