Monday, May 13, 2013

ဥပဒေပြင်ဖို့ တားဆီးချက်တွေ အရင်ပြင်ရမယ်လို့ ဒေါ်စုပြော

ABC

မြန်မာနိုင်ငံရဲ့ ​လက်ရှိကျင့်သုံးဆဲ ​၂၀၀၈ ​ခုနှစ် ​ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ​ပြင်လို့မရအောင် ​တင်းကျပ်နေတဲ့ ​အရာတွေကို ​အရင်ပြင်ဆင်သွားရမှာ ​ဖြစ်တယ်လို့ ​အတိုက်အခံ ​အမျိုးသားဒီမိုကရေစီပါတီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် ​သောကြာနေ့က ​ကျင်းပခဲ့တဲ့ ​အခြေခံဥပဒေပြင်ဆင်ရေး ​အလုပ်ရုံဆွေးနွေးပွဲအပြီး ​သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ​ဒေါ်အောင်ဆန်းစုကြည်က ​အခုလိုပြောခဲ့တာ ​ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ ​ပြည်သူတွေအားလုံးနဲ့ ​ဆိုင်တာမို့လို့ ​အားလုံးကနေဝိုင်းပြီးတော့ ​စိတ်ဝင်စားကြတယ်၊ ​ပြုပြင်ပြောင်းလဲဖို့လိုတယ် ​ဆိုလို့ရှိရင် ​ပြုပြင်ပြောင်းလဲဖို့လိုကြောင်းကို ​ရဲရဲဝံ့ဝံ့နဲ့ ​ရင်ဆိုင်ရဲကြတယ်ဆိုတာဟာ ​မြန်မာနိုင်ငံအတွက် ​ကောင်းတဲ့အလားအလာဖြစ်တဲ့အကြောင်း၊ ​အဓိကရည်ရွယ်ချက်ကတော့ ​အားနည်းချက်တွေကို ​ပြုပြင်ဖို့ဖြစ်ပြီး၊ ​ဒါဟာ ​အပြစ်ရှာဖို့ ​မဟုတ်တဲ့အကြောင်း၊ ​အဖြေရှာဖို့ ​ဖြစ်တဲ့အကြောင်း ​ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ပါတယ်။

မိမိအမြဲပြောခဲ့သလိုပဲ ​ပြဿနာတစ်ခုကို ​ချဉ်းကပ်တဲ့အခါမှာ ​အပြစ်ရှာချင်တဲ့စိတ်ဓါတ်နဲ့ ​မဟုတ်ပဲနဲ့ ​အဖြေရှာချင်တဲ့စိတ်ဓါတ်နဲ့ ​ချဉ်းကပ်ဖို့ ​လိုတဲ့အကြောင်း၊ ​အခုလုပ်ခဲ့တဲ့ ​အစည်းအဝေးတွေဟာလည်း ​အဖြေရှာချင်ခဲ့စိတ်ဓါတ်နဲ့ ​လုပ်ခဲ့တဲ့အတွက် ​အများကြီးကျေနပ်စရာရှိခဲ့တဲ့အကြောင်း ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောသွားခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲအတွင်းမှာ ​၂၀၀၈ ​ခုနှစ် ​အခြေခံဥပေဒကို ​အသစ်တဖန်ပြန်လည်ရေးဆွဲရင်ကောင်းမလား ​ဒါမှမဟုတ် ​လက်ရှိအခြေခံဥပဒေထဲက ​အစိတ်အပိုင်းတချို့ကို ​ပြင်ဆင်တာက ​ကောင်းမလားဆိုတာတွေကို ​ဆွေးနွေးခဲ့တဲ့အကြောင်း ​ဒေါ်အောင်ဆန်းစုကြည်က ​Eleven ​ကို ​ပြောခဲ့ကြောင်းလည်း ​သိရပါတယ်။ ​၃ ​ရက်ကြာကျင်းပခဲ့တဲ့ ​အလုပ်ရုံဆွေးနွေးပွဲမှာ ​သြစတြေးလျနိုင်ငံက ​ပါလီမန်အမတ် ​Janelle ​Saffin ​လည်း ​ပါဝင်ခဲ့တယ်လို့ ​သိရပါတယ်။

No comments: