Friday, May 17, 2013

မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသူ ဒုဗိုလ် တဦး ပြန်လွတ်လာ

ဖနိဒါ | သောကြာနေ့၊ မေလ ၁၇ ရက် ၂၀၁၃

မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရသူ ဒုဗိုလ်ညီညီ (ခေါ်) ကိုအောင်ညီလွင် အား မြစ်ကြီးနားမြို့နယ် တရားရုံးမှ ကြာသပတေးနေ့က ပြန်လွှတ်ပေးခဲ့ပြီး ၎င်းအမှုတွဲ ဒဿမတန်း ကျောင်းသား
မောင်ဇော်ဆိုင်းအောင် ကိုမူ ခြောက်လှန့် တောင်းယူမှု ပုဒ်မ ၃၈၄ ဖြင့် ထပ်မံတရားစွဲထားကြောင်း ၎င်း၏ ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ စာ သွားပေးရာမှ ဖမ်းဆီးခံရသူ မောင်ဇော်ဆိုင်းအောင်ကို ဆက်လက် ထိန်းသိမ်း ထားပြီး စာပို့ရာမှာ လိုက်ခဲ့သူ အမှုတွဲ ကိုကို၏ အမွှာညီ ဖြစ်သူ အစိုးရ သစ်တောဌာနမှ ဒုဗိုလ်ညီညီအား ၅ လကြာ ရုံးထုတ် စစ်ဆေးပြီးနောက် ယမန်နေ့က လွတ်မြောက်လာခြင်း ဖြစ်သည်။

“အမှု ၅ လကျော် တရာလိုဘက်ကို စစ်ဆေးပြီးတော့ ကျနော်တို့ဘက်က လျှောက်လဲချက် ပေးတာ စွဲချက်မတင်ဘဲ တရားရှင်လွတ်ပေးတဲ့ သဘောပဲ။ ဇော်ဆိုင်းအောင်ကိုတော့ ဆက်စွဲထားတယ်။ သူက အဲဒီစာမှာ ဘာစာလဲဆိုတာ တကယ်မသိဘူး။ အဲဒါကို သူမသိတာကို လုပ်မိလို့ အပစ်မရှိဘူးဆိုတာ လုပ်ပေးရမယ်” ဟု ရှေ့နေ ဦးဂျီမာခါးကပြောသည်။

မောင်ဇော်ဆိုင်းအောင်အား မူရင်း စွဲဆိုထားသည့် ပုဒ်မ ၁၇(၁) ဖြင့် တရားသေ လွှတ်ပေးလိုက်သော်လည်း ယမန်နေ့က တရားလိုအဖြစ် မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် ရဲလွင်က ပုဒ်မ ၃၈၄ ဖြင့် ထပ်မံစွဲဆိုထား ကာ မြစ်ကြီးနားထောင်တွင် ချုပ်နှောင်ထားသည်သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ ရိုမီးနှင့် ညီအစ်ကိုများ စက်ပစ္စည်းအရောင်း ဆိုင်သို့ မောင်ဇော်ဆိုင်းက KIO ၏စာ သွားပေးစဉ် ဆိုင်ရှင်များက သူခိုးဟု စွပ်စွဲ၍ ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ရာမှ သူနှင့်အတူ ကိုကို၏ညီ ဒုဗိုလ် ညီညီတို့ကို ဖမ်းဆီး၍ ဒီဇင်ဘာလ ၅ ရက်နေ့က မောင်ဇော်ဆိုင်း ၁၇(၁) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဇော်ဆိုင်းနှင့်အတူ လိုက်ပါခဲ့သူ KIO ဝန်ထမ်း ကိုကိုမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

KIO ၏ စာတွင် မည်သည့်အကြောင်းအရာများ ရေးသားထားသည်ကို မောင်ဇော်ဆိုင်အောင်က အမှန်တကယ် မသိရဘဲ သွားရောက် ပေးပို့ခဲ့ခြင်း ဖြစ်၍ အပြစ်မရှိကြောင်းကို ကချင်တရားရေးဆိုင်ရာ အထောက်အကူပြု ကွန်ယက်အဖွဲ့က ဆက်လက် အကျိုးဆောင်ပေးသွားမည် ဖြစ်သည်။

မြစ်ကြီးနားမြို့နယ်အတွင်း မတရားအသင်း ပုဒ်မဖြင့် တရားရင်ဆိုင်ရသူပေါင်း အနည်းဆုံး ၁၀ ဦး ရှိနေပြီး ယင်းအမှုဖြင့် ထောင်ကျခံထားရပြီူသူ ၂၁ ဦး ရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အချို့မှ နိုင်ငံရေးအကျဉ်းသားအချို့ ယနေ့ သောကြာနေ့တွင် လွတ်မြောက်လာကြသော်လည်း မြစ်ကြီးနားထောင်မှမူ တယောက်မှ လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရှေ့နေ ဦးဂျီမာခါးကပြောသည်။

No comments: