Thursday, May 9, 2013

မြန်မာသံရုံးဗုံးခွဲဖို့ကြံသူ အဖွဲ့ဝင်တချို့ အင်ဒိုရဲကအသေဖမ်းမိ

ABC

အင်ဒိုနီးရှားနိုင်ငံက ​မြန်မာသံရုံးကို ​ဗုံးခွဲတိုက်ခိုက်ဖို့ကြံစည်မှုမှာ ​ပါဝင်ပက်သတ်တယ်လို့ ​ယူဆရတဲ့သူ ​၃ ​ဦးကို ​အင်ဒိုနီးရှားရဲတွေက ​အသေပစ်ခတ်ဖမ်းဆီးခဲ့တဲ့တယ်လို့ ​သိရပါတယ်။

မနေ့မနက်ပိုင်းက ​ဂျာဗားကျွန်းအနောက်ပိုင်း ​Bandung ​မြို့ ​ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ​အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ ​အကြမ်းဖက်မှု ​နှိမ်နင်းရေး ​အထူးတပ်သားတွေနဲ့ ​ဗုံးခွဲဖို့ကြံစည်မှုမှာ ​ပတ်သက်တယ်လို့ ​သံသယ ​အဖြစ်ခံရသူတွေအကြား ​တိုက်ခိုက်မှု ​ဖြစ်ခဲ့တယ်လို့ ​သိရပါတယ်။

သံသယအဖြစ်ခံသူ ​အမျိုးသား ​၄ ​ဦးထဲက ​တစ်ဦးကို ​အရှင်ဖမ်းဆီးထားနိုင်ခဲ့ပြီး ​ကျန် ​၃ ​ဦးကိုတော့ ​အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ​အင်ဒိုနီးရှားရဲမှုးချုပ် ​Timur ​Pradopo ​က ​သတင်းထောက်တွေကို ​ပြောခဲ့ပါတယ်။

အထူးရဲတပ်ဖွဲ့က ​သံသယ ​အဖြစ်ခံရသူတွေရဲ့ ​အိမ်ကို ​ဝိုင်းထားခဲ့ချိန်မှာ ​အဆိုပါလူတွေက ​အသာတကြည် ​အဖမ်းမခံပဲ ​နာရီပေါင်းအတော်ကြာအောင် ​ရဲတွေကို ​သေနတ်နဲ့ပြန်ပြီးပစ်ခတ်ခဲ့သလို ​လက်ပစ်ဗုံးတွေနဲ့ပါ ​တိုက်ခိုက်ခဲ့တယ်လို့လည်း ​ဆိုပါတယ်။

အဆိုပါလူ ​၄ ​ဦးထဲက ​အသက်ရှင်ကျန်တဲ့ ​အသက် ​၂၅ ​အရွယ် ​အမျိုးသားဟာ ​အိမ်ကိုရဲတွေစပြီးတိုက်ခိုက်ခဲ့စဉ် ​မျက်ရည်ယိုဗုံးတွေသုံးခဲ့ကတည်းက ​အိမ်ထဲကနေ ​အပြင်ကိုထွက်ပြေးလာခဲ့တဲ့အတွက် ​ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့လည်း ​ရဲမှုးချုပ်က ​ပြောပါတယ်။

တိုက်ခိုက်မှုတွေအပြီးမှာတော့ ​အိမ်ထဲက ​သေနတ် ​၃ ​လက်နဲ့ ​ကျဉ်ဆံအတောင့် ​၂၈၀ ​သိမ်းဆည်းမိခဲ့တယ်လို့သိရပြီး ​တိုက်ခိုက်ခဲ့သူတွေဟာ ​အင်ဒိုနီးရှားနိုင်ငံတဝှမ်းပျံ့နှံ့နေတဲ့ ​အကြမ်းဖက်အဖွဲ့က ​အဖွဲ့ဝင်တွေဖြစ်မယ်လို့ ​ရဲတွေက ​ယူဆနေကြပါတယ်။

ရာနဲ့ချီတဲ့ ​ဒေသခံရဲတပ်သားတွေက ​အခင်းဖြစ်ပွားခဲ့တဲ့ ​လယ်ကွင်းတွေအလည်ကအိမ်ကို ​ဝိုင်းပတ်ပိတ်ဆို့ထားပြီး ​ အခင်းဖြစ်ပွားတာကို ​လာကြည့်တဲ့လူအုပ်ကြီးကို ​တားထားရတယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​မွတ်စလင်တွေအပေါ် ​ဖိနှိပ်တိုက်ခိုက်တာတွေကို ​မကျေနပ်တဲ့အတွက် ​ဂျာကာတာမြို့မှာရှိတဲ့ ​မြန်မာသံရုံးကို ​ဗုံးခွဲတိုက်ခိုက်ဖို့ ​ကြံစည်နေတယ်လို့ ​ယူဆရတဲ့ ​လူ ​၂ ​ဦးကို ​အင်ဒိုနီးရှားရဲတွေက ​ပြီးခဲ့တဲ့တစ်ပတ် ​ကြာသပတေးနေ့က ​ဖမ်းဆီးခဲ့အပြီးမှာ ​အဲဒီသူတွေနဲ့ ​ဆက်စပ်ပတ်သက်နေတယ်လို့ ​ယူဆရတဲ့အတွက် ​Bandung ​မြို့ဆင်ခြေဖုံးအိမ်က ​သူတွေကို ​ရဲကဖမ်းဆီးဖို့ ​ကြိုးစားခဲ့တာဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​မွတ်စလင်တွေ ​အနှိမ်ခံ၊ ​အတိုက်ခိုက်ခံနေရပြီး ​ရိုဟင်ဂျာတွေအပေါ်မှာလည်း ​ဖိနှိပ်ရက်စက်နေတယ်လို့ ​သဘောထားရှိတဲ့ ​မွတ်စလင်ဘာသာဝင် ​အင်ဒိုနီးရှားလူမျိုးတချို့က ​မြန်မာနိုင်ငံအပေါ်မှာ ​ဂျီဟတ်လို့ခေါ်တဲ့ ​ဘာသာရေးစစ်ပွဲဆင်နွှဲဖို့ ​အလိုရှိကြောင်း ​ထုတ်ဖေါ်ထားကြတယ်လို့ ​သိရပါတယ်။

No comments: