ABC
မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်အရေအတွက် ၃ သန်းအထိ တိုးပွားလာဖို့ မြန်မာအစိုးရက စီစဉ်ဆောင်ရွက်နေတဲ့အကြောင်း မြန်မာ့အလင်းသတင်းစာကဖေါ်ပြခဲ့ပါတယ်။
နော်ဝေးနိုင်ငံအစိုးရနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ အကူအညီနဲ့ ရေးဆွဲနေတဲ့ ခရီးသွားလုပ်ငန်းမဟာအစီအစဉ်အရ လာမယ့် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃ သန်း လာရောက်လည်ပတ်မှာဖြစ်တဲ့အကြောင်း ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဝန်ကြီး ဦးဌေးအောင်က မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးနိုင်ငံသံအမတ် Katja Nordgaard ကို နေပြည်တော်မှ တွေ့ဆုံစဉ်အတွင်း အကျယ်တဝင့် ရှင်းပြခဲ့တာဖြစ်တယ်လို့ မြန်မာ့အလင်းသတင်းစာက ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသည်အရေအတွက်ထက် ၃ ဆအထိ မြင့်တက်လာဖို့ မြန်မာအစိုးရက မျော်မှန်းနေတာ ဖြစ်ပါတယ်။ အဆိုပါ ခရီးသွားလုပ်ငန်းမဟာအစီအစဉ်ကို အခုနှစ်ကုန်ပိုင်းမှာ နေပြည်တော်မှာ လက်ခံကျင်းပသွားဖို့ရှိနေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ထည့်သွင်းတင်ပြသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
ဝန်ကြီး ဦးဌေးအောင်က အင်းလေးဒေသမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အခြေခံအဆောက်အဦးဖွံ့ဖြိုးရေး အစီအစဉ်တွေလုပ်သွားဖို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားဦးရေတိုးတက်လာတဲ့အကြောင်း ခရီးသွားလုပ်ငန်းအချက်အလက် ထုတ်ဖော်ချက်တွေအရ သိရပါတယ်။ အခုနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပွဲတွေနဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ လက်ခံကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးတို့ကြောင့်လည်း မြန်မာနိုင်ငံကို နိုင်ငံခြားသားအများအပြား လာရောက်ကြဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာဖြစ်တဲ့ ရန်ကုန်မြို့နဲ့ အစိုးရရုံးစိုက်ရာ နေပြည်တော်မြို့တော်မှာသာမက မန္တလေးနဲ့ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တွေအတွင်း၊ ပုဂံဒေသ၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့တွေ၊ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေနဲ့ ရွှေတြိဂံနယ်စပ်ဒေသတွေမှာ ဟိုတယ်တွေတည်ဆောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ လတ်တလောအချိန်အထိ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ တည်ဆောက်ပြီးစီးပြီးသားနဲ့ တည်ဆောက်ဆဲ ဟိုတယ်ပေါင်း ၃၆ ခု ရှိနေတယ်လို့လည်း သိရပါတယ်။
No comments:
Post a Comment