Tuesday, May 7, 2013

မွတ်စလင်အခွင့်အရေးအတွက် လုပ်ပေးမယ်လို့သမ္မတပြော

ABC

မြန်မာနိုင်ငံအနောက်ပိုင်း ​ရခိုင်ပြည်နယ်မှာရှိတဲ့ ​မွတ်စလင်တွေရဲ့ ​အခြေခံအခွင့်အရေးကို ​စောင့်ရှောက်သွားမှာဖြစ်တဲ့အကြောင်း ​သမ္မတဦးသိန်းစိန်က ​ကတိကဝတ်ပြုလိုက်တယ်လို့ ​သိရပါတယ်။

၂၀၁၂ ​ခုနှစ်က ​ရခိုင်ပြည်နယ်အတွင်းမှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုတွေနဲ့ ​ပတ်သက်ပြီး ​ပြီးခဲ့တဲ့တစ်ပတ်ကပဲ ​အစီရင်ခံစာ ​ထွက်ပေါ်ခဲ့အပြီးနောက် ​မနေ့က ​မိန့်ခွန်းပြောရာမှာ ​ခုလို ​ပြောလိုက်တာဖြစ်ပါတယ်။ ​မြန်မာနိုင်ငံမှာ ​ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ​ဦးတည်ဖို့ကိုလည်း ​သမ္မတဦးသိန်းစိန်က ​ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ​ပတ်သက်ပြီး ​မွတ်စလင်တွေရဲ့ ​အခြေခံအခွင့်အရေးတွေကို ​စောင့်ရှောက်သွားဖို့ဟာ ​အစိုးရအဖွဲ့ရဲ့ ​တာဝန်ဖြစ်သလို ​ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ​ဒေသခံရခိုင်လူမျိုးတွေကိုလည်း ​လစ်လျူရှုထားမှာမဟုတ်ဘူးလို့လည်း ​ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ​မွတ်စလင်ဆန့်ကျင်ရေးအသွင်ဆောင်တဲ့ ​အကြမ်းဖက်မှုတွေ ​ဆက်တိုက်ဖြစ်ခဲ့အပြီးမှာ ​အကြမ်းဖက်မှုတွေမှာ ​ဗုဒ္ဓဘာသာ ​ဘုန်းတော်ကြီးတွေ ​ပါဝင်ပတ်သက်နေသလို ​ရဲအဖွဲ့တွေကလည်း ​အကြမ်းဖက်မှုတချို့ကို ​တားဆီးဖို့ ​ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ​စွပ်စွဲချက်တွေ ​ရှိနေပါတယ်။

သမ္မတ ​ဦးသိန်းစိန်က ​လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတာကို ​လက်ခံတဲ့အကြောင်း ​ဒီလိုဖြစ်ရတာဟာ ​အရင်ကသုံးခဲ့တဲ့ ​မူဝါဒတွေအရ ​ဖြစ်ခဲ့ရတဲ့အကြောင်း ​ပြောခဲ့ပေမယ့် ​ဘယ်လိုမူဝါဒမျိုးဆိုတာကိုတော့ ​အတိအလင်းပြောတာမရှိဘူးလို့လည်း ​သိရပါတယ်။

ဥပဒေစိုးမိုးရေးနဲ့ ​ငြိမ်းချမ်းရေးရှိဖို့အတွက် ​လုံခြုံရေးအဖွဲ့တွေက ​လုပ်ဆောင်စရာရှိတာတွေကို ​လုပ်ဆောင်ဖို့ကိုလည်း ​သူ့အနေနဲ့ ​တာဝန်ယူသွားဖို့လည်း ​ကတိပြုခဲ့ပါတယ်။

ရခိုင်အရေးအခင်းတွေနဲ့ ​ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ ​ဖွဲ့စည်းထားခဲ့တဲ့ ​ကော်မရှင်ရဲ့ ​အစီရင်ခံစာမှာ ​ရခိုင်ပြည်နယ်ကို ​အထောက်အပံ့တွေ ​တိုးမြှင့်ပေးဖို့နဲ့ ​မုတ်သုန်ဝင်ရောက်ဖို့ ​နီးလာတာနဲ့အမျှ ​ကယ်ဆယ်ရေးစခန်းတွေမှာ ​နေထိုင်နေရသူတွေအတွက် ​ဒုက္ခပိုစရာဖြစ်လာမယ်လို့လည်း ​ပါရှိကြောင်း ​သိရပါတယ်။

No comments: