Monday, May 20, 2013

အစိုးရ တပ်ဖွဲ့၏ နယ်မြေ စိုးမိုးရေး လှုပ်ရှားမှုသည် အပစ်ရပ်ရေးကို ထိခိုက်နိုင်

ဖြူဖြူကို

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့်အစိုးရ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မိုးပြင်း ကျေးရွာ အုပ်စု ကြည်တော် ကျေးရွာ အနီးတွင် ပြီးခဲ့သည့် မေလ (၁၇) ရက်နေ့ မနက်ပိုင်း၌ ပြင်းထန်စွာ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု RCSS ၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

“ တိုက်ပွဲက (၃) နာရီလောက် ဖြစ်တာ အမှန်ပါဘဲ။ အစိုးရ တပ်တွေက အကြောင်း မကြားဘဲနဲ့ နယ်မြေ စိုးမိုးရေး လုပ်တာကိုးဗျ။ နယ်မြေခံ တပ်တွေနဲ့ ဖြစ်တာပေါ့။ တကယ်တော့ အပစ်အခတ် ရပ်စဉ်တုန်းက ပြောထားပါတယ်။ တိုက်ပွဲဖြစ်နိုင်တဲ့ နေရာတွေကို သွားကြရမယ် ဆိုရင် တဖွဲ့နဲ့တဖွဲ့ အကြောင်းကြားပေါ့ ပြောထားတယ်။ ဒါပေမဲ့ အစိုးရ ဖက်က မလိုက်နာတော့ တိုက်ပွဲတွေ ဖြစ်ကြမှာဘဲ။ အခုလည်းဘဲ ဘယ်တပ်နဲ့ ဖြစ်မှန်းကို မသိတာ” ဟု ဆိုပါသည်။

တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်မှု အခြေအနေကို မသိရသေးသော်လည်း ရွာသား တစ်ဦး သေဆုံးပြီး တစ်ဦး ဒါဏ်ရာ ရခဲ့သည်ဟု ဆိုပါသည်။ အစိုးရ တပ်ဖွဲ့များသည် နယ်မြေ စိုးမိုးရေးကို အကြောင်းပြပြီး RCSS နယ်ထဲ ၀င်လာသည့် အတွက် ပြီးခဲ့သည့် မေလ (၁) ရက်နေ့ မွန်းလွှဲ ပိုင်းတွင် ရှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲမှ သံလွင်မြစ် ထဲရှိ တာပိန် ကူးတို့ဆိပ် အနီး၌ တစ်နာရီခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ဘူးပါသည်။

ဤကဲ့သို့ အစိုးရ တပ်များမှ နယ်မြေ စိုးမိုးရေးကို အကြောင်းပြပြီး RCSS နယ်မြေထဲ ၀င်ပြီး လှုပ်ရှားမှု ရှိခဲ့သလို ရာဇသံပေးပြီး တိုက်ခိုက်မှုလည်း ရှိခဲ့ပါသည်။ ပြီးခဲ့သည့် မေလ (၉) ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းမြို့နယ် နောင်မ ကျေးရွာ အုပ်စုရှိ (RCSS) စခန်းများကို ရာဇသံပေးပြီး တိုက်ခိုက် ခဲ့ပါသည်။ ယင်းတိုက်ပွဲတွင် လက်နက်ကြီး များနှင့် ကျေးရွာထဲသို့ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လူထုကို ငဲ့ညှာသော အားဖြင့် နောက်ဆုံးတွင် စခန်း (၅) ခုစလုံး မှ ဆုတ်ခွာ ပေးခဲ့ရကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

ထို့ပြင် RCSS/SSA ၏ ၄င်းအမှတ် ၇၀၁စစ်ဗျူဟာ စခန်းကို တိုက်ခိုက်ရာတွင် ဒေသခံ ပြည်သူ့စစ်များကို ကျည်ကာ မိုင်းကာ (လူဒိုင်း) အကာအကွယ်မျိုး အသုံးပြု ခဲ့သည်ဟု ဆိုပါသည်။ ဤနည်းဖြင့် အစိုးရ တပ်ဖွဲ့များသည် အကြောင်း အမျိုးမျိုးပြပြီး RCSS ကို တိုက်ခိုက် လာခဲ့ရာ အပစ်အခတ် ရပ်စဲ ထားသော်လည်း အကြိမ် (၆၀) နီးပါးခန့် တိုက်ခိုက် ခဲ့ကြ ပြီးဖြစ်ပါသည်။

မည်သို့ပင် တိုက်ခိုက်နေစေကာမူ RCSS ကိုယ်စားလှယ်များသည် လတ်တလော ဖြစ်ပွားနေသော တိုက်ခိုက်မှု များကို ဖြေရှင်းရန်နှင့် RCSS နှင့် အစိုးရတို့ကြား တရားဝင် ဆွေးနွေးပွဲ ဆက်လက် ကျင်းပရေး ကိစ္စကို ကြိုတင် ညှိနှိုင်းရန် ပြီးခဲ့ သည့် မေလ (၁၈) ရက်နေ့တွင် ရန်ကုန်မြို့ ငြိမ်းချမ်းစင်တာ၌ တွေ့ဆုံးဆွေးနွေး ခဲ့ပါသည်။

အလားတူ ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး ဒုဥက္ကဌ ဦးသိန်းဇော်သည်လည်း ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ တွင် ရှမ်းပြည် မြောက်ပိုင်းရှိ (UWSA၊ SSPP နှင့် မိုင်းလား) အဖွဲ့များကို တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲ၌ အစိုးရနှင့် ဖြစ်ပွားခဲ့သော လတ်တလော တိုက်ခိုက်မှုများနှင့် ဖြစ်ပွားလာခဲ့သော လက်နက်ကိုင် ပဋိပက္ခများသည် ငြိမ်းချမ်းရေး တည်ဆောက်မှုကို ထိခိုက်စေလောက်သော အခြေအနေ မရှိကြောင်းနှင့် ဤပြသနာများသည် လက်အောက် ခံ ပြသနာများသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

ဤကဲ့သို့ သဘောထား နေမှုကြောင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်နေရခြင်း ဖြစ်သည်ဟု အတိုက်အခံများက ဆိုပါသည်။ ကချင်ကို စစ်ရေးအရ လျှော့ချသည့် အချိန်၌ SSPP နှင့် ပလောင်များ ကိုဖိ တိုက်ခြင်း၊ ထို့နည်းတူ SSPP နှင့် RCSS ကို အလှည့်ကျ စစ်ဆင်ခဲ့ခြင်း၊ တိုက်ပွဲများ ပြင်းထန် လာပါက ပြန်လည်တွေ့ ဆုံဆွေးနွေးခြင်း၊ စသည့် လုပ်နည်း လုပ်ဟန် နည်းပရိယာများကို ကျင့်သုံး လာခဲ့ခြင်းဖြစ်ပါသည်။

ထို့အတူ သမ္မတနှင့် စစ်တပ် သဘောထား ကွဲသယောင်ပြပြီး၊ သမ္မတ၏ ဥရောပခရီး၊ အမေရိကန် ခရီးစဉ် ရှိနေသည့် အချိန်အခါမျိုး၌ တိုက်ပွဲများ လျှော့ချပြီး ငြိမ်းချမ်းရေး အလိုရှိဟန်ဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပိုလုပ်ပြနေခြင်းသည်လည်း ပရိယာယ် တခုသာ ဖြစ်ပြီး အားလုံးသည် တမူထဲ၌ သူ့နေရာနှင့်သူ လုပ်ဇတ်ခင်း နေခြင်းသာဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ယူဆ လာနေပါသည်။

No comments: