Saturday, May 11, 2013

လနားဇွပ်ဂျာ ဒုက္ခသည်စခန်း တွင် သောက်သုံးရေ ခက်ခဲနေ

KNG

ကချင်ပြည်နယ် ဗန်းမော်ခရိုင် တရုတ်နယ်စပ်ရှိ လနားဇွပ်ဂျာ (Lana Zup Ja) ကချင်ဒုက္ခသည်စခန်းတွင် သောက်သုံးရေခက်ခဲမှုပြဿနာ ဆက်လက်ကြုံနေရဆဲ ဖြစ်ကြောင်းသိရသည်။

၎င်းဒုက္ခသည်စခန်းတွင် အိမ်ခြေ ၅၉၆၊ လူဦးရေ ၂၅၉၁ ဦးရှိပြီး ၎င်းတို့သည် ဒုက္ခသည်စခန်းအတွင်းရှိ ရေတွင်း ၃ ခုနှင့် ရေလောင်ကန် ၁ ခုဖြင့်သာ သုံးစွဲနေရကာ ယခုချိန် ရေများခန်းခြောက်သွားသောကြောင့် သောက်သုံးရေ အခက်အခဲ ကြုံနေရသည်ဟု ဒုက္ခသည်စခန်းတွင် ကူညီကြည့်ရှုပေးနေသော မ အမိုင်က ပြောသည်။

ရေများခန်းခြောက်လာခြင်းကြောင့် တောင်ကျချောင်းမှ သွယ်ယူသော ဒုက္ခသည်စခန်းမှ ၁ မိုင်ခန့်ဝေးသော ရေလောင်ကန်မှ ရေကို ၄ ရက်ခန့်စုထားပြီး သုံးစွဲခြင်းများပြုလုပ်သောကြောင့် အနံ့ဆိုးများထွက်သော ရေများကို သုံးစွဲနေရကာ စခန်းအတွင်းရှိ ရေတွင်းမှရေကိုမူ တနေ့လျှင် ၂ ကြိမ်သာ ခပ်ယူသုံးစွဲနေရကြောင်း သိရသည်။

ထိုသို့ရေခက်ခဲမှုကြောင့် ကျန်းမာရေးထိခိုက်မှုများလည်း ရှိလာကြောင်း မ အမိုင်ကပြောသည်။

“ရေလောင်ကန်ထဲကတော့ ၄ ရက်လောက်စုထားပြီး ပြန်ဖွင့်လိုက်တော့ အရမ်းနံတယ်။ ဒါပေမဲ့ရေမရှိတော့ သုံးနေရတာပေါ့။ သောက်ရေကိုတော့ ရေတွင်းကနေ တညလုံးစုထားတာကို မနက်မိုးလင်းတာနဲ့ လုခတ်ယူတော့ ခဏပဲကုန်တယ်။ တနေကုန်ပြန်စုထားတာက ညပိုင်းခတ်ရင်ပြန်ကုန်သွားနဲ့ တချို့က ဆိုင်က တစ်ဗူး နှစ်ဗူး ၀ယ်သုံးနေကြတယ်။ ငွေမရှိတဲ့လူတွေက အရမ်းဝေးတဲ့ ရွာတွေက လိုက်ခတ်ယူကြတယ်။ ရေခက်တော့ ၀မ်းလျှောတာတွေလည်း အရမ်းဖြစ်လာတယ်။”


ကျမ်းမာရေးအတွက် ဆေးဝါးပြတ်လတ်သော အချိန်များလည်း ရှိကြောင်း ဆက်ဆိုသည်။

“ဆေးတွေက မလောက်ဘူး။ တရုတ်ပြည်က နည်းနည်းလာကူညီတာတော့ရှိတယ်။ ဒါပေမဲ့ ဆရာမတွေက တရုတ်စာပြန်မတတ်လို့ တရုတ်ဆေးတော့ တိတ်မသုံးတတ်ဆိုတော့ အင်္ဂလိပ်ဆေးတွေက ပြတ်ပြတ်သွားတယ်။”

လနားဇွပ်ဂျာ ဒုက္ခသည်စခန်းတွင် မေလ ၃ ရက်နေ့ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် ဒုက္ခသသည်များနေအိမ်နှင့် အဆောက်အဦးများ ပျက်စီးသွားခဲ့ကာ အဆောက်အဦးများ ပြန်လည်ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ယခုချိန် ၎င်းဒုက္ခသည်စခန်းတွင် ဂရုဏာအဖွဲ့နှင့် WPN (Wunpawng Ninghtoi) မှ အစားအသောက်များ ကူညီပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှလည်း အချို့ကူညီပေးနေသော်လည်း အကူအညီများ ဆက်လက်လိုအပ်နေကြောင်း သိရသည်။

No comments: