Saturday, May 4, 2013

စက်မှုဇုန်များ နိုင်ငံတကာ အဆင့်မီစေရန် ဆောင်ရွက်မည်

နန်းဆိုင်နွမ်

မြန်မာနိုင်ငံရှိ စက်မှုဇုန်များကို နိုင်ငံတကာ အဆင့်မီ အင်္ဂါရပ် ညီညွတ်သွားစေရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

စက်မှုဇုန်များကို မြေကွက်လပ်သာရှိပြီး စက်ရုံ အနည်းငယ် တည်ထောင်ကာ ရေ၊ မီး၊ စက်ရုံအတွက် လိုအပ်သည့် ပစ္စည်းများနှင့် ဇုန် စီမံခန့်ခွဲသည့် အဖွဲ့များ၊ လုံခြုံရေး အဖွဲ့များပါ ထည့်သွင်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း အမျိုးသား စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးရေးတိုးတက်မှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာနေတဲ့ အချိန်ဆိုတော့ စက်မှုဇုန်ကို အင်္ဂါရပ် ညီညွတ်အောင်၊ ရေ၊ မီး ကဏ္ဍ ကိုလည်း အချိန်ပြည့် ရအောင် လုပ်ဆောင်ရမယ်။ ပြီးတော့ စက်မှုဇုန် မြေကွက်တွေ ဈေးမကစားဖို့အတွက် စလုပ်နေပြီ။အသေးစား၊ အလတ်စား စက်မှုဇုန်တွေအတွက် ဥပဒေကိုလည်း ရေးဆွဲနေပါပြီ” ဟု ၎င်းက ဆိုသည်။

စက်မှုဇုန် မြေကွက်များသည် စက်ရုံများ မတည်ဆောက်ဘဲ မြေကွက်ဈေးကစားရန် အတွက် ၀ယ်ယူကာ ခြံခတ်ထားသည့် ကိစ္စများ ကိုလည်း စုံစမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ စံချိန် စံညွှန်းဖြစ်သည့် စက်မှုဇုန် တခုဖြစ်စေရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

“စက်မှုဇုန် တခုမှာ မီးမရရင် ဘာမှ လုပ်လို့မရဘူး။ မီးမရတော့ ဒီဇယ်တွေနဲ့ လည်ပတ်နေရတယ်။ အခုဆိုရင် တရက်ကို လေးနာရီပဲ မီးလာတယ်။ အဲဒီမှာပဲ ပြည်ပက သွင်းကုန်ထက် ပြည်တွင်းကုန်က ပိုဈေးမြင့် နေတယ်။ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုကို ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ” ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဧရာဝတီသို့ ပြောသည်။

လက်ရှိ အခြေအနေတွင် ရန်ကုန်မြို့တွင် စက်မှုဇုန်များတွင် မီးများကို တနေ့ လေးနာရီခန့်သာ ရရှိသည့် အတွက် အခက် ကြုံနေကြပြီး စက်မှုဇုန် စီမံခန့်ခွဲသည့် ကော်မတီများ ရှိသင့်ကြောင်း၊ လုံခြုံရေးမှာလည်း စိတ်မချရသည့်အဆင့် ဖြစ်နေကြောင်း၊ စက်မှုဇုန်နှင့် ပတ်သက်ပြီး ပြုပြင်စရာ၊ ပြင်ဆင်စရာ များစွာရှိကြောင်း ဦးမြတ်သင်းအောင်က ဆိုသည်။

နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံ လိုသူများကိုလည်း နိုင်ငံတော်အစိုးရက လျှပ်စစ်မီးအတွက် အာမ မခံနိုင်သေးကြောင်း၊ မိုးတွင်း တွင်သာ ၂၄ နာရီအပြည့် လျှပ်စစ်မီး ပေးနိုင်မည်ဟု ပြောဆိုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ လက်နှေးနေကြောင်း၊လျှပ်စစ်မီးကြောင့် ရေပါ ပြတ်လပ်နေပြီး အအေးခန်းသုံး စက်ရုံများ၊ ပလပ်စတစ် စက်ရုံများနှင့် မုန့်ဖုတ်လုပ်ငန်းများ အဓိက ထိခိုက်ကြောင်း သိရသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူတဦးက “ကျနော်တို့က ဇေကမ္ဘာ စက်မှုဇုန် အပိုင်းကို အဓိက ကိုင်တာပါ။ အဲဒါက လုံခြုံရေးနဲ့ အလုပ်သမား အရေးကို ဖြေရှင်းပေး ပါတယ်။ ကျန်စက်မှုဇုန်နဲ့တော့ ကျနော်တို့ မဆိုင်ဘူး။ တိုင်းဒေသကြီးကိုပဲ မေးပါ” ဟု ဧရာဝတီသို့ ပြောသည်။

သာကေတ စက်မှုဇုန် ဥက္ကဋ္ဌ ဦးအောင်သိန်းကလည်း ၎င်းတို့ သာကေတ စက်မှုဇုန်သည် ရန်ကုန်မြို့ထဲနှင့် နီးကပ်နေသည့် အတွက် စက်ရုံတည်ခြင်းထက်၊ ပစ္စည်းသိုလှာင်သည့်နေရာ ပိုများသည်ဟု ဆိုသည်။

“စက်မှုဇုန်တိုင်းကတော့ စက်မှုဇုန် အင်္ဂါရပ်နဲ့ ညီအောင် လမ်းတွေချဲ့၊ မီးတွေရအောင် လုပ်နေကြတာကို မြင်ရပါတယ်” ဟု သူကဆိုသည်။

အထူးစီးပွားရေးဇုန် ဥပဒေတွင် ဇုန်များ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာ၌ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များဟု မခွဲခြားဘဲ တပြေးညီ ဆောင်ရွက်ခွင့် ပေးသွားမည် ဖြစ်ကြောင်း၊ အထူးဇုန်တခု ဖော်ထုတ်တိုင်း ဥပဒေတခု ပြဌာန်းခြင်း မဖြစ်ရအောင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ စတော့ ရှယ်ယာဈေးကွက်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းဈေးကွက်၊ စက်မှုလုပ်ငန်း၊ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာနိုင်ရေး အတွက်လည်း နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန် ဥပဒေများကို လေ့လာ၍ ရေးဆွဲထားကြောင်း သိရသည်။

No comments: