Sunday, May 12, 2013

မုန်တိုင်းအကြို ရခိုင်ပြည် ဒုက္ခသည်များ ပြောင်းရွှေ့

ကြယ်ပြာ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းမှာ ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာနိုင်ကြောင်း အသိပေးချက် ၀င်ရောက်လာခြင်းကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မုန်တိုင်းအန္တရာယ် ကာကွယ်ရေးအတွက် ခရိုင်အဆင့် အရေးပေါ်အစည်းအဝေးတခု ယနေ့ပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့ အစိုးရအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ မိုးလေ၀သနှင့်ဇလဗေဒမှ တာဝန်ရှိသူများ နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များ ပေါင်းစုပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ဒီမုန်တိုင်းကြောင့် ရခိုင်ဒုက္ခသည်စခန်းကလူတွေကို ယာယီစခန်းကနေ အသစ်ဆောက်ထားတဲ့ နေရာအသစ်ပေါ်ကို နက်ဖြန် ပြောင်းပေးတော့မယ်။ ဘင်္ဂါလီတွေကိုတော့ ပြောင်းပေးထားပြီးပါပြီ” ဟု ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူး ဦးကျော်သူစိုးက ပြောသည်။

လူမျိုးရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် အမိုးအကာ အရေးပေါ်လိုအပ်နေသော ဒုက္ခသည် စုစုပေါင်း ၆၉၀၀၀ ရှိပြီး စစ်တွေတွင် ၄၀၀၀၀၊ ပေါက်တောတွင် ၂၀၀၀၀၊ မြေပုံတွင် ၃၉၀၀ တို့သည် မုန်တိုင်းဒဏ် ခံရမည့် လယ်ကွင်းများ၊ ကမ်းခြေများတွင် နေထိုင်နေရသည်ဟု ကုလသမဂ္ဂ လူမှုကယ်ဆယ်ရေးအဖွဲ့ UNOCHA ၏ စာရင်းက ဆိုသည်။

ဒုက္ခသည်များအနေဖြင့် မုန်တိုင်းတိုက်ခတ်ပါက အစိုးရနှင့်မည်သည့် လူမှုရေးအဖွဲ့များမှ မည်သို့ကူညီပေးမည်အား မသိရကြောင်းနှင့် မုန်တိုင်းသတင်းအပေါ်လည်း အမျိုးမျိုးပြောဆိုသံများသာ ကြားနေရကြောင်း ပြောသည်။

“မုန်တိုင်းနဲ့ ပတ်သက်ပြီး ဒီမှာ စီစဉ်ပေးထားတာ မရှိပါဘူး။ အရမ်းကြီးလာရင်လည်း ဘုန်းကြီးကျောင်းမှာ ၀င်နေရမှာဘဲ ” ဟု ကျောက်ဖြူရှိ ရခိုင်ဒုက္ခသည်စခန်း တာဝန်ခံအဖွဲ့ဝင် ဦးမောင်ကျော်နုက ဧရာဝတီသို့ ပြောသည်။

ရခိုင်ကမ်းရိုးတန်းဒေသသို့ မုန်တိုင်းဝင်ရောက်လာနိုင်သောရက်အား တာဝန်ရှိသူတို့ ခန့်မှန်းထားရာတွင် ၁၅ရက်နေ့ ဖြစ်ပြီး ယင်းနေ့မတိုင်ခင် ဒေသခံများအား နေအိမ်အတွင်း အန္တရာယ်ရှိသော ပစ္စည်းများထားရှိခြင်းမပြုရန် သဲအိတ်များ ဆောင်ထားရန် အသိပေးကြေငြာချက်အား မုန်တိုင်းအန္တရာယ်ပညာပေး လက်ကမ်းစာစောင်များ နှင့် တာဝန်ရှိသူများက ယနေ့ညနေမှစ၍ မီးသတ်ကားများဖြင့် လိုက်လံအသိပေး ဝေဌသွားမည်ဖြစ်သည်။

ကျန်းမာရေးနှင့် ပတ်သတ်၍ ကျောက်ဖြူခရိုင်ဆေးရုံတွင် ဆေးဝါးအလုံအလောက် ရှိကြောင်း၊ မုန်တိုင်းဖြစ်ပွားပါက ပျက်စီဆုံးရူံးမည် လူဦးရေနှင့် ပစ္စည်းများအား မှန်ကန်စွာ စာရင်းကောက်ယူထားရန် အစီအစဉ်ဆွဲထားကြောင်း နှင့် မနက်ဖြန်တွင် ကျွန်းများမှ အုပ်ချူပ်ရေးမှူးများအား ခေါ်ယူပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ ရေလမ်းခရီးမထွက်ဖို့နဲ့ ငါးဖမ်းသင်္ဘောတွေ မထွက်ဖို့ကို သတိပေးထားတယ်၊ ခုတောင် စက်လှေတွေ ပြန်ဝင်ကုန်လာပါပြီ ” ဟု ကျောက်ဖြူမြို့နယ် အုပ်ချူပ်ရေးမှူးက ဆိုသည်။

မုန်တိုင်းဝင်ရောက်လာမည့်နေရာမှာ စစ်တကောင်းမြစ်နှင့် နတ်မမြစ်တို့မှ ၀င်ရောက်လာနိုင်ကြောင်း၊ မုန်တိုင်းဖြစ်ပါက ကျောက်ဖြူမြို့အစွန်ရှိ မြစ်နားတန်းရပ်ကွက်၊ သန်ပန်ချောင်းရပ်ကွက်၊ ကုလားပိုက်ဆိပ်ရပ်ကွက်နှင့် ကျွန်းပေါ်မှ ရွာများမှာ မုန်တိုင်းဒဏ်အား အဓိကခံစားရနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ကျောက်ဖြူမြို့မှ ဆိုက်က္ကားဆရာတဦးဖြစ်သူ ကိုသာအောင်က “ ကျနော်ကတော့ ထူးပြီးတော့ မကြောက်ပါဘူး။ မုန်တိုင်းနဲ့ ရခိုင်ဆိုတာက ဖြစ်နေကြပဲ။ ကြေညာထားသလို လေတိုက်နှုန်းကြီးနိုင်သလို၊ မုန်တိုင်းပျက်သွားတာလည်း ဖြစ်နိုင်တာဘဲ ” ဟု သူ၏ အမြင်ကို ပြောသည်။

အမေရိကန်လေတပ်နှင့် ရေတပ်ပူးတွဲထားသော တိုက်ဖုန်းလေ့လာစောင့်ကြည့်ရေး စင်တာ၏ ထုတ်ပြန်ချက်အရ မေလ ၁၅ရက်နေ့ မနက် ၁နာရီခွဲတွင် မြန်မာကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်လာနိုင်ပြီး တနာရီလျှင် ၁၀၃ မိုင်တိုက်ခိုက်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင် အမြင့် ၆ ပေကနေ ၈ ပေဖြစ်လာနိုင်ကြောင်း ကြေငြာထားသည်။ မုန်တိုင်းကို ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)ဟု အမည်ပေးထားပြီး မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၅၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလျက် ဆက်လက်ရွေ့လျားနေသည်။

မုန်တိုင်း၏ အခြေအနေအား အရောင်ဖြင့် သတ်မှတ်ထားပြီး အ၀ါရောင် အဆင့်ဆိုပါက ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ် ပေါ်နေကြောင်း၊ လိမ္မော်ရောင်အဆင့် ဖြစ်လျှင် မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေကြောင်း၊ အနီရောင်အဆင့်တွင် မုန်တိုင်းက ကမ်းရိုးတန်းသို့ ၁၂ နာရီ အကြာတွင် ရောက်ရှိလာမည်ဖြစ်ပြီး အန္တရာယ်ရှိကြောင်း ၊ အညိုရောင်အဆင့်တွင် အန္တရာယ် ကျရောက်နေပြီး မုန်တိုင်းဒဏ် ခံစားနေရပြီဖြစ်ကြောင်း နှင့် အစိမ်းရောင်အဆင့်၌ မုန်တိုင်းဖြတ်ကျော်သွားပြီဟု သတ်မှတ်ထားကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာမှ ထုတ်ဝေလျက်ရှိသည့် မုန်တိုင်းအန္တရာယ်ပညာပေး စာစောင်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ် ဧပြီလက တိုက်ခတ်ခဲ့သော မာလာမုန်တိုင်းကြောင့် လူ ၃၇ ဦးသေဆုံးခဲ့ပြီး ကျပ်သန်းပေါင်း ၁၂၆၄ သန်းဆုံးရူံးခဲ့ရကြောင်း၊ ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် ကျောက်ဖြူခရိုင်တွင် ၂၀၀၇ ခုနှစ် မေလ ၁၁ ရက်နေ့က တိုက်ခတ်ခဲ့သော AKASH မုန်တိုင်းကြောင့် လူ ၁၄ဦးသေဆုံးခဲ့ပြီး ကျပ်သန်း ၅၈၉.၃ သန်းဆုံးရူံးခဲ့ရသည်။

၂၀၀၈ ခုနှစ် မေလ က ၂၊ ၃ ရက်က တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်းမှာ မြန်မာပြည်တွင် အကြီးဆုံးမုန်တိုင်းဖြစ်ခဲ့ပြီး သေဆုံးသူ ၈သောင်းခွဲခန့်၊ ပျောက်ဆုံးသူ ၅သောင်း ၄ထောင်ခန့်၊ ဒဏ်ရာရသူ ၂သောင်းခန့်၊ ကျွဲနွားနှင့် လယ်မြေများ ပျက်ဆီးမှုပါ ထည့်တွက်ပါက စုစုပေါင်း ကျပ် ၁၁.၇ ထရီလီယံ ဆုံးရှုံးခဲ့ရသည်။

အလားတူ ၂၀၁၀ ခုနှစ်က ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကို ဂီရိမုန်တိုင်း ဖြတ်သန်း တိုက်ခတ်ခဲ့သည်။

No comments: