Tuesday, May 7, 2013

မြစ်ကြီးနား-လိုင်ဇာလမ်း ကားများ ပြန်ပေးဆွဲလာ

KNG


ကချင်ပြည်နယ် တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည် မြစ်ကြီးနား-လိုင်ဇာ လမ်းကို ဧပြီလမှ တချို့ ပြည်သူများ ဆိုင်ကယ်ဖြင့် ပြေးဆွဲနေပြီဖြစ်ပြီး ယခုချိန် ကားဖြင့်လည်း ပြေးဆွဲလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို တရားဝင် ဖွင့်လိုက်ခြင်းမဟုတ်ပဲ နားလည်မှုဖြင့် ပို့ဆောင်ပေးနေခြင်းဖြစ် သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာ ဗဟိုဌာနချုပ် သွားသော ခရီးသည်များကို မြစ်ကြီးနားမှ နမ်ဆန်ယန် (Nam San Yang) ထိ ပို့ဆောင်ပြီး ထိုမှတဆင့် လိုင်ဇာထိ အခြားကားဖြင့် ပို့ဆောင်နေကြောင်း ခရီးသည်များ ပြောသည်။

ထိုသို့သွားလာသော ခရီးသည်များကို အစိုးရ စစ်တပ် ဂိတ်များတွင် မေးမြန်းစစ်ဆေးမှုများ ပြုလုပ်သော်လည်း ခြိမ်းခြောက်မှုနှင့် ငွေတောင်းခြင်း မရှိကြောင်း မြစ်ကြီးနားမှ လိုင်ဇာသို့ လာခဲ့သော ဒေသခံတစ်ဦးကပြောသည်။

“လမ်းတွေမှာတော့ တံတားတိုင်းမှာ ဗမာစစ်သားတွေရှိတယ်။ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။ ဘာမှ မကောက်ဘူး။ ကားသမားတွေ လက်မှတ်ထိုးတာပဲ။ မှတ်ပုံတင်ပဲ စစ်တယ်။ နေ့တိုင်းလိုလိုတော့ရှိတယ်။ ဒီနေ့လည်း မြစ်ကြီးနားကနေ ကားတစ်စီး ဆင်းလာပြီ” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

လိုင်ဇာသို့သွားရာတွင် လဂျားယန်ဘက်မှ မဟုတ်ပဲ မုန်လိုင်ခက်လမ်းဘက်မှ ဖြတ်၍သွားလာနေခြင်းဖြစ်ရာ အစတွင် ထိုလမ်းမှ ဆိုင်ကယ်ဖြင့်ပြေးဆွဲသူများကို မြစ်ကြီးနား-ဗန်မော်သွားလမ်းပေါ်ရှိ ဖရဲသီးစိုက်ခင်းများမှ ဖရဲသီးများကို ခြံပိုင်ရှင်များက တရုတ်ပြည်သို့ ဖရဲသီးတင်သွင်းခွင့် တောင်းထားကာ ထိုအရေးအခင်းကြောင့် နားလည်မှုဖြင့် ပြေးဆွဲခွင့်ပေးထားခြင်းဖြစ်သည်။

သို့သော် ယခုချိန် ဖရဲသီး တင်သွင်းခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်သော်လည်း ဆိုင်ကယ်ပြေးဆွဲသူများသာမက ကားပြေးဆွဲသူများလည်း သွားလာနေပြီဟု လိုင်ဇာ ဒေသခံများကပြောသည်။

ထို့ပြင် ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို မတ်လပိုင်းမှ တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ထိုလမ်းကို ဧပြီလကုန်ပိုင်းအတွင်း ပြန်လည်ပိတ်ပင်လိုက်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ပိတ်ပင်ခြင်းမရှိပဲ ယခင်ကထက် ကားသွားလာမှုများ ပိုမိုများလာကြောင်း ကားပြေးဆွဲနေသော အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

“ပိတ်တာမဟုတ်ဘူး။ သူတို့စစ်တပ်လုံခြုံရေး နည်းနည်ယူတာဟုတ်တယ်တဲ့။ တရားဥပဒေနဲ့ မညှိစွန်းတဲ့ ပစ္စည်းတွေမပါရင်တော့ ကောင်းကောင်းဖြတ်ခိုင်းတယ်။ အရင်ကလိုမဟုတ်တော့ဘူး။ ပြောဆိုဆက်ဆံတာတွေ ရိုရိုသေသေတော့ ဆက်ဆံပါတယ်။ မဆိုးပါဘူး။ အဆင်ပြောပါတယ်” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

မြစ်ကြီးနားမှ နမ်ဆန်ယန် ထိ ကားခ ကျပ် ၁၀၀၀၀ ဖြင့်ပို့ဆောင်နေပြီး နမ်ဆန်ယန်မှ လိုင်ဇာထိ ကျပ် ၃၀၀၀ ဖြင့် ပို့ဆောင်ပေးနေကြောင်း သိသည်။

အစိုးရမှ ခရီးသည်များကို ကောင်းမွန်စွာဆက်ဆံမှုများ ပြုလုပ်လာခြင်းသည် ပြည်သူလူထုများကို စည်းရုံးရေးပြုလုပ်သည့်သဘောဟု မြင်ရပြီး ရှေ့ဆက် ဆက်သွယ်ရေး လမ်းကြောင်း ပိုမိုကောင်းမွန်လာရန်မှာလည်း နိုင်ငံရေးဆွေးနွေးမှုများအပေါ် အဓိကမူတည်မည်ဖြစ်ကြောင်း အထက်ပါကားပြေးဆွဲသူက ပြောသည်။

လိုင်ဇာ-မြစ်ကြီးနားကားလမ်းကို ၂၀၁၁ ခုနှစ်၊ ဇွန်လ အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်တပ်ဖွဲ့ (KIA) တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ လုံခြုံရေးအရ ယာဉ်များ သွားလာမှုရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ဤသို့ဖြင့် တနှစ်ကျော်ကြာပိတ်ထားခဲ့သော ဗန်းမော်-မြစ်ကြီးနားကားလမ်းကိုလည်း ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့မှစ၍ လမ်းဖွင့်ပေးခဲ့ပြီး ဒေသခံများသွားလာနေပြီဖြစ်သည်။

No comments: