Friday, May 17, 2013

မြန်မာမှာရင်းနှီးမြုပ်နှံဖို့ စောသေးလို့ဆို

ABC

မြန်မာနိုင်ငံဟာ ​သဘာဝရင်းမြစ်ကြွယ်ဝသောနိုင်ငံပေါင်း ​၅၈ ​နိုင်ငံထဲက ​အရင်းအမြစ် ​ စီမံခန့်ခွဲမှုအဆင့်အနှိမ့်ဆုံးထဲမှာရှိတဲ့အတွက် ​မြန်မာနိုင်ငံထဲကို ​ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ​စောသေးတယ်လို့ ​ရွှေဂက်စ် ​လှုပ်ရှားမှုအဖွဲ့က ​ပြောပါတယ်။

မနေ့က ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​“အရင်းအမြစ် ​စီမံခန့်ခွဲမှု ​အနှိမ့်ဆုံး ​အဆင့်ရှိနေတဲ့ ​မြန်မာနိုင်ငံ ​သယံဇာတ ​အခွန်ဘဏ္ဍာစောင့်ကြည့်ရေးအဖွဲ့” ​ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ​မြန်မာနိုင်ငံရဲ့ ​သဘာဝ ​သယံဇာတ ​တွေကို ​စောင့်ကြည့်လေ့လာနေတဲ့ ​ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ​ကျင်းပပြုလုပ်တဲ့ ​သတင်းစာရှင်းလင်းပွဲမှာ ​ပြောခဲ့တာဖြစ်ပါတယ်။

အခုလို ​ရင်းနှီးမြုပ်နှံမှုတွေ ​ပြုလုပ်ဖို့ ​စောနေသေးတယ်လို့ ​ပြောရခြင်းဟာ ​မြန်မာနိုင်ငံမှာ ​ကြီးမားများပြားတဲ့ ​ငွေကြေးတွေကို ​ပွင့်လင်းမြင်သာစွာနဲ့ ​ရေရှည်တည်တံ့ခိုင်မြဲမှုကို ​ဦးတည်တဲ့ ​စီမံခန့်ခွဲနိုင်မှု ​မရှိသေးတဲ့ကာလ ​အတွက်ကြောင့် ​ဖြစ်တယ်လို့ ​ဆိုပါတယ်။ ​ပြီးတော့ ​အခုအချိန် ​ရင်းနှီးမြုပ်နှံမှုတွေဟာ ​ဒေသခံ ​ရွာသူ ​ရွာသားတွေနဲ့ ​နိုင်ငံသားတွေအပေါ် ​အကျိုးအမြတ် ​မရှိသေးတာဖြစ်တဲ့အကြောင်း ​ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့က ​ဒါရိုက်တာ ​ဦးဝင်းအောင် ​က ​ပြောဆိုပါတယ်။

“ရင်းနှီးမြုပ်နှံမှုတွေ ​သယံဇာတက ​ရရှိတဲ့အကျိုးအမြတ်တွေက ​ကျနော်တို့ ​ဒီဒေသခံတွေအပေါ်မှာ ​ထိထိရောက်ရောက် ​အကျိုးအမြတ် ​ဖြစ်ထွန်းတာမျိုးတွေ ​မရှိခဲ့ရဘူး။ ​ဒေသခံတွေ ​နိုင်ငံသားတွေ ​အကျိုးခံစားပိုင်ခွင့်တွေ ​ရရှိဖို့အတွက်လည်း ​ကျနော်တို့အနေနဲ့ ​အကောင်အထည် ​ဖော်ဖို့ ​လိုအပ်ပါတယ်။ ​လက်ရှိ ​ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ​စီမံကိန်းတွေမှာဖြစ်နေတဲ့ ​ပြသနာတွေဖြစ်တဲ့ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေ ​သဘာဝ ​ပတ်ဝန်းကျင် ​ပျက်စီးမှုတွေ ​သတင်းအချက်အလက်တွေ ​ထုတ်ပြန်မှုမရှိတဲ့ ​အပိုင်းတွေ၊ ​အစိုးရ ​ဌာနတွေမှာ ​သတ်သတ်မှတ်မှတ် ​ပေါ်လစီတွေက ​မူဝါဒတွေက ​အလုပ်မလုပ်တဲ့ ​ဟာတွေ ​အကောင်အထည်ဖော်မှု ​အားနည်းနေတဲ့ ​အပိုင်းတွေက ​ကြည့်ခြင်းအားဖြင့် ​ရင်းနှီးမြုပ်နှံမှုတွေက ​နိုင်ငံသားတွေအပေါ်မှာ ​တစ်စုံတစ်ခုထိ ​အကျိုးအမြတ် ​ရှိမှာမဟုတ်သေးဘူး”


ရင်းနှီးမြုပ်နှံမှုနဲ့ ​သဘာဝသယံဇာတ ​ရှာဖွေတူးဖော်ရေး ​လုပ်ငန်းတွေအတွက် ​လက်ရှိ ​တရားဥပဒေ ​မူဘောင်တွေနဲ့ ​ပတ်သက်လို့လည်း ​အားနည်းမှုတွေ ​အများကြီး ​ရှိနေသေးဘူးလို့လည်း ​တိုင်းရင်းသားလူမှု ​အသိုင်းအ၀ိုင်း ​ဖွံ့ဖြိုးရေး ​ဖော်ရမ် ​အဖွဲ့မှ ​စိုင်းခေးဆိုင် ​က ​သတင်းထောက်တွေကို ​အခုလို ​ပြောပါတယ်။

“ပစ္စည်းဥစ္စာပိုင်ဆိုင်တဲ့ ​ဥပဒေရယ်၊ ​နောက်ပြီးတော့ ​လယ်ယာမြေပိုင်ဆိုင်တဲ့ ​ဥပဒေက ​မရှိဘူး။ ​ပရောဂျက်တွေက ​ဘယ်လောက်အတိုင်းအတာထိ ​နိုင်ငံတော်ကို ​အကျိုးပြုလဲ ​ဆိုတဲ့ဟာကို ​ပြန်ကြည့်လို့ရှိရင် ​ထုတ်ထားတဲ့ ​ဥပဒေတွေက ​အားနည်းချက်တွေက ​အများကြီးရှိနေတယ်။”

မြန်မာနိုင်ငံတွင်း ​ဆင်းရဲမွဲတေမှု ​တိုက်ဖျက်ရေးနဲ့ ​ရေရှည်တည်တံ့တဲ့ ​ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ​၀င်ငွေတွေ ​လိုအပ်နေပေမယ့်လည်း ​ထွက်ပေါ်လာတဲ့ ​ညွန်းကိန်းတွေအရ ​မြန်မာနိုင်ငံမှာ ​ဖွဲ့စည်းတည်ဆောက်မှုတွေ ​အားနည်းနေတာတွေ၊ ​အကျင့်ပျက်ခြစားမှုတွေနဲ့ ​ပွင့်လင်းမြင်သာမှု ​တာဝန်ခံမှုတွေ ​မရှိတာကြောင့် ​ရေရှည်တည်တံ့ခိုင်မြဲတဲ့ ​ဖွံ့ဖြိုးမှုနဲ့ ​ဒီမိုကရေစီ ​ပြုပြင်ပြောင်းလဲမှုတွေကို ​အဟန့်အတားဖြစ်စေနိုင်တယ်လို့လည်း ​ဆိုပါတယ်။

အဲဒါတွေကြောင့် ​နိုင်ငံတကာနဲ့ဒေသတွင်းမှာရှိတဲ့အဖွဲ့အစည်းတွေကနေပြီး ​မြန်မာနိုင်ငံတွင်း ​သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းတွေ ​ပွင့်လင်းမြင်သာမှုရှိရေးအတွက် ​ညီညွတ်စွာတောင်းဆိုကြဖို့တိုက်တွန်းထားကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: