Friday, May 24, 2013

မြန်မာစီးပွားဖွံ့ဖြိုးမှုနှုန်း ပိုမိုတိုးလာဖို့ရှိဟု IMF ပြော

ABC

မြန်မာနိုင်ငံမှာ ​စီးပွားရေးဖွံ့ဖြိုးမှုဟာ ​အသင့်အတင့်အရှိအဟုန်ရနေဖြစ်တဲ့အတွက် ​နောင်မှာဆက်ပြီးဖွံ့ဖြိုးလာဦးမယ်လို့ ​အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ ​IMF ​က ​ခန့်မှန်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​စီးပွားရေးဖွံ့ဖြိုးမှုဟာ ​ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အတွင်းမှာ ​ဖွံ့ဖြိုးမှုနှုန်း ​၆.၅ ​ရာခိုင်နှုန်းရှိခဲ့သလို ​၂၀၁၃ ​- ​၂၀၁၄ ​ဘဏ္ဍာနှစ်မှာ ​၆.၇၅ ​ရာခိုင်နှုန်းထပ်ပြီး ​ကြီးထွားလာမယ်လို့ ​IMF ​က ​မနေ့က ​ခန့်မှန်းချက် ​ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ​မကြာသေးခင်က ​မြန်မာနိုင်ငံကို ​သွားရောက်လေ့လာပြီးနောက်မှာ ​အခုလိုထုတ်ပြန်ခဲ့တာ ​ဖြစ်ပါတယ်။

သဘာဝဓါတ်ငွေ့ရှာဖွေဖေါ်ထုတ်မှုတွေနဲ့ ​တခြားနိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကြောင့် ​စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ​ကြီးထွားလာတာဖြစ်တယ်လို့ ​ဆိုပါတယ်။ ​နိုင်ငံအတွင်း ​ဘဏ္ဍာရေးလိုငွေပြမှုနဲ့ ​နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုကရလာတဲ့အကျိုးအမြတ်ကို ​ချိန်ထိုးနှိုင်းဆကြည့်ရင် ​အကျိုးအမြတ်ဖက်က ​သာလိမ့်မယ်လို့လည်း ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားတွေ ​နဲ့ ​ရင်းနှီးမြုပ်နှံမှုဆိုင်ရာဥပဒေတွေ ​ပြောင်းလဲသတ်မှတ်ခဲ့တာသာမက ​အခွန်တိုးမြှင့်ကောက်ခံမှုတွေကပါ ​ရလာတာတွေကို ​အချိန်ကာလကြာမြင့်စွာ ​လစ်လျူရှုထားခဲ့တဲ့ ​ကျန်းမာရေးနဲ့ ​ပညာရေးကဏ္ဍတွေအတွက် ​သုံးစွဲနိုင်လာမယ်လို့ ​သုံးသပ်မှုတွေ ​ရှိနေပါတယ်။

ပြီးခဲ့တဲ့ ​တစ်ပတ်က ​မြန်မာအစိုးရသတင်းဌာနတွေရဲ့ ​ထုတ်ပြန်ချက်တွေအရ ​ပြည်တွင်းနဲ့ ​နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟာ ​တစ်နှစ်အတွင်းမှာပဲ ​ငါးဆအထိတိုးလာခဲ့တာဖြစ်ပြီး ​၂၀၁၂ ​- ​၂၀၁၃ ​ဘဏ္ဍာနှစ်အတွင်း ​လုပ်ငန်းအမျိုးအစား ​၉၄ ​မျိုးအတွက် ​နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတန်ဖိုး ​ဒေါ်လာသန်း ​၁,၄၀၀ ​(သန်းတစ်ထောင့်လေးရာ) ​ရှိခဲ့တယ်လို့ ​AFP ​သတင်းဌာနက ​ဖေါ်ပြခဲ့ပါတယ်။

လာမယ့်ဘဏ္ဍနှစ်အတွင်းမှာ ​မြန်မာအစိုးရအနေနဲ့ ​ဗဟိုဘဏ်နဲ့ပတ်သက်တဲ့ ​ဥပဒေသတ်မှတ်မှုပြုတာအပါအဝင် ​ဖွံ့ဖြိုးမှုဆိုင်ရာတွေ ​ဆက်လုပ်သွားမယ်လို့ ​မျှော်လင့်တဲ့အကြောင်း ​IMF ​ရဲ့ ​ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ​မြန်မာနိုင်ငံအခြေစိုက်ရုံးခန်း ​မကြာခင်ဖွင့်လှစ်သွားဖို့လည်း ​ရှိနေပြီး ​မြန်မာနိုင်ငံကို ​နည်းပညာဆိုင်ရာအထောက်အပံ့နဲ့ ​အကူအညီတွေဆက်ပေးသွားမယ်လို့လည်း ​ဆိုပါတယ်။

No comments: